Shwe Moe

Shwe Moe Homecare Medical Service

31/12/2023

အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေခင်ဗျ။

#ရွှေမိုး

“စာပိုဒ်ထဲ မှာ အဖြေရှာ (၁)”ရှေ့တစ်ပတ် အင်္ဂါနေ့က ဉာဏ်စမ်း မေးခွန်းလေးဖြစ်တဲ့ စာပိုဒ်ထဲ မှာ အဖြေရှာ အစီအစဉ် (၁) ရဲ့ အဖြေမ...
06/11/2023

“စာပိုဒ်ထဲ မှာ အဖြေရှာ (၁)”

ရှေ့တစ်ပတ် အင်္ဂါနေ့က ဉာဏ်စမ်း မေးခွန်းလေးဖြစ်တဲ့ စာပိုဒ်ထဲ မှာ အဖြေရှာ အစီအစဉ် (၁) ရဲ့ အဖြေမှန်ကတော့

“နံပါတ် (၃) အစာအိမ်ကင်ဆာ” ဖြစ်ပါတယ်ခင်ဗျ၊

အစာအိမ်ကင်ဆာရောဂါဟာ

-အသက်ကြီးတဲ့သူတွေ
- အမျိုးသားတွေ
- A သွေးပိုင်ရှင်တွေ
- အစာအိမ်ကင်ဆာ မျိုးရိုးရှိသူတွေ

ဒီအချက်တွေရှိတိုင်း အစာအိမ်ကင်ဆာ ဖြစ်မှာ မဟုတ်သလို မရှိတိုင်းလည်း မဖြစ်မှာ မဟုတ်ပါဘူးတဲ့။ အထက်ပါ အချက်တွေကတော့ မိမိကိုယ်တိုင် ပြုပြင်ပြောင်းလဲလို့မရပေမယ့် ကြိုတင်ကာကွယ်လို့ရတဲ့ အချက်လေးတွေလည်းရှိပါသေးတယ်။

ဘယ်လိုလူတွေလဲဆိုတော့

- ဆေးလိပ်သောက်တတ်သူတွေ
- အရက်သောက်တတ်သူတွေ
- အကင်၊ အငန်၊ တာရှည်ခံ အစားအသောက်တွေ၊ ready made အစားအသောက် အစားများသူတွေ
- H.pylori ခေါ် အစာအိမ်ပိုးရှိခဲ့ပြီးသားသူတွေ
- အစာအိမ်ရောဂါရှိသူတွေ ဖြစ်ကြပါတယ်။

သူတို့တွေကတော့ကတော့ ပုံမှန်သူတွေနဲ့ ယှဉ်ရင် အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေ ပိုများပါတယ်တဲ့။

“အစာအိမ်ကင်ဆာရဲ့ ရောဂါလက္ခဏာတွေ” ကတော့

(၁) သွေးအားနည်းခြင်း

အစာအိမ်ကင်ဆာရှိသူ တော်တော် များများမှာတွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ကင်ဆာကိုယ်တိုင်ကိုကာ သွေးအားနည်းတတ်တဲ့ အပြင်၊ ကင်ဆာအကျိတ်ကြီး အစာအိမ်ထဲမှာရှိနေတဲ့ အတွက် အစားအသောက်ပျက်လို့လည်း သွေးအားနည်းတတ်ပါတယ်။ ဒါတင်မကသေးပါဘူး၊ အစာအိမ်ကင်ဆာရဲ့ နောက်ဆက်တွဲ သွေးအန်တာ သွေးဝမ်းသွားတာတွေကြောင့်လည်း သွေးအားနည်းတတ်ပါတယ်တဲ့။

(၂) အစာမကျေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း

အစာစားလို့မကောင်းတာ၊ စားမယ်ဆိုတာနဲ့ ခဏလေးနဲ့ ဗိုက်တင်းသွားတာ၊ စားလိုက်ပြီးရင်လည်း ရင်ပြည့်ရင်ကယ်ဖြစ်နေတာမျိုးတွေလည်း အစာအိမ်ကင်ဆာရောဂါသမားတွေမှာ အဖြစ်များကြပါတယ်။

(၃) အစားအသောက်ပျက်ခြင်း၊ ခန္ဓာကိုယ် အလေးချိန်ကျခြင်း

ကင်ဆာဆဲလ်တွေကိုယ်တိုင်က ထုတ်ပေးတဲ့ တချို့ ဟော်မုန်းဓါတ်တွေဟာ အစာစားချင်စိတ်ကို ပျက်ဆီးစေတဲ့ အတွက် အစားအသောက်ပျက်တာမျိုးတွေ နဲ့ ကြာလာတဲ့ အခါ ကိုယ်အလေးချိန်ကျဆင်းလာတတ်ပါတယ်။

(၄) သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း

ကင်ဆာကျိတ်ကိုယ်တိုင်ကနေသွေးထွက်တတ်သလို အစာအိမ်သွေးကြောလေးတွေ ပေါက်လို့လဲ သွေးထွက်တတ်ပါတယ်တဲ့။ အဲ့လိုသွေးအန် သွေးဝမ်းသွားတာဟာ အသက်အန္တရာယ်ရှိသည်ထိ အန္တရာယ်ပေးတတ်တာမို့ သတိထားဖို့လိုပါတယ်တဲ့။

(၅) အခြားလက္ခဏာတွေ

- မူးမောခြင်း၊ ပျို့အန်ခြင်း
- အစာမျိုရခက်ခဲခြင်း
- ဗိုက်နာခြင်း
- ရင်ပူခြင်း စတာတွေလည်း ဖြစ်နိုင်ပါတယ်တဲ့။

ကဲ သူငယ်ချင်းတို့ရေ...

