29/03/2023
အိပ်ကြမယ်ဟေ့ ကောင်းကောင်း။...............................................
အလုပ်ကြောင့်ဖြစ်တဲ့ အိပ်စက်ခြင်းပြဿနာ
ညဘက်လုပ်ရတဲ့အလုပ်၊ ညဆိုင်းအလုပ်တွေကြောင့် အိပ်ချိန်ပုံမှန်မရှိတော့ ဒီအိပ်စက်ခြင်းပြဿနာကို ကြုံရတတ်တယ်။ တစ်ခါတလေဆိုရင်တော့ ကိစ္စမရှိဘူး။ ခဏနဲ့ ပြန်အဆင်ပြေသွားတတ်တယ်။ နောက်ပြီး တချို့က ကလေးကိုနို့ထထတိုက်ရလို့ ညအိပ်ရေးပျက်တာအပြင် ဆရာဝန်၊ သူနာပြုတွေဆိုရင်လည်း Night Dutyကျလိုက် Day Dutyကျလိုက်ဆိုတော့ အိပ်စက်ခြင်းမှာ အခက်အခဲရှိတတ်တယ်။ နောက်တစ်ခုက အနောက်တိုင်းနိုင်ငံတွေကို သွားတဲ့အခါ အချိန်(Time Zone) တွေမတူလို့ အိပ်ရတာကိုးလိုးကန့်လန့်တွေ ဖြစ်သွားတတ်တယ်။ အဲဒီတခါ ပုံမှန်အိပ်တာမျိုးဖြစ်အောင် လုပ်ရတာနည်းနည်းတော့ ခက်တယ်။ နှိုးစက်တွေ ဘာတွေ ပေးပြီး ကိုယ့်အိပ်ချိန်ပုံမှန်ဖြစ်အောင်၊ စောစောအိပ်တာ၊ စောစောနိုးတာမျိုး မဖြစ်အောင် အိပ်ချိန်ပြန်ပြင်ရတယ်။ ဥပမာ- ၁၀နာရီမထိုးခင် မအိပ်သေးဘူးဆိုရင် လုပ်စရာရှိတာလုပ်၊ ၁၀နာရီထိုးတာနဲ့ အိပ်ရာဝင်၊ မနက် ၆နာရီထ၊ ဒီလိုမျိုးပုံမှနိ အိပ်ချိန်၊ ထချိန်ရအောင် တဖြည်းဖြည်းပြန်ကျင့်ရတယ်။ အဲဒီလို လေ့ကျင့်ရင် သိပ်မကြာခင်မှာပဲပုံမှန် ပြန်ဖြစ်သွားတတ်ပါတယ်။
အိပ်ချိန်များလွန်းရင်
အိပ်ချိန်သိပ်များတဲ့သူတွေလည်းရှိတယ်။ နေ့ခင်းဘက်မှာပါ အိပ်နေတဲ့သူတွေရှိတယ်။ နေ့ခင်းဘက် အိပ်ငိုက်နေလို့ ဆရာဝန်နဲ့လာပြတဲ့ သူတွေလည်းရှိတယ်။ တချို့ကတော့ ညက အိပ်ရေးပျက်လို့၊ အိပ်ရေးမဝလို့ နောက်တစ်နေ့ နေ့ခင်းဘက်မှာ အိပ်ငိုက်တာ။ တချို့ကျတော့ ညက အိပ်လျက်သားနဲ့နေ့ခငိးအိပ်ငိုက်နေတဲ့သူတွေလည်းရှိတယ်။ ညကလည်း ကောင်းကောင်း အိပ်ပျော်သားနဲ့ နေ့ခင်းပါအိပ်ငိုက်နေတာ တစ်ပတ်၊ နှစ်ပတ်ရှိပြီဆိုရင် ဆရာဝန်ပြဖို့ လိုပြီ။ ခန္ဓာကိုယ်ရောဂါ တစ်ခုခုကြောင့်လား။ ဥပမာ- ဆီးချိုသွေးချိုရောဂါ Diabetes ၊ ဗိုင်းရပ်စ်ပိုးကူးစက်ခံရတာ Viral infection ကြောင့်လား၊ ဒါမှမဟုတ် သွိုင်းရွိုက်မှာ ပြဿနာရှိလား။ ဒါတွေကြောင့်လည်းဖြစ်တတ်တယ်။
အိပ်ချိန်အများကြီး အိပ်တတ်တဲ့ရောဂါတွေက Necrolepsy ပါ။ Nacrolepsyက Daytime Sleepiness ၊ နေ့ခင်းမှာပါ အိပ်နေတတ်တယ်။ ဒါကလည်း ဆရာဝန်ကိုသေချာပြမှရမယ်။ Nacrolepsy မှာလည်း ပြဿနာလေးတွေရှိတယ်။ စစ်တွေမှာ တာဝန်ကျတုန်းက လူနာ တစ်ယောက် လာပြဖူးတယ်။ ဆေးခန်းမှာ ဆရာဝန်နဲ့ စကားပြောရင်း အိပ်ပျော်သွားတယ်။ နောက်လမ်းလျှောက်နေရင်းနဲ့ အိပ်ပျော်သွားတယ်။
