24/11/2024
♦️ကိုယ်ဝန်ဆောင်နှင့် အာဟာရ♦️
၁။ ကိုယ်ဝန်ဆောင်မိခင်များတွင် အရေးကြီးသော ဗီတာမင်နှင့် သတ္တုဓာတ်များ
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်မဆောင်ခင်အချိန်ကနေစပြီး ကိုယ်ဝန်ဆောင်နေစဉ်တစ်လျှောက်လုံး ကျန်းမာရေးနဲ့အညီနေထိုင်စားသောက်ဖို့အရေးကြီးပါတယ်။ အာဟာရပြည့်ဝမှသာ ဗိုက်ထဲကသန္ဓေသားလေး ကောင်းစွာကြီးထွားဖွံ့ဖြိုးမှာပါ။
ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ပုံမှန်ထက် တစ်နေ့ကိုကယ်လိုရီ ၃၀၀ လောက်ပိုပြီးလိုအပ်ပါတယ်။ တခြားအာဟာရဓာတ်တွေဖြစ်တဲ့ အသားဓာတ်၊ ဖောလိတ်၊ ကယ်ဆီယမ်၊ ဗီတာမင် D နှင့် ဗီတာမင် B တို့လိုအပ်ချက်လည်းပိုမိုမြင့်မားလာပါတယ်။
ဒါကြောင့် အစာပိုစားဖို့လိုတယ်ဆိုပြီး ကြုံရာကိုစားတာထက် အာဟာရပြည့်ဝတဲ့အစားအစာတွေကို ရွေးချယ်စားသုံးတတ်ဖို့လိုပါတယ်။ အထူးသဖြင့် အစားအသောက်ပျက်တဲ့အချိန်တွေမှာ ပိုပြီးရွေးစားတတ်ဖို့ အရေးကြီးပါတယ်။
✳️✳️✳️ကိုယ်ဝန်ဆောင်မိခင်များအတွက် အရေးကြီးသောအာဟာရဓာတ်များ ✳️✳️✳️
1. ဖောလိတ် (folic acid)
ဖောလိတ်ဆိုတာကတော့ ဗီတာမင် B အမျိုးအစားဖြစ်ပြီး ဆဲလ်တွေကွဲပြားဖို့နဲ့ ကိုယ်အင်္ဂါတွေဖြစ်ပေါ်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သန္ဓေသားရဲ့ ဦးနှောက်နဲ့ spinal cord မှာ ပုံမမှန်တာတွေမဖြစ်အောင်ကာကွယ်ပေးပြီး မိခင်မှာဆိုရင် သွေးအားနည်းရောဂါကို ကာကွယ်ပါတယ်။ ဒါကြောင့် ကလေးယူဖို့အစီအစဉ်ရှိတယ်ဆိုရင် folic acid ကို ကိုယ်ဝန်မဆောင်ခင်ကတည်းက ကြိုသောက်ထားဖို့လိုပြီး ကိုယ်ဝန်ဆောင်ပထမသုံးလပတ်မှာလည်း သောက်ပေးဖို့လိုပါတယ်။
အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ (ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း၊ ကညွတ် စသည်)၊ အသည်း၊ ပဲအခြောက်၊ citrus fruits စတာတွေမှာ folate ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။ folate က အပူနဲ့ထိရင်ပျက်စီးတတ်တဲ့အတွက် ဟင်းသီးဟင်းရွက်တွေကို အရမ်းအကျက်လွန်အောင်မချက်ဖို့ သတိထားရပါမယ်။
2. သံဓာတ်
သွေးနီဆဲလ်တွေဖြစ်ပေါ်ဖို့အတွက် သံဓာတ်ကိုလိုအပ်ပါတယ်။ သံဓာတ်စားသုံးမှုမလုံလောက်ရင် သွေးအားနည်းတတ်ပါတယ်။