ရှေ့တစ်ပတ်က စာပိုဒ်လေးထဲမှာ အိချစ်ရဲ့ အဖေက ဘယ်အချက်တွေ နဲ့ ကိုက်ညီခဲ့တာလဲ? ပြီးတော့ ဘာရောဂါလက္ခဏာတွေ ပြခဲ့ သလဲ? အဖြေပြန်တိုက်ကြည့်ရအောင်နော် 😊

#မောင်ခမ်း_ဆေး၁

#ရွှေမိုး

“ဟောက်နေမှာကို ကြောက်နေတာလား”သူငယ်ချင်းတို့ရေဘေးက ပါတနာက တခူးခူး တဂဲဂဲနဲ့ ဟောက်နေလို့ အိပ်မရဘူးလား။ ဒါမှမဟုတ် ကိုယ်တိုင်...
03/11/2023

“ဟောက်နေမှာကို ကြောက်နေတာလား”

သူငယ်ချင်းတို့ရေ

ဘေးက ပါတနာက တခူးခူး တဂဲဂဲနဲ့ ဟောက်နေလို့ အိပ်မရဘူးလား။ ဒါမှမဟုတ် ကိုယ်တိုင်ကကော အိပ်လိုက်တိုင်း ဟောက်တတ်လို့ သူများတွေကို အားနာစရာ ဖြစ်နေပြီလား။ စိတ်မပူပါနဲ့တော့နော်။ ဒီတစ်ခါ မင်မင်က ဟောက်တတ်သူတွေအတွက် နည်းလမ်းကောင်းလေးတွေ မျှဝေပေးမှာပါ။ ကဲ ကြည့်လိုက်ရအောင်။

၁။ ဝိတ်ချလိုက်ပါ။

ဟောက်တတ်သူအများစုက ၀တုတ်ကလေးတွေဖြစ်နေကြပါတယ်တဲ့။ ဝိတ်ချလိုက်ခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းမှာ ပိတ်နေတဲ့ အဆီတစ်ရှူးတွေ အဆီပိုတွေကိုလည်း ဖယ်ရှားစေတာမလို့ ဟောက်တာကိုပါ သက်သာစေပါတယ်တဲ့နော်။ ကဲ အခုပဲ exercise တွေလုပ်ကြတော့မယ်ဟုတ် 😉

၂။ ဘေးစောင်းလေး အိပ်ပေးပါ။

ပတ်လက်အိပ်ခြင်းအားဖြင့် မိမိရဲ့လျှာဟာ နောက်ပြန်လန်စေပြီး အသက်ရှူလမ်းကြောင်းကို အနည်းနဲ့ အများဆိုသလို ပိတ်စေတတ်ပါတယ်တဲ့။ ဘေးစောင်း အိပ်ခြင်းအားဖြင့် ဒီလိုမျိုးမရှိတဲ့ အတွက် ဟောက်တာကို သက်သာစေပါတယ်တဲ့။

၃။ ခေါင်းအုံးလေး မြင့်မြင့်အိပ်ပေးပါ။

လေ့လာချက်တွေအရ ခေါင်းအုံးမြင့်လိုက်ခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းပိုပွင့်စေပါတယ်တဲ့။ အနည်းဆုံး ၄ လက်မလောက်အထိ မြင့်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ်တဲ့။

၄။ အိပ်ခါနီး အရက်မသောက်ပါနဲ့။

အရက်သောက်ခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို လျော့ရဲစေပြီး အသက်ရှူလမ်းကြောင်းကို ပိတ်သွားစေနိုင်ပါတယ်တဲ့။ ဒါကြောင့် အိပ်ခါနီး အနည်းဆုံး ၂ နာရီအတွင်း အရက်မသောက်သင့်ပါတဲ့။

၅။ အိပ်ဆေးတွေ မသောက်ပါနဲ့။

တချို့အိပ်ဆေးတွေက အသက်ရှူကြွက်သားတွေကို လျော့ရဲစေပြီး ဟောက်သံထွက်စေပါတယ်တဲ့။ အကယ်၍ အိပ်လို့လည်း မပျော် အိပ်လို့ပျော်ပြန်တော့လည်း ဟောက်သံကြီးနဲ့ စိတ်ညစ်နေရင်တော့ တခြားအိပ်ပျော်စေမဲ့ နည်းလမ်းလေးတွေ၊ ကြွက်သားလျော့ရဲမှုမရှိတဲ့ ဆေးလေးတွေ ပေးကြည့်သင့်ပါတယ်တဲ့။

၆။​ဆေးလိပ်တွေမသောက်ပါနဲ့

ဆေးလိပ်ကလည်း အရက်လိုပါပဲတဲ့။ ဟောက်သံကို ပိုကျယ်စေတာကြောင့် ဟောက်သံပျောက်အောင်ဆေးလိပ်ဖျက်ဖို့ ကြိုးစားကြည့်ပါလားတဲ့။

၇။ တခြားနည်းလမ်းလေးတွေ

- နှာခေါင်းမှာတပ်တဲ့ အဟောက်ပျောက်တဲ့ ပစ္စည်းလေးတွေ (nasal dilator)
- ပါးစပ်မှာ တပ်ရတဲ့ အံစွပ်လေးတွေ (anti-snoring mouth guard)
- CPAP (continuous positive airway pressure) machine အသက်ရှူတာ ကူပေးတဲ့ စက်ကလေးတွေ
- ခွဲစိတ်ကုသတဲ့ နည်းလမ်းလေးတွေ (ပိတ်နေတဲ့ အသက်ရှူလမ်းကြောင်းလေးကို ပွင့်လာအောင် ခွဲစိတ်ပေးတာပါ) စတဲ့ နည်းလမ်းလေးတွေလည်းရှိပါတယ်တဲ့။