နောက် Cataplexy ဆိုတဲ့ ကြွက်သားတွေကိုရုတ်တရက် ထိန်းလို့ မရဘဲ ပျော့ခွေကျသွားတာရှိတယ်။ အထူးသဖြင့် စိတ်တိုရင်း၊ ရယ်မောရင်း၊ စိတ်လှုပ်ရှားလာရင်းနဲ့ ပျော့ခွေကျသွားတတ်တယ်။ တချို့ကျတော့ အသက်အရွယ်ရလာတော့ ပြန်ကောင်းသွားတတ်တယ်။
နောက်တစ်ခုက Sleep Paralysis ပါ။သူက အိပ်ပျော်ပြီး ပြန်နိုးခါစမှာရုတ်တရက် စကားပြောလို့ မရတော့ဘူး။ လှုက်ရှားဖို့ မရတော့ဘဲပြီးမှ အိပ်ပျော်သွားတယ်။ တချို့ကျတော့ Hallucination ပေါ့။ အိပ်မက်လိုမျိုး ဟိုသံဒီသံကြားတာ၊ ပုံရိပ်တွေမြင်တာမျိုးခံစားရတတ်တယ်။ လှုံ့ဆော်မှုမဲ့ အာရုံရတတ်တယ်။
နောက်တစ်ခုက Auto-Pilot လိုပေါ့။ လုပ်တော့ လုပ်နေတာပဲ။ ဒါပေမယ့် ဘာတွေ လုပ်နေတယ်ဆ်ုတာမမှတ်မိဘူး။ ဒါက အိပ်ပျော်လျက်နဲ့ လုပ်နေမိတာမျိုးပါ။ နောက်ပြီး ညမှာမျက်နှာရှိန်ဖိန်းပြီး နိုးလာတာမျိုးလည်းရှိတတ်တယ်။ ဒီဟာတွေဘာကြောင့်ဖြစ် ရတာလဲ ဆိုတော့ အိုရာစင် (Orexin) ဒါမှမဟုတ် Hypocretin လို့ခေါ်တဲ့ဓာတ်တစ်မျိုးနည်းနေလို့ ဒီလိုဖြစ်ရတယ်လို့ သိရတယ်။ ဒါပေမယ့် ကုသမှုကတော့ ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်ခိုင်းမယ်။ ညဘက်ပုံမှန်အိပ်ချိန်နဲ့ နိုးချိန်မှန်အောင် လေ့ကျင့်ခိုင်းတယ်။ ဒါဆိုရင်တော်တော် များများ အဆင်ပြေပါတယ်။ နောက်ဆေးတွေအနေနဲ့ Modafinil တို့ဘာတို့ ပေးမယ်ဆိုရင် နေ့ခင်းမှာလန်းလန်းဆန်းဆန်း ရှိနေမယ်။ စိတ်ကျရောဂါကုသတဲ့ Clomipramine တို့လို၊ Fluoxetine တို့လို ဆေးတွေပေးရင် Cataplexy က သက်သာပါတယ်။ နောက်ပြီး Oxybate တို့လို ဆေးမျိုးကလည်း နေ့ခင်းမှာ မအိပ်အောင် ကူညီပေးနိုင်ပါတယ်။
ညအိပ်ပျော်ရင်း အသက်ရှူရပ်သွားခြင်း (Sleep Apnoea)
နောက်တစ်ခုက Sleep Apnoea၊ ဒါက Interrupted Sleep ပေါ့။ ညအိပ်ရင်း တစ်ချက်တစ်ချက်မှာ အသက်ရှူတယ ရပ်ရပ်သွားတာတွေ့ဖူးမှာပါ။ တချို့ လူတွေအိပ်ရင် တခေါခေါနဲ့ အကျယ်ကြီး ဟောက်တယ်။ အဲဒီလို ဟောက်ရာကနေ အီးအဲဂီးဂဲနဲ့ဖြစ်လာပြီး ညဘက်အိပ်ရင်း အသက်ရှူရပ်ရပ်သွားတာမျိုးရှိတတ်တယ်။ ဒါက ဘာကြောင့်လဲဆိုရင် အိပ်နေစဉ်မှာ လေပြွန်အပေါ်ပိုင်းက သူ့ဘာသာသူ ပိတ်ပိတ်သွားလို့ အသက်ရှူရပ်သွားတဲ့အချိန်မှာ ရုတ်တရက်ကြီးလန့်နိုးလာသလိုဖြစ်တတ်တယ်။ လန့်နိုးလာတဲ့ အချိန်မှာ ခန္ဓာကိုယ် ခြေလက်တွေက ဆတ်ခနဲဆတ်ခနဲ ဆန့်ထုတ်တာမျိုးတွေလုပ်တတ်တယ်။ တခါခါကျတော့ ခဏတစ်ဖြုတ် နိုးနေတာမျိုးရှိတယ်။ နောက်ပြန်ပြီးတော့ အိပ်ပျော်သွားတတ်တယ်။ အဲဒီလို အိပ်ပျော်သွားရင်လည်း ညမှာတစ်ခါထပ်ပြီးတော့ အသက်ရှူရပ်ရပ်သွားတာ (Sleep Apnoea) က ထထဖြစ်တတ်တယ်။
မနက်အိပ်ရာထရင် အာခြောက်တာတို့၊ ခေါင်းကိုက်တာတို့ ဖြစ်တတ်တယ်။ နောက်ပြီး နုံးခွေသလိုမျိုးခံစားရတတ်တယ်။ နေ့ခင်းမှာအိပ်ငိုက်နေတတ်တယ်။ Sleep Apnoea က အသက်အရွယ်ကြီးလာရင်လည်း ရတတ်တယ်။ ခန္ဓာကိုယ် အလေးချိန်သိပ်များနေရင်လည်း ရတတ်တယ်။ ဆေးလိပ်သောက်တဲ့သူနဲ့ အရက်အရမ်း သောက်တဲ့သူမှာလည်း Sleep Apnoea ရတတ်တယ်။ ဒီလိုပြဿနာဖြစ်တာကို ဖြစ်တဲ့သူက မသိပေမယ့် သူနဲ့ အတူအိပ်တဲ့ အဖော်က သိတယ်။ ကုတာကသိပ်ပြီး ခက်ခက်ခဲခဲကြီး မဟုတ်ဘူး။ ဆေးလိပ်သောက်ရင် ဆေးလိပ်ဖြတ်၊ အရက်သောက်ရင် အရက်ဖြတ်လိုက်၊ ကိုယ် အလေးချိန်ကျအောင်လုပ်ပြီး ကိုယ့် အရပ်နဲ့ လိုက်လျောညီထွေဖြစ်တဲ့ ပုံမှန် အလေးချိန်ထားမယ်။ ပြီးရင်အိပ်တဲ့ အခါ အနေ အထားပြောင်းပြီး အိပ်ရမယ်။ တကယ်လို့ Sleep Apnoea က သိပ်ဆိုးလာပြီးတော့ CPAP Mask (Continuous Positive Airway Pressure Mask) ဆိုတဲ့ လေပြွန်ထဲမှာ လေတွေပုံမှန်ဖိအားဖြစ်နေအောင် စွပ်တဲ့ အစွပ်ကလေး ထပ်ပြီးတော့ နှာခေါင်းကနေ လေပိုက်သွယ်ထားတဲ့ Mask တပ်ထားရတာမျိုးတွေ ရှိတယ်။
အိပ်စက်ခြင်းနဲ့ အခြားပြဿနာများ
နောက် တခြားပြဿနာတွေအနေနဲ့ လူ ၂၀ လောက်မှာ တစ်ယောက်လောက်က ညမှာကြောက်လန့်ပြီး အော်တာမျိုးတွေ လူ၁၀၀ မှာ ၁ ယောက်လောက်က ညမှာ အိပ်ပျော်ရင်းနဲ့ လမ်းထလျှောက်တာမျိုးတွေ ရှိတတ်တယ်။ အဲဒီတော့ ညအိပ်ပျော်ရင်း လမ်းထလျှောက်တာရော၊ ညဘက် လန့်ပြီးအော်တာမျိုးကတော့ ကလေးတွေမှာ ပိုဖြစ်တတ်တယ်။
ညအိပ်ရင်း လမ်းလျှောက်ခြင်း (Sleep Walking)
အိပ်ရင်းနဲ့ လမ်းလျှောက်တာ (Sleep Walking) က တကယ်နှစ်နှစ်ခြိုက်ခြိုက်အိပ်နေရင်း (Deep Sleep) ကနေထလာပြီး လမ်းလျှောက်တာ၊ ရှုပ်ထွေးတဲ့ အလုပ်တွေလုပ်နေတာ (လှေကားတွေ တက်လိုက် ဆင်းလိုက်လုပ်တာမျိုး) ပါ။ ဒါတွေက ကိုယ်နေနေကျ ကိုယ်နဲ့ အသားကျနေကျဆိုတော်သေးတယ်။ တခြားနေရာတွေမှာဆိုရင် ပြုတ်ကျတာမျိုး ဖြစ်တတ်လို့ အန္တရာယ်များတယ်။ တကယ်လို့ အဲဒီအချိန်မှာ တစ်ယောက်ယောက်က နှိုးလိုက်ပြီး ဘာလို့ ဒီနေရာရောက်နေလဲဆို သူကမသိဘူးဖြစ်နေတတ်တယ်။