အစားအစာတွေထဲမှာ သံဓာတ်ကို heme, non-heme ဆိုပြီး ပုံစံနှစ်မျိုးနဲ့တွေ့ရပါတယ်။ Heme iron ကို ခန္ဓာကိုယ်ကပိုပြီးကောင်းစွာစုပ်ယူနိုင်ပါတယ်။ Heme iron ကို အနီရောင်အသားများ၊ အသဲ၊ ကြက်သားနဲ့ ငါးစတာတွေကနေ ရရှိနိုင်ပါတယ်။ ကြက်ဥအနှစ်၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ သံဓာတ်ထည့်သွင်းထုတ်လုပ်ထားသော ဆီရီယယ်များ၊ အသီးခြောက်နဲ့ အစေ့အဆန်တွေကတော့ non-heme iron ရရှိနိုင်တဲ့အစားအစာအရင်းအမြစ်တွေဖြစ်ပါတယ်။
သံဓာတ်စုပ်ယူမှုအားကောင်းစေဖို့အတွက် သံဓာတ်ကြွယ်ဝသောအစားအစာများကို ဗီတာမင် C ကြွယ်ဝသောအစားအစာများ (သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ)နှင့် တွဲစားပါ။
3. ဗီတာမင် B12
ဗီတာမင် B12 ကို သွေးဖြစ်ပေါ်ဖို့အတွက် လိုအပ်ပါတယ်။ B12 ဓာတ်ကို တိရိစ္ဆာန်မှရတဲ့အစားအစာများဖြစ်တဲ့ အသား၊ ငါး၊ ကြက်သား၊ နို့နှင့် ဥများမှရရှိပါတယ်။ ဒါကြောင့် နို့တွေ ဥတွေပါရှောင်တဲ့ Vegans တွေမှာ B12 အားဆေးသောက်ပေးဖို့လိုအပ်ပါတယ်။
4. Omega-3 Fatty Acids
Omega-3 fatty acids တစ်မျိုးဖြစ်တဲ့ DHA ကို ပင်လယ်ရေနက်ရေအေးထဲမှာနေတဲ့ ငါးတွေမှာတွေ့ရပြီး ဦးနှောက်နှင့်မျက်လုံးဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ လေ့လာမှုတွေအရ ဒီပင်လယ်ရေနက်ရေအေးထဲမှာနေတဲ့ငါးတွေကို စားတဲ့ ကိုယ်ဝန်ဆောင်မိခင်က မွေးလာတဲ့ကလေးတွေက ဒီငါးတွေမစားတဲ့မိခင်က မွေးလာတဲ့ကလေးထက် IQ ပိုမြင့်ပြီး အမြင်အာရုံပိုကောင်းတယ်လို့ဖော်ပြထားပါတယ်။
ဒါပေမယ့်လည်း ပင်လယ်ငါးတွေမှာ သန္ဓေသားရဲ့ အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အဆိပ်ဖြစ်စေနိုင်တဲ့ methylmercury ပါဝင်ပါတယ်။
ဒါကြောင့် အမေရိကန်အစားအသောက်နှင့် ဆေးဝါးအဖွဲ့က ချက်ပြီးသားငါး/အခွံမာငါး တစ်ပတ်ကို အများဆုံး ၃ ခွက် (၁၂ အောင်စ) ထက်ပိုမစားဖို့နဲ့ ငါးမန်း၊ swordfish, king mackerel, tilefish စတဲ့ငါးတွေကို ရှောင်ဖို့ အကြံပြုထားပါတယ်။
တူနာမှာလည်း DHA ကြွယ်ဝစွာပါဝင်ပေမယ့် albacore tuna (အထူးသဖြင့် စည်သွပ်ထားတဲ့ white tuna) တွေမှာ တခြားတူနာတွေထက် methyl mercury (ပြဒါးဓာတ်) ပါဝင်မှုများတဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ albacore tuna ကို တစ်ပတ် တစ်ခွက်ထက်ပိုမစားသင့်ပါဘူး။
DHA ကြွယ်ဝပြီး ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း အန္တရာယ်မဖြစ်စေတဲ့ အစားအစာတွေကတော့ ဆယ်မွန်၊ ဆာဒင်း၊ herring, halibut, canned light tuna စတာတွေဖြစ်ကြပါတယ်။