သူငယ်ချင်းတို့ရေ အိပ်တာပဲ ဟောက်မှာပေါ့ဆိုပြီး လွယ်လွယ် မတွေးလိုက်ကြပါနဲ့နော်။ ရိုးရိုး ဟောက်တာကနေ အသက်ရှူလမ်းကြောင်းပိတ်စေတဲ့ ရောဂါဖြစ်တဲ့ Obstructive Sleep Apnoea (OSA) ထိဖြစ်နိုင်တာမို့ အသက်အန္တရာယ်ထိပါရှိနိုင်ပါတယ်တဲ့နော်။ ဟောက်တယ်ဆိုတာက အသက်ရှူလမ်းကြောင်းပိတ်တာကို တစ်နည်းတစ်ဖုံ ပြနေတာဖြစ်တဲ့အတွက် ဦးနှောက်ကို အောက်ဆီဂျင် အရောက်နည်းပြီး မနက်ကျ အိပ်ရေးမ၀တာ၊ လန်းလန်းဆန်းဆန်း မဖြစ်တာမျိုးတွေဖြစ်ပြီး ကားမောင်းသမားတွေ၊ စက်ကိရိယာမောင်းရတဲ့ လူတွေအတွက်ဆိုရင် တခြားလူတွေကိုပါ ထိခိုက်စေပါတယ်နော်။ ကဲ ဒီတော့ ဟောက်တာကို ပျောက်ကင်းအောင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းလေးတွေကို စမ်းသပ်ကြည့်ပြီး အိပ်ရေး၀၀အိပ်နိုင်ကြပါစေဗျာ။

#မောင်ခမ်း_ဆေး၁

#ရွှေမိုး

" Vitamin D အကြောင်း ဘာညာတစ်ဖြတ် " 😁မန်ယူပွဲပြီးနောက်တစ်နေ့ ငြိမ်သက်နေသောနံနက်ခင်းလေးမှာ မင်မင်တစ်ယောက် Facebook မသုံးဘဲ...
02/11/2023

" Vitamin D အကြောင်း ဘာညာတစ်ဖြတ် " 😁

မန်ယူပွဲပြီးနောက်တစ်နေ့ ငြိမ်သက်နေသောနံနက်ခင်းလေးမှာ မင်မင်တစ်ယောက် Facebook မသုံးဘဲ ပုန်းရှောင်နေခိုက် 🥴

တီတီတီတီ...တီတီတီတီ...😆

မင်မင် - "​ အေး...သားကြီး​ပြော...​ကျော်ကြီး " 😆

KG - " သားကြီး...ငါဒီတလော နှာစေးချောင်းဆိုခနခနဖြစ်နေလို့ immune ကောင်းအောင် အား​ဆေး​လေး​တစ်ခုခုလောက်သောက်ချင်လို့ "

မင်မင် - "​အေး​သောက်​လေ...​ကောင်းတာပေါ့ ...ဘာအား​ဆေး​သောက်မှာ "

KG - "ပုံမှန်သူများ​တွေ​သောက်​နေကျပါပဲ...vit C တို့ zinc တို့ vit D တို့"

မင်မင် - " vit D?...ဘာလို့ vit D ​သောက်မှာလဲ မင်းအရွယ်နဲ့ ...vit D နည်း​နေလို့လား "

KG - "မသိဘူး​လေ...ငါ့အမကကိုယ်ခံအားအတွက်​ကောင်းတယ်​ဆိုလို့...​သောက်လို့မရဘူးလား"

မင်မင် - "အမ်း...​သောက်လို့မရဘူး​တော့လည်းမဟုတ်ပါဘူး...မင်း​သောက်ချင်​​သောက်ပေါ့...သ​​ဘော 🥴"

KG - " မဟုတ်ဘူး​လေ...မင်းမ​သောက်နဲ့ဆိုလည်း မ​သောက်ဘူး​ပေါ့"

မင်မင် - " အံမယ်...ငါ့ကို​ခေါင်းလာ​ရောင်းပြန်ပြီ...မင်းဘာသာ​ချင့်ချိန်ပြီး​သောက်​ပေါ့...vit D က ဘာလဲဆိုတာ​တော့ ငါသိသ​လောက်နည်းနည်း​ပြောပြ​ပေးမယ်"

​KG - " ​အေးလုပ်ပါကွာ...မင်းကရုပ်​ချောတာပဲ...အားကိုးပါတယ် 😆"

မင်မင် - " အဲ့တာတော့ သူများတွေလည်းပြောကြတယ် 😆 "

Vit D ဆိုတာကအလွယ်​ပြောရင် အဆီမှာ​ပျော်ဝင်တဲ့vitamin၁မျိုးပဲ...ကယ်စီဖရိုလို့လဲ​ခေါ်ကြတယ်
ကိုယ်ခန္ဓာအတွက်​ကောင်းကျိုး​တွေရှိတယ်ကွာ
ငါ​ခေါင်းစဥ်​လေး​တွေနဲ့​ပြောပြမယ်

အရိုး(Bone)