တခါတရံမှာအိပ်ရင်းနဲ့ လမ်းလျှောက်တတ်တာ အိပ်ရင်းလန့်ပြီး ထထအော်တတ်တာ တွဲပြီးရှိတတ်တယ်။ တကယ်လို့ အိပ်ရတာက ပြတ်တောင်းပြတ်တောင်းဖြစ်သွားတယ်၊ ဒါမှမဟုတ် အိပ်လို့မပျော်ဘူးဆိုရင် အိပ်ရေးပျက်တဲ့ အခါ Sleep Walking က ပိုဖြစ်တတ်တယ်။ အဲဒီလိုအိပ်ရင်း လမ်းလျှောက်တဲ့သူကို မနှိုးဘဲ အသာလေး အိပ်ရာဆီ ပြန်တွဲခေါ်ခဲ့ရင်ရတယ်။ အကယ်၍ သွားနှိုးလိုက်ရင်တော့ လန့်ပြီး ဝူးဝူးဝါးဝါး တွေဖြစ်တတ်တယ်။ အိပ်ရင်း လမ်းလျှောက်ရာက ပြုတ်ကျတာ ဖြစ်နိုင်လို့ ဖြစ်နိုင်ရင် တံခါးတွေ၊ ပြတင်းပေါက်တွေကို သေချာ သော့ခတ်ပြီး ပိတ်ထားသင့်တယ်။ နောက်ချွန်ထက်တဲ့ အရာ (Sharp Objects) တွေ ဥပမာ-ဓါးတွေ ကို သူ့ အနားမှာမထားတာကောင်းတယ်။ သူကအိပ်ပျော်ရင်း လမ်းထလျှောက်ရာကနေ ရှုပ်ရှုပ်ထွေးထွေး အလုပ်တွေပါ လုပ်တတ်ရင် အန္တရာယ်များနိုင်တယ်။
အိပ်ပျော်ရင်း လန့်အော်ခြင်း (Night Terror)
နောက်အိပ်ရင်းနဲ့ လန့်ပြီး ထထအော်တာ (Night Terror) က အိပ်ရင်းနဲ့ လမ်းထလျှေက်တဲ့ရောဂါနဲ့ တွဲပြီးတော့လည်းဖြစ်တတ်တယ်။ သူ့ချည်းလည်း ဖြစ်တတ်တယ်။ သူကလည်း အိပ်ရင်း လမ်းထလျှောက်တဲ့ပုံစံမျိုးပဲ ၊ တကယ်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရာကနေ ရုတ်တရက် နိုးလာပြီးလန့်အော်တာဖြစ်တယ်။ အရမ်းကြောက်လန့်နေမယ်၊ ဒါပေမယ့် အဲဒီလိုလန့်နိုးချိန်မှာ ချော့မော့ပြီးအိပ်ခိုင်းလိုက်ရင် ပြန်အိပ်ပျော်သွားနိုင်တယ်။ ပြန်အိပ်ပျော်တဲ့ အထိ နံဘေးမှာ ထိုင်နေပေးလိုက်ပေါ့။ Night Terror က အိပ်မက်ဆိုးမက်တာ (Nightmares)၊ ထင်ထင်ရှားရှား အိပ်မက်မက်တာမျိုးတွေနဲ့ မတူဘူး။ သူက နောက်တစ်နေ့မှာ ဘာဖြစ်ခဲ့တာကို မသိဘူး၊ မမှတ်မိဘူး။
အိပ်မက်ဆိုးမက်ခြင်း (Nightmares)
