10/04/2024
Constipation (ဝမ်းချုပ်ခြင်း)
ဒီနေ့မှာ အရမ်းအဖြစ်များတဲ့ ဝမ်းချုပ်ခြင်းအကြောင်းကို ပြောပြပေးသွားပါမယ်။
ဝမ်းချုပ်တယ်လို့ ဘယ်အချိန်သတ်မှတ်ကြမလဲ
လူတစ်ဦးနဲ့ တစ်ဦး ဝမ်းချုပ်တာကို သတ်မှတ်ကြပုံချင်းမတူညီကြပါဘူး။ နိုင်ငံတကာ သတ်မှတ်ချက်အရတော့ တစ်ပတ်တွင် သုံးခါထက်နည်း၍ ဝမ်းသွားပါက ထိုသူမှာ ဝမ်းချုပ်သည်ဟု သတ်မှတ်ပါသည်။ ဝမ်းချုပ်လျင် သင်၏ ဝမ်းမှာမာကျောခြောက်သွေ့နေပါသည်။ ဝမ်းသွားရန်ခက်ခဲသဖြင့် ဝမ်းကို ညှစ်ပြီးသွားနေရခြင်း၊ ဝမ်းသွာချိန်တွင် နာကျင်ခြင်း နှင့် ဝမ်းသွားပြီးပါက ဝမ်းကျန်သကဲ့သို့ ခံစားနေရပါက သင် ဝမ်းချုပ်နေပါပြီ။
ဝမ်းချုပ်တာ ဘယ်လောက်ထိ အဖြစ်များသလဲဆိုရင် အမေရိကန်နိုင်ငံ၏ စစ်တမ်းအရ ဝမ်းချုပ်ခြင်းကြောင့် ဆရာဝန်နှင့် ကုသမှုခံယူရသည့်အရေအတွက်မှာ တစ်နှစ်လျင် 2.5 သန်း (2.5 million) အထိရှိကြောင်း ေလ့လာတွေ့ရှိရပါသည်။
ဘယ်အရာတွေက ဝမ်းချုပ်ခြင်းကို ဖြစ်စေပါသလဲ
ဝမ်းချုပ်ခြင်းကိုဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ နေထိုင်စားသောက်မှုပုံစံနှင့် အများကြီး သက်ဆိုင်ပါသည်။
• အမျှင်ဓာတ်ပါဝင်သော အစားအသောက်ကို လုံလောက်စွာ မစားခြင်း
• နို့၊ cheese နှင့် စည်သွပ်ဘူးများ၊ အသင့်စားသုံးနိုင်သော အစာများကို များစွာ စားသောက်ခြင်း
• ရေကို လုံလုံလောက်လောက်မသောက်ခြင်း
• ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း
• စိတ်ဖိစီးမှု များခြင်း
• ဝမ်းသွားချိန်ပုံမှန်မထားရှိခြင်း
• အိမ်သာ အပြောင်းအလဲ ရှိခြင်း
• ဝမ်းသွားချင်သည့်အချိန်တွင် မသွားဘဲ အောင့်ထားခြင်း တို့ကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။
အချို့သော ဆေးများ ကြောင့်လည်း ဝမ်းချုပ်နိုင်ပါသည်။
• ကိုက်အခဲပျောက်ဆေး ( eg. codeine, NSAID.... )
• စိတ်ရောဂါတွင် အသုံးပြုသောဆေးများ ( eg Tricyclic antideprssant,olanzapine. ..)