Vit Dကအူကcalciumစုပ်ယူမှုကို​အားကောင်း​စေတယ်ကွာ...အဲ့​တော့ မင်းအရိုး​တွေနဲ့ကြွက်သား​တွေကိုသန်မာ​စေတယ်... မင်းအရိုးကျိုးတာ​တို့ အရိုးပွတာတို့ကိုကာကွယ်​ပေးတယ်
ကြွက်သားကပ်တာ​တွေ အ​ကြောကပ်တာ​တွေကိုလည်းကာကွယ်​ပေးတယ် "

ကိုယ်ခံအား (Immunity)

Vit D ကအသက်ရှူလမ်း​ကြောင်းဆိုင်ရာပိုးဝင်တာတို့ အဆုပ်​ရောင်တာတို့...အခု​ခေါ်​နေကြ နမိုးနီးယား​ပေါ့...အဲ့တာ​တွေကိုကာကွယ်​ပေးတယ်
Vit D ချို့တဲ့ရင် ပိုးဝင်နှုန်းနဲ့ဖျားနာမှုကိုမြင့်တက်​စေတယ်...အဲ့တာ​ကြောင့်​တော်​တော်များများက covidကာလတုန်းက အား​ဆေးအ​နေနဲ့​သောက်ကြတယ်...မင်းအမလို​ပေါ့ 😆

စိတ်ပိုင်းဆိုင်ရာ(Mood)

Vit D ချို့တဲ့ တဲ့သူ​တွေမှာ စိတ်ကျ​ရောဂါအဖြစ်များတတ်တယ်တဲ့ ဘယ်လိုဆက်နွယ်​နေလဲ​တော့ငါလဲ​​သေချာမသိဘူး...ဖတ်ဖူးတာ​ပြောတာ 😆

ကင်ဆာ(cancer)

Vit D က ကင်ဆာ​ရောဂါဖြစ်ပွားနှုန်းကိုကာကွယ်တဲ့အပြင် ကင်ဆာဆဲလ်ပြန့်ပွားနှုန်းကို​လျှော့ချ​ပေး​သေးတယ်...ဆဲလ်​တွေ​ယောင်းယမ်းတာကိုလည်း​လျော့ကျ​စေတယ်

" တခြားကောင်းကျိုးတွေလည်းရှိဦးမာပေါ့
အခုကငါသိသလောက်ပြောပြတာ "

KG - " သားကြီးကလည်း အဲ့တာ​ဆို​သောက်ပြီ​လေ Vit D ကို "

မင်မင် - "​ ​သြော်...တန်​ဆေးလွန်​ဘေး​လေ...​ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိတာ​ပေါ့ "

KG - " ဘာ​ဆိုးကျိုး​တွေလဲ "

မင်မင် - " မင်းက vit D ကိုမလိုပဲ​သောက်မိတာတို့...လိုတာထက်ပို​သောက်မိတာတို့ဆိုရင် ​ဘေးထွက်ဆိုးကျိုး​တွေရှိတယ်ကွာ"

" Vit D က ခန္ဓာကိုယ်ထဲမှာလိုတာထက်ပိုများသွားရင် ​သွေးတွင်း calcium ​တွေများလာပြီး မူး​မောတာ၊အန်တာ၊ကြွက်သား​တွေအားနည်းတာ၊စိတ်ကစဥ်းကလျားဖစ်တာ၊အစားအ​သောက်ပျက်တာ​တွေဖြစ်တတ်တယ် "

" ပြီး​တော့...ဆီးထဲကယ်စီယမ်​တွေပါလာပြီး ဆီးသွားများတာတို့ ​ရေဓါတ်ဆုံးရှုံးတာတို့ဖြစ်တတယ်ကွာ...​ကျောက်ကပ်​ကျောက်တည်တာ​လည်းဖြစ်နိုင်တယ်...အရမ်းဆိုးသွားရင်​တော့ ​ကျောက်ကပ်ပျက်စီးတာအထိပါဖြစ်တတ်တယ်"

" နှလုံးမှာဆိုရင်လည်း ခုနကများ​နေတဲ့ ကယ်စီယမ်ဓါတ်​တွေက နှလုံး​​သွေး​ကြော​တွေမှာပုံပြီး ခဲ​နေတတ်တယ်...ပိုဆိုးလာရင် နှလုံးခါပြီး အသက်ပါ​သေနိုင်တယ်ကွာ "

KG - " ဖလပ်...ဆိုးလှချည်လား "

မင်မင် - " ​အေး မလိုပဲကြပ်ကြပ်​သောက်...ဂိသွားမယ်...မင်းအမလည်း​ပြောလိုက် "

KG - " လိုတာမလိုတာကျ ဘယ်လိုသိမလဲ "

မင်မင် - " ​သြော်...vit D ချို့တဲ့ရင် အရိုးနဲ့ကြွက်သား​တွေအားနည်းလာမယ်၊ ပုံမှန်ထက်ပိုနာကြင်ကိုက်ခဲလာမယ်...အဆစ်အမြစ်​တွေကိုက်ခဲလာမယ်...မောပန်းလွယ်လာမယ်...အစားအသောက်တွေပျက်လာမယ်...စိတ်ဓါတ်ကျသလိုဖစ်လာတတ်တယ်...