Nightmares ဆိုတာက ကြောက်လန့်စရာကောင်းတဲ့ အိပ်မက်တွေမက်တာပေါ့။ ဘယ်အချိန်မှာမက်တတ်လဲဆိုရင် ညဦးပိုင်းမှာ မမက်ဘဲ ညဥ့်နက်ပိုင်း၊ မနက်လင်းပိုင်း အချိန်မှာ မက်တတ်တယ်။ အိပ်မက်ကိုလည်း မှတ်မိတယ်။ တကယ်ဖြစ်ခဲ့သလို ထင်ထင်ရှားရှားကိုမက်တတ်တယ်။ ဘာပဲပြောပြော အဲဒီလို အိပ်မက်ဆိုးမက်တာက အမြဲတမ်းလိုလို ဖြစ်မနေဘူးဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ စိတ်ဖိစီးစရာ၊ စိတ်ဆင်းရဲစရာမျိုးတွေနဲ့ ကြုံလို့ မက်တာမျိုးလည်း ရှိတတ်တယ်။ ငလျင်လှုပ်တာ၊ ရေကြီးတာ ၊ ကားအက်ဆီးဒင့် ဖြစ်တာ၊ လူသေဆုံးတာတွေကြုံတွေ့ပြီးတဲ့ အခါမျိုးတွေမှာ အိပ်မက်ဆိုးတွေမက်တတ်တယ်။ ဒါကလည်း သေချာနှစ်သိမ့်ဆွေးနွေး အကြံပေးတာ (Counselling) လုပ်လိုက်ရင် တော်တော်များများက သက်သာသွားတတ်တယ်။ လိုအပ်ရင် ဆရာ၀န်နဲ့ပြဖို့ လိုပါတယ်။
အိပ်ရေးပျက်စေသော တခြားရောဂါများ
အိပ်ရေးပျက်စေသော အခြားရောဂါများမှာ RLS, Austism နဲ့ RBD တို့ပဲဖြစ်ပါတယ်။ Restless Legs Syndrome (RLS) လို့ခေါ်တဲ့ ရောဂါတစ်မျိုးပါ။ သူကျတော့ ခြေထောက်ထဲမှာ နာကျင်တာ၊ မသက်မသာ ဖြစ်သွားတာမျိုးတွေ ခံစားရတတ်တယ်။ သူက နားနေတဲ့ အချိန်မှာ ပိုခံစားရပြီး အထူးသဖြင့် ညဘက်တွေမှာ ပိုဆိုးတယ်။ သူက ကြာကြာထိုင်နေလို့၊ အိပ်နေလို့ကို မရဘူး။ ခြေထောက်က ဆတ်ခနဲ၊ ဆတ်ခနဲ ဖြစ်သွားတတ်တယ်။ ဒါဟာ လမ်းလျှောက်လိုက်မယ်၊ အကြောဖြေလျှော့လိုက်မယ်ဆိုရင်တော့ သက်သာသွားနိုင်တယ်။ တချို့ကျတော့လည်း ကလေးဘ၀ကတည်းက ဖြစ်တာမျိုး ရှိတယ်။ ဒါက မျိုးရိုးလည်း လိုက်တတ်ပြီး မိသားစု အတွင်းမှာ သူ့အလိုအလျောက်ဖြစ်လာတာလည်း ရှိတယ်။ ကိုယ်၀န်ဆောင်လို့ ဒါမှမဟုတ်ရင် ကိုယ်ခန္ဓာ ရောဂါတစ်ခုခုကြောင့် (ဥပမာ - သံဓာတ်ချို့တဲ့တာ၊ ဗီတာမင် ချို့တဲ့တာ၊ ဆီးချို သွေးချို ရောဂါနဲ့ ကျောက်ကပ် ချို့တဲ့ အားနည်းတဲ့ အခါမှာ) လည်း ဒီရောဂါ လက္ခဏာဖြစ်တတ်တယ်။ ခန္ဓာကိုယ် ရောဂါကြောင့်ဆိုရင်တော့ လိုသလိုကုသရမယ်။ ရောဂါ ဘယ်လောက်ဆိုးရွားနေပြီလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး ကုရပါတယ်။ သိပ်မဆိုးဘူးဆိုရင်တော့ သေချာ ကုသလိုက်ရင် ပျောက်ကင်းပြီး ပြန်အိပ်ပျော်သွားမှာပါ။ အရမ်းဆိုးရင်တော့ ဆေးလိုမှာပေါ့။ ဆရာ၀န်နဲ့ သေချာပြပြီး ကုရမယ်။ Parkinson's Disease မှာ ပေးတဲ့ ဆေးမျိုး ဒါမှမဟုတ်ရင် အတက်ရောဂါကုဆေးတွေ၊ Benzodiazepine ပေးလို့ရတယ်။ နောက် နာကျင်ကိုက်ခဲတာ သက်သာတဲ့ အကိုက်အခဲ ပျောက်ဆေးတွေပေးလို့ရပါတယ်။ ဒါနဲ့မှ မသက်သာဘူးဆိုရင်တော့ စိတ်ကျန်းမာရေး ကို အသေးစိတ် သေချာကုသနိုင်တဲ့ အထူးကု ဆရာ၀န်ကြီးတွေနဲ့ ပြသဖို့ လိုအပ်ပါတယ်။