• အစာကြေဆေး ( antacids)
• သံဓာတ်အားဆေး (iron pill)
• သွေးပေါင်ကျဆေး ( CCB, beta- blocker)
• အယားသက်သာဆေး ( antihistamine)
• အတက်ကျဆေး ( phenytoin, gabapentin)
• အအန်ပျောက်ဆေး ( ondansetron)
အချို့သောရောဂါများတွင်လည်း ဝမ်းချုပ်နိုင်ပါသည်။
• Colorectal cancer (အူမကြီး ကင်ဆာ )
• Hypothyroid ( thyroid ဟော်မုန်း နည်းခြင်း)
• Hypercalcemia (သွေးတွင်း ကယ်လဆီယံများခြင်း)
• irritable bowel syndrome (အူလမ်းကြောင်းလှုပ်ရှားမှု မမှန်ခြင်း)
• ဦးနှောက် အာရုံကြောဆိုင်ရာရောဂါများ ( stroke, Parkinson disease, spinal cord injury)
အသက်ကြီးသူများ၊ ကိုယ်ဝန်ဆောင်သည်များနှင့် ဝမ်းပျော့ဆေးကိုများစွာ သုံးစွဲသူများတွင်လည်း ဝမ်းချုပ်နိုင်ပါသည်။
ဝမ်းချုပ်ခြင်းကြောင့် နောက်ဆက်တွဲ ဖြစ်နိုင်သည့်ဆိုးကျိုးများ
• Haemorroids ( လိပ်ခေါင်း)
• A**l fissures ( စအိုဝ ကွဲခြင်း)
• F***l impaction (စမျဥ်းတုံး ခံခြင်း)
• Stress urinary incontinence (ဝမ်းကြာရှည် ညှစ်ခြင်းကြောင့် ကြွက်သားများထိခိုက်ပြီး ဆီးအိမ်မှ ဆီးထွက်ကျခြင်း) တို့ ဖြစ်နိုင်ပါသည်။
ဝမ်းမချုပ်အောင် ဘာတွေလုပ်ရမလဲ
• ရေကို တစ်ရက်တွင် ပုံမှန်သောက်နေကျထက် 2 ခွက်မှ 4 ခွက်ထိ ပိုသောက်ပါ
• ကော်ဖီ၊ အချိုရည်၊ အရက်သောက်ခြင်းမှရှောင်ရှားပါ
• အသီးအနှံ၊ အစေ့အဆံ နှင့် အမျင်ဓာတ်များသော အစာများကို နေ့စဥ်စားပါ။ အဆီများသော အစားအသောက်များကိုရှောင်ပါ
• လေ့ကျင့်ခန်းပုံမှန်လုပ်ပါ
• ဝမ်းသွားချိန်ကို သတ်မှတ်ပြီး အချိန်မှန်လေ့ကျင့်ကြည့်ပါ၊ စောင့်ကြောင့်ထိုင်သည့် အနေအထားက ဝမ်းသွားရလွယ်ကူစေပါသည်။
• ဝမ်းသွားချင်သည့်အချိန်တွင် အချိန်မဆိုင်းဘဲ ချက်ချင်းဝမ်းထသွားရန် လိုအပ်ပါသည်။
• လိုအပ်ပါက တခါတရံတွင် ဝမ်းပျော့ဆေးသုံးစွဲနိုင်ပါသည်။ မလိုအပ်ဘဲ မသောက်ပါနှင့်၊ ဝမ်းပျော့ဆေးကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ နှစ်ပတ်ထက်ပို မသောက်သင့်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နှင့်တိုင်ပင် ပြသသင့်ပါသလဲ
• အရင်က ဝမ်းချုပ်လေ့မရှိဘဲ ယခုမှ ဝမ်းချုပ်ခြင်းကို စတင်ခံစားရပါက
• ဝမ်းထဲတွင် သွေးပါလာပါက
• ကိုယ်အလေးချိန် ကျလာပါက
• ဝမ်းသွားလျင် ပြင်းထန်သော နာကျင်မှုကို ခံစားရပါက
• ဝမ်းချုပ်ခြင်းမှာ နှစ်ပတ်ထက် ပိုကြာလာပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပြီး လိုအပ်ပါက သွေးစစ်ခြင်း၊ ဝမ်းစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ အူလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း နှင့် ထိရောက်သောကုသမှုကို အချိန်မှီ ရယူရန်အရေးကြီးပါသည်။
ကျွန်မတို့ မြန်မာစကားပုံ ဝမ်းတစ်လုံးကောင်းလျင် ခေါင်းမခဲ ဟုဆိုသည့်အတိုင်း ဝမ်းပုံမှန်သွားပြီး ကျန်းမာပျော်ရွှင်သော ဘဝကို ရရှိနိုင်ကြစေရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ရပါသည်။