အဲ့တာ​တွေက​တော့လက္ခဏာအကြမ်းဖျင်း​တွေ​ပေါ့...အ​ကောင်းဆုံးက​တော့မင်းသွေးစစ်ကြည့်တာအ​ကောင်းဆုံးပဲ...လိုရင်​သောက် မလိုရင် မ​သောက်နဲ့​ပေါ့ "

KG - " vit D ချို့တဲ့တာကို ကြိုတင်ကာကွယ်လို့ရလား "

မင်မင် - " ရတာ​ပေါ့...မင်း​အ​ရေပြားကို မနက်ပိုင်းနေ​ရောင်ခြည်ထိတာကတဆင့် vit D ရနိုင်တယ်

​နောက်ပြီး...Vit D ပါတဲ့ အစားအစာ​တွေစားရင်လည်းရနိုင်တာပဲ...ငါးကြီးဆီတို့၊အမဲသား၊ဆိတ်သားလိုမျိုး အနီ​ရောင်အသား​တွေ၊အသည်း​တွေ၊အရိုးပါဝါးစားလို့ရတဲ့ငါး‌ေသး‌ေသး‌‌ေလး‌ေတွ၊ကြက်ဥအနှစ်​တွေ၊နို့နဲ့ နို့ထွက်ပစ္စည်း​တွေ ဘာ​တွေ..အဲ့တာ​တွေ​ပေါ့...သတ်သတ်လွတ်သမား​​တွေအတွက်ကျ မှိုက​နေရနိုင်တယ်"

"အဲ့တာ​တွေစားလို့ မလုံ​လောက်မှ ​ဆေးကိုထပ်ဖြည့်​သောက်တာပို​ကောင်းတာ​ပေါ့...နို့မို့ဆို ပိုက်ဆံအပိုကုန်တာ​ပေါ့ကွာ "

KG - " ​ဆေးကကျဘယ်လို​သောက်ရမလဲ"

မင်မင် - " မင်း​​သွေးစစ်ကြည့်လို့ လိုအပ်မှဆရာဝန်​ပြော
တဲ့အတိုင်း​သောက်​ပေါ့ကွာ...မင်းကလည်း ရှည်လိုက်တာ "

KG - " ​အေး ..​ကျေးဇူးသားကြီးရာ...ခုလို​ပြောပြတာ "

​မင်မင် - " ​ငါလည်းငါသိသ​​လောက်​ပြောပြတာ...မင်းပိုသိချင်ရင်google​ခေါက်ကွာ...ပြီး​တော့ပါးစပ်နဲ့ပဲတင်မ​နေနဲ့...မုန့်​လေးဘာ​လေးလာဦး "

KG - " မုန့်က​တော့ငါ့ကိုပဲပြန်​ကျွေးလိုက်ပါကွာ...ပီးခဲ့တဲ့အပါတ်က ဘောပွဲကိုက်လိုက်တာ ​ခွေးဖစ်သွားတယ် "

မင်မင် - " ဟက်ဟက်...နည်း​တောင်​သေးတယ်...သူများခြေထောက်တွေယုံပြီးလောင်းမနေနဲ့...ကိုယ့်လက်ကိုယ်ယုံပြီး ဖဲရိုက်...လောင်းချင်ရင်လည်း မန်ယူပဲ​လောင်း 😆😆😆 "

စတာ စတာ 😆...ဒါပဲ

တီတီတီ.........😆


#ရွှေမိုး

“စာပိုဒ်ထဲမှာ အဖြေရှာ (၁)”သူငယ်ချင်းတို့ရေ...ဒီတစ်ခါတော့ မင်မင်တို့ က အပျင်းလည်းပြေ ဗဟုသုတလည်းရအောင် ဉာဏ်စမ်းဂိမ်းလေး တစ...
31/10/2023

“စာပိုဒ်ထဲမှာ အဖြေရှာ (၁)”

သူငယ်ချင်းတို့ရေ...

ဒီတစ်ခါတော့ မင်မင်တို့ က အပျင်းလည်းပြေ ဗဟုသုတလည်းရအောင် ဉာဏ်စမ်းဂိမ်းလေး တစ်ခု စီစဉ်ထားပါတယ်။

ပေးထားတဲ့ စာပိုဒ်လေးကို ဖတ်ကြည့်ပြီး အောက်ဆုံးမှာ မေးထားတဲ့ မေးခွန်းလေးကို ဖြေပေးရမှာပါ။ ဘယ်သူ အမြန်ဆုံးနဲ့ အမှန်ဆုံးဖြေနိုင်မလဲ ကြည့်ကြရအောင် 😊😊😊

(၁)

ည ၉ နာရီ ၁၅ မိနစ်

“အဖေကလည်း ခုထိကိုမပြန်လာသေးဘူး။ ဘယ်ချိန်ရှိနေပြီလဲကော သိရဲ့လားမသိဘူး”

အိချစ် စိတ်ထဲကနေကျိတ်ပြီးရေရွတ်မိသည်။ အိချစ်တို့အိမ်မှာက ပြေးကြည့်မှ ဒီအဖေနဲ့ ဒီသမီးရှိတာ။ မေမေဆုံးပြီး ထဲကဆို ၅ နှစ်တောင်ကျော်ပြီပေါ့။ ဖေဖေက အရင်ကတည်းက သောက်တတ်စားတတ်သည်။ မေမေရှိတုန်းကလည်း မေမေနဲ့ တစ်ကျက်ကျက်။ ညနေကားသိမ်းချိန်ဆို တစ်လမ်းကျော်က ဘီယာဆိုင်မှာ တစ်ခွက်တစ်ဖလားဝင်ဝင်မော့တတ်သည်။ တဖြေးဖြေးကြာတော့ နှစ်ခွက်နှစ်ဖလား။ ခုဆို ဘယ်နခွက်သောက်လို့ ဘယ်နဖလား မော့နေမှန်းကို မသိတော့။ ပြန်လာရင် ယိုင်တိုင်တိုင်။ အဲ့ဘီယာဆိုင်ကလည်း စီးပွားရေးတော်သည်။ အကင်လေးနှင့်တွဲရောင်းတော့ ဖေဖေတို့လို ယမကာသမားတွေအတွက်အကြိုက်။ ဘီယာလေးတစ်ငုံမော့လိုက် အကင်လေးတစ်ဖက်ဝါးလိုက်နဲ့ပေါ့။