လူမှုပြောဆိုဆက်ဆံရေး ချို့ယွင်းရောဂါ (Autism)
Autism လို့ခေါ်တဲ့ စိတ်ကျန်းမာရေး ချို့ယွင်းအားနည်းနေတဲ့၊ အပြန်အလှန် ပြောဆိုဆက်ဆံရာမှာ ချို့ယွင်းတဲ့ ကလေးငယ်တွေကလည်း ညဘက်ကို အိပ်ရမယ်လို့ သူတို့ အတွေးထဲမှာ မသတ်မှတ်တဲ့ အတွက် မအိပ်ကြဘူး။ ဒီကလေးတွေကိုလည်း ညအိပ်အောင် အထူးကု ဆရာ၀န်ကြီးတွေနဲ့ ပြသပြီး ကုသမှု ခံယူသင့်တယ်။
REM Sleep Behavioral Disorder (RBD)
REM Sleep Behavioral Disorder (RBD) လို့ခေါ်တဲ့ ရောဂါမှာ မျက်စိအမြန်လှုပ်ရှားနေတဲ့ အိပ်ပျော်ခြင်း အဆင့်မှာပဲ အပြုအမူတွေ မျိုးစုံလုပ်တာရှိတယ်။ တချို့က REM Sleep တစ်နည်းအားဖြင့် Dream Sleep မှာ အိပ်မက်မကချိန် အိပ်မက်ထဲက အတိုင်းလိုက်လုပ်တာပါ။ အိပ်မက်ထဲမှာ လက်သီးထိုးတယ်ဆိုရင် အပြင်မှာလည်း ထိုးလိုက်တယ်။ အိပ်မက်ထဲမှာ ကန်တယ်ဆိုရင် အပြင်မှာ လည်း ကန်လိုက်တယ်။ အော်လိုက်တာတို့၊ အိပ်ရာကနေ ထခုန်တာတို့လည်း ရှိတယ်။ ဒါကို REM Sleep Behavioral Disorder (RBD) လို့ခေါ်တယ်။ ဒီရောဂါမှာက နိုးလာတဲ့အခါ အိပ်မက်ကို ပြန်မှတ်မိတတ်တယ်။ ဒီရောဂါရဲ့ ပြဿနာအကျိုးဆက်ကို အတူအိပ်တဲ့သူက ခံစားရတတ်တယ်။ ရောဂါခံစားရသူက ကန်လိုက်တယ်၊ ထိုးလိုက်တယ်ဆိုရင် အတူအိပ်သူမှာ ဒဏ်ရာရပြီး အန္တရာယ်ရှိတတ်တယ်။ ဒါက Normal REM Sleep မှာ ကြွက်သားတွေ ပြေလျော့ ပျော့ပျောင်းနေရမယ့်အစား အဲဒီလိုမဟုတ်ဘဲ RBD ထဖြစ်တာဖြစ်ပါတယ်။ တစ်ခါတစ်လေမှ ဖြစ်ရင် ကိစ္စမရှိပေမယ့် မကြာမကြာဖြစ်တယ်ဆိုရင်တော့ ဒါဟာ အာရုံကြောနဲ့ပတ်သတ်တဲ့ ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်တယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာ၀န်တွေနဲ့ပြသပြီး ကုသဖို့လိုအပ်ပါတယ်။
အိပ်မပျော်ခြင်းကို ကုသနိုင်မယ့်ဆေးများ
ဆေးတွေနဲ့ ပတ်သတ်ရင်တော့ တော်တော်များများက အိပ်ဆေးတွေကို အချိန်ကြာကြီး နှစ်နဲ့ချီပြီးတော့ သောက်ကြတာမျိုးတွေရှိတယ်။ ပြောရမယ်ဆိုရင်တော့အိပ်ဆေးတွေ အကြာကြီးသောက်လို့မကောင်းဘူး။ သိပ်ပြီးလည်း အကျိုးမရှိဘူး။ အိပ်ဆေးတွေသောက်ပြီး အိပ်ရင်နိုးလာတဲ့အခါ နုံးပြီး စိတ်မကြည်လင်တာ၊ စိတ်တိုတာတွေဖြစ်လေ့ရှိတယ်။ နောက်ပြီး သူတို့ရဲ့ အာနိသင်က လည်း တဖြည်းဖြည်းတိုးတိုး