5. ဗီတာမင် A
ဗီတာမင် A က ဆဲလ်တွေ တစ်သျှူးတွေကြီးထွဦးမှုကို အားပေးပြီး ညဘက်မျက်စိမမြင်ခြင်းကိုကာကွယ်ပေးပါတယ်။ သို့သော်လည်း ကိုယ်ဝန်ဆောင် ပထမ သုံးလပတ်မှဦ ဗီတာမင်အေ အလွန်အကျွံသောက်သုံးခြင်း (တစ်နေ့လျှင် 10,000 IUအထက်) မွေးရာပါချို့ယွင်းမှုတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ပထမသုံးလပတ်မှာ ဗီတာမင် အေ ဆေးသောက်တာထက် အစားအစာကနေရယူသင့်ပါတယ်။ ဗီတာမင် A ကြွယ်ဝတဲ့အစားအစာတွေကတော့ ဥအမျိုးမျိုး၊ နို့၊ အနီရောင်၊ အဝါရောင်ရှိသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ (ဥပမာ- သင်္ဘောသီး၊ သရက်သီး၊ ရွှေဖရုံသီး၊ မုန်လာဥနီ) နှင့် အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ (ဥပမာ- ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း) စတာတွေဖြစ်ပါတယ်။
6. ကယ်ဆီယမ်
မိခင်ရော ကလေးမှာပါ အရိုးနဲ့သွားတွေသန်မာဖို့အတွက် ကယ်ဆီယမ်ဓာတ်ကိုလိုအပ်ပါတယ်။ နို့၊ cheese၊ ဒိန်ချဉ် စတာတွေက ကယ်ဆီယမ်ဓာတ်ကိုပေးစွမ်းနိုင်တဲ့ အကောင်းဆုံးသော အစားအစာတွေဖြစ်ပါတယ်။ ကယ်ဆီယမ်ပါဝင်သောအခြားအစားအစာများမှာ ပဲပြား၊ တို့ဟူး၊ အစိမ်းရင့်ရောင်ဟင်းသီးဟင်းရွက်များ၊ ရုံးပတီသီး၊ အရိုးပါဝါးစားနိုင်သောငါးလေးများ၊ ဆာဒင်း၊ ကယ်ဆီယမ်ဓာတ်ထည့်သွင်းထုတ်လုပ်ထားသောပဲနို့ စသည်တို့ဖြစ်ကြပါတယ်။
7. ဗီတာမင် C
ဗီတာမင် C ကို အရိုး၊ ကြွက်သားနှင့် သွေးကြောများအတွင်း collagen ဖြစ်ပေါ်ဖို့အတွက် လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဗီတာမင် C ရဖို့ဆေးသောက်တာထက် ဗီတာမင် စီကြွယ်ဝတဲ့အစားအစာတွေစားပေးဖို့ အကြံပြုထားပါတယ်။
8. ဗီတာမင် D
ဗီတာမင် D က ကယ်ဆီယမ်စုပ်ယူမှုအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင် D ပါဝင်တဲ့အစားအစာတွေကတော့ ဗီတာမင် ဒီ ထည့်သွင်းထုတ်လုပ်ထားသော နို့များ၊ မာဂျရင်း၊ ဆယ်မွန်၊ ဆာဒင်းကဲ့သို့သော ပင်လယ်ငါးများ စသည်တို့ဖြစ်ကြပါတယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါမှာလည်း ခန္ဓာကိုယ်က ဗီတာမင် ဒီ ကို ထုတ်ပေးနိုင်ပါတယ်။ ဗီတာမင် ဒီ လိုအပ်ချက်ပြည့်ဝဖို့အတွက် တစ်ပတ်နှစ်ကြိမ်ခန့် တစ်ကြိမ်လျှင် (၁၀-၁၅ မိနစ်ခန့်) နေရောင်အောက်မှာနေပေးရင်လုံလောက်ပါတယ်။
Dr. Mya Myo
အာဟာရဆရာဝန်