ဟော..ပြောရင်းဆိုရင်းပြန်လာပါပြီ။ အိချစ်ရဲ့မွေးသဖခင် ကျေးဇူးရှင်ကြီး။ ထုံးစံအတိုင်း ယိုင်တိုင်တိုင်နဲ့ပေါ့။

“အဖေရယ် ဘယ်ချိန်ရှိနေပြီလဲ။ ခေတ်ကာလကလည်း ကောင်းတာမဟုတ်ဘူး။ စောစောပြန်လာပါဆိုတာကို။ ခု ၉ နာရီတောင်ခွဲတော့မယ်။”

“အေး..ဆို။ နောက်နေပြန်လာမယ် ဟုတ်ပြီလား။ ဒီနေ့က အဖေ့ဘော်ဒါ တစ်ယောက်က ချဲပေါက်လို့တဲ့။ အဲ့ဒါ သူက ဒကာခံမယ်ဆိုလို့ပါသမီးရဲ့။ ဟေး..ဟေး။ မနက်ဖန် စောစော ပြန်လာမယ် ဟုတ်ပြီလား။”

“အဖေ့ပြောရင် ဒီတိုင်းပဲ။ ဒီဘီယာတွေကို မသောက်ပါနဲ့လို့ ခဏခဏပြောတာကို ဘယ်တော့မှ စကားနားမထောင်ဘူး။ ဗိုက်ကလည်းကောင်းတာမဟုတ်ပဲနဲ့။ အစာအိမ်ယောင်လို့ ဟိုနေ့ကပဲ ဆေးခန်းပြေးပြီးဆေးထိုးထားရတာကို။ အသက်လည်း ၆၀ ပြည့်တော့မယ်။ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်မှပေါ့အဖေရဲ့”

“အေ ပါ... အေ ပါ”

နောက်ဆုံးတော့ အိချစ်ပဲ အလျော့ပေးရသည်လေ။ အဖေကတော့ တခေါခေါနဲ့ စက်တော်ခေါ်နေပြီ။ အဖေ့အတွက် နွေးထားတဲ့ ဘဲဥဆီပြန်လေးနဲ့ ပဲနီလေးဟင်းချိုကိုလည်း ကြောင်အိမ်လေးထဲ ပြန်ထည့်ထားလိုက်တော့သည်။ အဖေလည်း ဘယ်နေ့မှ အသိတရားရမလဲ မသိတော့ပါဘူးလေ။

(၂)

“လာပါအဖေရယ်။ ပေကပ်မနေပါနဲ့။ အားဆေးလေးဘာလေးထိုးမှ အမောသက်သာမှာပေါ့။ ခုဆို မောမောနေတာ ဘယ်နရက်တောင်ရှိပြီလဲ။ သမီးလည်း ခွင့်ခဏခဏယူနေရတာ ရုံးမှာ မျက်နှာပူလှပြီ။ ဆေးခန်းလေးသွားအားဆေးလေးထိုးပြီး စားဆေးလေးစားလိုက်ရင်သက်သာမှာကို။ လာပါအဖေရယ် ဒီတစ်ခါသမီးစကားနားထောင်လိုက်။”

အဖေ မောမောနေတာ ကြာပေါ့။ ဒီလိုပဲ လူကြီးဆိုတော့ အမှုမဲ့အမှတ်မဲ့။ အစာစားမကောင်းလို့တဲ့ ထမင်းစားနည်းသွားတာလည်း ရက်ပေါင်းမနည်း။ ပိန်လည်း အတော်လေးပိန်သွားသည်။ လွန်ခဲ့တဲ့ ၃ လလောက်ကဆို ဝဝဖြိုးဖြိုး။ ခုတော့ ၃ ပုံ ၁ ပုံလောက်ကျသွားသည်။ ဒီမနက်လည်း အိမ်သာကအဆင်း ရင်တွေတုန်လာလို့တဲ့ အိပ်ယာထဲမှာ တုံးလုံးလေး။ တနင်္လာနေ့ကဖြစ်နေတော့ ရုံးကလည်း ခွင့်ယူရပြန်ရော။ ဆေးခန်းပြဆိုတာကိုလည်း အပ်ကြောက်လို့ ဆေးထိုးမှာစိုးလို့တဲ့။ မသွား။ ဪ အဖေအဖေ။ လူကသာ ကြည့်တော့ မာသလိုလို။ ကြောက်တတ်လိုက်တာ။

“အေးပါသမီးရယ်၊ အဖေ့ကို မစိုးရိမ်ပါနဲ့၊ လူကြီးဆိုတော့ ဒီလိုပဲပေါ့။ ခဏနားလိုက်ရင်ကောင်းသွားမှာပါ။”

“အဖေကသာ ကောင်းမှာ လူက ဖြူဖက်ဖြူရော်နဲ့။ မရဘူးအဖေ။ ဒီနေ့ဆေးခန်းသွားကိုသွားမှရမယ်။ မဟုတ်ရင် အဖေ့ကို နောက်ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘူး”

နောက်ဆုံးတော့ အဖေအိချစ်ကို အလျော့ပေးလိုက်ပါပြီ။ ဆေးခန်းကို အိချစ်နဲ့ တူတူလိုက်ပြသည်လေ။ ဘယ်ရမလဲ။ ဘီလူးဆိုင်းလည်း တီးသင့် တီးရတာပေါ့။