သောက်ရတာ ဖြစ်တတ်တယ်။ ပြီးတော့ အိပ်ဆေးကစွဲတတ်တယ်။ အခု နောက်ပိုင်း အိပ်ဆေးအသစ်တွေပေါ်လာတယ်။ ဆေးအသစ်တွေဖြစ်တဲ့ Zolpidem, Zaliplon, Zopiclone တွေကလည်း ဟိုအရင်က သုံးတဲ့ Diazepam, Nitrazepam ဆေးမျိုလိုပါပဲ။ သူ့မှာလည်း အကြာကြီးသုံးရင် မကောင်းတဲ့ effect တွေရှိတာပါပဲ။ ဒါကြောင့်အိပ်ဆေးတွေက ပြောရမယ်ဆိုရင် အသုံးပြုဖို့လိုရင်တောင်ခဏတစ်ဖြုတ်ပဲ သုံးသင့်တယ်။ သိပ်လိုအပ်တယ်ဆိုရင် သုံးလို့ရပေမယ့်နှစ်ပတ်ထက် ပိုမသုံးသင့်ဘူး။ တကယ့်ကို လုံး၀ကို အိပ်မပျော်ဘူးဖြစ်နေတဲ့၊ ဆိုးရွားတဲ့ အဆင့်မှာပဲသုံးသင့်ပါတယ်။ တကယ်လို့ အိပ်ဆေးတွေသုံးတာ သိပ်ကြာနေပြီ ဆိုရင်တော့ ဆရာ၀န်နဲ့တိုင်ပင်ပြီးတော့ လျှော့ချဖို့၊ ဖြတ်ဖို့ ကြိုးစားတာကောင်းပါတယ်။ အိပ်ဆေးတွေ အရမ်းသုံးတဲ့ တချို့ သူတွေမှာဆိုရင် စိတ်ကျရောဂါကုသဆေးတွေ၊ စိတ်ဓာတ်တက်ကြွစေတဲ့ ဆေးတွေ ပေးဖို့လိုအပ်လာတဲ့ အထိတွေရတယ်။ ဒါကြောင့် အိပ်ဆေး မသောက်ရမနေနိုင်ဖြစ်ပြီး စွဲနေပြီဆိုရင်တော့ ဆရာ၀န်နဲ့ တိုင်ပင်ပြီး အိပ်ဆေးဖြတ်ဖို့ လိုပါတယ်။
နောက်တစ်ခုက ဆရာ၀န်ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်တွေ၊ ကွမ်းယာဆိုင်တွေမှာ အလွယ်တကူ ၀ယ်သောက်လို့ရတဲ့ ဆေးတွေ (Over the Counter Medication) သောက်ကြတာရှိတယ်။ ဥပမာ- Burmeton လို Antihistamine drug တွေပေါ့။ နောက်ပြီး နှာစေး၊ အအေးမိ၊ ချောင်းဆိုးပျောက်ဆေးတွေကလည်း အိပ်ပျော်စေလို့ သောက်ကြတာပေါ့။ ဒါပေမယ့် အဲဒီဆေးတွေက သောက်ပြီး နောက်တစ်နေ့အထိအောင် အိပ်ချင်နေတာ၊ အိပ်ချင်မူးတူး ဖြစ်နေတာတွေ ခံစားရတတ်တယ်။ ဒီဆေးတွေသောက်ရင် ကားမောင်းတဲ့ အခါ၊ စက်ကိရိယာကြီးတွေနဲ့ ကိုင်တွယ်ပြီး အလုပ်လုပ်တဲ့ အခါ အန္တရာယ်ရှိတတ်တယ်။ နောက်ဒီဆေးတွေကလည်း သုံးရင်း၊ သုံးရင်းနဲ့ ဆေး ၁လုံးကနေ ၂ လုံး၊ ၂လုံး ကနေ ၃လုံး တဖြည်းဖြည်း သောက်ရတဲ့ ဆေး ပမာဏတတ်သွားတာတွေ့ရတတ်တယ်။ ဆိုလိုချင်တာက ဘာမီတွန် (Burmeton) လိုဆေးမျိုးတွေကလည်း အကြာကြီးသောက်ရင် မကောင်းပါဘူး။
နောက်ပြီး Valerian တို့လို Herbal Medicine (သစ်ဥ၊ သစ်မြစ်၊ သစ်ဖုတွေကနေ ထုတ်ထားတဲ့ ဆေး) မျိုးက ကောင်းတော့ကောင်းတယ်။ နှစ်ပတ်၊ သုံးပတ်လောက်ထိတော့ မဆိုးပေမယ့်လည်း ဒီထက်ကြာရင်တော့ သောက်လို့ မကောင်းဘူး။ သူကလည်း Antihistamine လိုပဲသောက်ပြီး နောက်တစ်နေ့မှာ အိပ်ချင်မူးတူးဖြစ်တတ်တော့ သတိထားရမယ်။ နောက်ပြီး သွေးကျဆေးတို့၊ အခြားအိပ်ဆေးတို့လိုမျိုး သောက်နေတယ်ဆိုရင် ဒီလိုတိုင်းရင်းဆေးတွေကို အရမ်း မသောက်သင့်ဘူး။