(၃)

“လေးလေးက မောနေတာကြာပြီလား ညီမ”

“အင်း... ၃ လလောက်တော့ရှိပြီဆရာ။ မောမောနေတာတော့။ ဒီကြားထဲ အစာစားရင် နည်းနည်း စားမယ်ကြံကာရှိသေး ဗိုက်ကတင်းပြီတင်းပြီနဲ့။ အစာလည်း ကောင်းကောင်းမစားဘူးဆရာ။ အားဆေးဝယ်တိုက်တော့လည်း ဝယ်တဲ့ တစ်ရက် နှစ်ရက်ပဲ။ ပြီးတော့လည်း မသောက်ပါဘူးဆရာရယ်။”

“ဟုတ်ပါပြီဗျ။ အခု ဦးလေးကြည့်ရတာ တအားဖြူနေတယ်ခင်ဗျ။ သွေးအားနည်းတဲ့ လက္ခဏာတွေလည်းရှိတယ်။ သွေးလေးနည်းနည်း စစ်ကြည့်လိုက်မယ်လေ။ လိုအပ်ရင်တော့ အာထရာစောင်းရိုက်တာ မှန်​ပြောင်းကြည့်တာ ဆက်လုပ်ရမှာပေါ့။ ရောဂါလက္ခဏာတွေရှိနေတော့ မြန်မြန်ရှာ မြန်မြန် ကုလိုက်တာပဲကောင်းမယ်။ မဟုတ်ရင် ကြာလို့ရောဂါရင့်သွားရင် ကုရပိုခက်လိမ့်မယ်။ ဒါနဲ့ ဆီးတွေဝမ်းတွေကော ကောင်းရဲ့လား။”

“ဟုတ်ဆရာ။ ပုံမှန်တော့ သွားပါတယ်။

“အရောင်ကော ပုံမှန်ပဲလား။ ပုံမှန်ထက် အရောင်ရင့်တာ သွေးပါတာရှိလား။”

“အဲ့လိုတော့ မရှိဘူးဆရာ။ ဟုတ်တယ်နော် အဖေ”

“ဟုတ်တယ်ဆရာလေး”

“ဟုတ်ပါပြီ။ ဒါဆိုလည်း လိုအပ်တာတွေ စစ်ဆေးဖို့အတွက် ကျတော်စီစဉ်ပေးမယ်နော်။ ခုလောလောဆယ်တော့ သွေးအားကောင်းဆေးလေးပဲ ယာယီပေးထားဦးမယ်ခင်ဗျ”

ဆရာလေးရဲ့ စီစဉ်ပေးမှုနဲ့ သွေးတွေ ဆီးတွေ စစ်ရုံမက အာထရာ​စောင်း နဲ့ ရင်ဘတ်ဓါတ်မှန်တွေပါရိုက်ဖြစ်လိုက်သည်။ သွေးအဖြေရတော့ သွေးအားအတော်နည်းနေသည်တဲ့။ အာထရာစောင်းမှာလည်း သိပ်မသင်္ကာလို့ မှန်ပြောင်းပါကြည့်ခိုင်းသေးသည်။ ဒီနေ့ အဖြေတွေနှင့်တစ်ခေါက် ဆရာလေးနှင့်ပြန်ပြဖြစ်သည်။

“ညီမရေ။ လေးလေး ဘယ်လိုနေလဲ။ သက်သာရဲ့လား။”

“ဟုတ် ဆရာ။ သက်တော့ သက်သာပါတယ်။ အဖြေတွေရလာလို့ ဆရာနဲ့ ပြန်လာပြတာ။”

ဆရာလေးလည်း အဖြေတွေကြည့်ရင်း မျက်နှာကကွက်ခနဲ ပျက်သည်။

“ညီမရေ။ စိတ်မကောင်းစရာပဲ။ လေးလေးက _________________ ရောဂါတဲ့။ လိုအပ်တာတွေဆက်လုပ်ဖို့အတွက် ဆရာ ဆရာ့ အကြီးတွေဆီ လွှဲစာလေးရေးပေးမယ်နော်။ လေးလေးကိုတော့ သူ့ရောဂါအကြောင်းဖွင့်ပြောမပြော ညီမတို့ မိသားစုတိုင်ပင်လိုက်ကြပေါ့”

ကဲ...... စာဖတ်ပရိတ်သတ်ကြီးတို့ရေ.....

အိချစ်ရဲ့ အဖေ ဘာရောဂါဖြစ်နေတာလဲဆိုတာ ခန့်မှန်းလို့ရမလား။ စဉ်းစားလို့လွယ်အောင် အဖြေလေးတွေပေးထားတယ်နော်။

(၁) အသည်းကင်ဆာ
(၂) အဆုတ်ကင်ဆာ
(၃) အစာအိမ်ကင်ဆာ
(၄) သွေးကင်ဆာ
(၅) အစာရေမျိုပြွန်ကင်ဆာ

#စာပိုဒ်ထဲမှာအဖြေရှာ_၁
#ရွှေမိုး

“အမြင်ကြည်စေမည့် နည်းလမ်းများ”သူငယ်ချင်းတို့ရေ.....ဒီတစ်ခါ မင်မင် ချောချောလေး ပြောပြပေးမှာကတော့ အမြင်ကြည်လင်အောင် ဘာတွေ ...
28/10/2023

“အမြင်ကြည်စေမည့် နည်းလမ်းများ”

သူငယ်ချင်းတို့ရေ.....