ကောင်းကောင်းအိပ်စက်နိုင်ဖို့
ဒီလိုမျိုး အိပ်တာနဲ့ပတ်သတ်ပြီး ပြဿနာ တွေရှိတယ်ဆိုရင် UK မှာတော့ Nacrolepsy Association တို့၊ National Sleep Foundation တို့၊ British Sleep Apnoea Association & Sleep Council တို့ဆိုပြီးရှိတယ်။ အဲဒါတွေကတော့ ကောင်းကောင်းအိပ်ပျော်အောင် ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုကျင့်ရမယ်ဆိုတာ ကူညီပေးတဲ့ အဖွဲ့အစည်းတွေပါ။ နောက်တစ်ခုက အိပ်စက်တဲ့ ပြဿနာ နဲ့ ပတ်သတ်ပြီး Sleep Disorder Clinic လို့ခေါ်တဲ့ ဆေးခန်းတွေ သက်သက်ရှိတယ်။ အိပ်မပျော်တဲ့သူတွေအတွက် သီးသန့် ဆေးခန်းရှိတဲ့ အပြင် မိသားစု ဆရာ၀န်တွေနဲ့လည်း ပြလို့ရတယ်။ နောက်ကျန်တာကတော့ ဒီလိုအိပ်မပျော်တဲ့ ပြဿနာကို ထိန်းချုပ်နိုင်ဖို့ (Coping) အတွက် ပညာပေးတာကို တိုးချဲ့ပြီး လုပ်နေတာတွေရှိပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာ၀န်ကြီးတွေရဲ့ အကူအညီကိုယူပြီးတော့ အိပ်စက်ခြင်း ပြဿနာတွေကို ကုလို့ရပါတယ်။ အားလုံးပဲ ကောင်းကောင်းမွန်မွန် အိပ်စက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
Credit from
ပါမောက္ခ ဒေါက်တာဦးဉာဏ်ဝင်းကျော်
အတိုင်ပင်ခံ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး
ပါမောက္ခ / ဌာနမှုး စိတ်ကျန်းမာရေးပညာဌာန
Professor Dr. Nyan Win Kyaw
M.B.B.S, DPM, MACTM (Aust),
M.Med.Sc (Psych)
Professor & Head Department of Mental Health,
Senior Consultant Psychiatrist
ဆရာကြီးသည် လူနာများကိုအလွန် ဂရုစိုက် ပြုစုစောင့်ရှောက်သော ဦးနှောက်နှင့်စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးဖြစ်ပါတယ်။
ဆရာကြီး ပါမောက္ခ ဒေါက်တာဉာဏ်ဝင်းကျော်ဟာ ထက်အာရှအထူးကုဆေးခန်းမှာ ဗုဒ္ဓဟူးနေ့ နှင့် စနေနေ့ မနက် 8:00 တွင် အမြဲထိုင်လျက်ရှိပါတယ်။
ထက်အာရှအထူးကုဆေးခန်း
အမှတ် (၃၄၁) ရွှေဘုံသာအထက်လမ်း ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၁ ၂၄၂၄၇၁၊ ၃၇၄၇၃၅၊ ၀၉ ၄၀၃၁၂၄၈၂၄။