ဒီတစ်ခါ မင်မင် ချောချောလေး ပြောပြပေးမှာကတော့ အမြင်ကြည်လင်အောင် ဘာတွေ ဆောင်ရ ရှောင်ရမလဲ ဆိုတာပါ။ မျက်မှန်ပါဝါတွေ တဖြေးဖြေးတက်လာလို့ စိတ်ညစ်နေသလား။ အဝေးမှုန် ပဲ ဖြစ်ဖြစ် အနီးမှုန်ပဲဖြစ်ဖြစ် အမြင်တွေဝေဝါးနေပြီလား။ အမြင်ကြည်လင်စေအောင် ဘာတွေလုပ်ရမလဲ မင်မင်က ပြောပြပေးပါတော့မယ်နော်။ ကဲ ကြည့်လိုက်ရအောင်။

၁။ အာဟာရပြည့်အောင်စားပေးပါ။

ဟုတ်ပါတယ်ခင်ဗျ။ Vitamin A C E နဲ့ zinc စတဲ့ သက်စောင့်ဓါတ်တွေဟာ အသက်ကြီးလို့ ဖြစ်ပေါ်တတ်တဲ့ macular degeneration ဆိုတဲ့ အမြင်ဝါးတာကို ကာကွယ်နိုင်ပါတယ်တဲ့။ မုန်လာဥ၊ ခါကြက်ဥ၊ ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း၊ ချဉ်တဲ့အသီးအမျိုးမျိုး စသဖြင့် စားသုံးပေးသင့်ပါတယ်။

၂။ ကျန်းမာအောင်နေပါ။

ဆီးချို၊ သွေးတိုး၊ သွေးတွင်းအဆီများ စတဲ့ရောဂါတွေဟာ မျက်စိအမြင်အာရုံကိုပါ နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် သွေးပေါင် မှန်မှန်ချိန်ပေးမယ်၊ ဆီးချိုမှန်မှန်ဖောက်ပေးမယ်၊ အချိုအငန်လျော့စားမယ်၊ အဆီလျော့စားမယ် ဆိုရင်ဖြင့် အထက်ပါရောဂါတွေကို ကာကွယ်နိုင်မှာ ဖြစ်လို့ မျက်စိဝါးတာကိုပါ အလိုလို ကာကွယ်ပြီးဖြစ်နေမှာပါနော်။

၃။ နေကာ မျက်မှန်တတ်ပါ။

နေရောင်ခြည်မှာပါတဲ့ UV light ဟာ မိတ်ဆွေတို့ရဲ့ အမြင်အာရုံကို အန္တရာယ် ဖြစ်စေပါတယ်။ နေကာမျက်မှန်တတ်ခြင်းအားဖြင့် မျက်စိကို UV light ဒါဏ်မှ ကာကွယ်ပေးရုံမကဘူးနော်။ စတိုင်ကျကျနဲ့ မိမိုက်နေဦးမှာ။ 😎😎

၄။ ၂၀-၂၀-၂၀ rules

ဒါကတော့ မျက်စိ ပညာရှင်များအကြံပေးထားတဲ့ နည်းစနစ်လေးဖြစ်ပါတယ်။ ဖုန်းသို့မဟုတ် ကွန်ပြူတာကို မိနစ် ၂၀ ကြည့်ပြီးသွားရင် ပေ၂၀ အကွာက အရာ၀တ္ထုတစ်ခုကို စက္ကန့် ၂၀ လောက် ကြည့်ပေးလိုက်ပါတဲ့။ ကွန်ပြူတာနဲ့ အလုပ်လုပ်နေရတဲ့ သူတွေ၊ ဖုန်းကို အာရုံစိုက်တတ်တဲ့သူတွေအတွက်တော့ အကြံကောင်းလေးပဲနော်။ 😉

၅။ ဆေးလိပ်ဖြတ်ပါ။

ဆေးလိပ်သောက်ခြင်းဟာ သွေးကြောနံရံတွေကို ပျက်ဆီးစေတတ်တာမလို့ မျက်စိကိုလာတဲ့ သွေးကြောကလေးတွေကိုပါ ပျက်ဆီးစေတတ်ပါတယ်တဲ့။ ဒါတင်မကသေးပါဘူး ဆေးလိပ်သောက်ခြင်းအားဖြင့် မျက်စိတိမ်စွဲတာ၊ မျက်စိဝါးတာတွေပါ ဖြစ်တတ်တယ်လို့ လေ့လာချက်တွေမှာ​ ဖော်ပြထားပါသေးတယ်နော်။ ဒါကြောင့် မျက်စိတွေဝါးနေလား။ ဆေးလိပ်သောက်တာကို အမြန်ရပ်လိုက်တော့နော်။

၆။ လက်ဆေးပါ။

မျက်စိအကြောင်းပြောတုန်း လက်က ဘယ်ကပါလာတာတုန်းလို့ တွေးမိသွားတယ်မလား။ လူတော်တော်များများမှာ အမှတ်မထင်ပဲ မျက်စိကို လက်နဲ့ ပွတ်မိတာမျိုးတွေရှိနေတတ်ပါတယ်တဲ့။ အဲ့လို ပွတ်မိတဲ့ အချိန်မျိုးမှာ လက်မှာတွယ်ညှိနေတဲ့ ပိုးမွှားတွေ၊ အညစ်အကြေးတွေက မိတ်ဆွေတို့ရဲ့ မျက်လုံးကို ဒုက္ခဖြစ်စေနိုင်ပါတယ်တဲ့။ ကိုဗစ်ကြီးနှိပ်စက်လို့ လက်ဆေးနည်းတော့ ကျွမ်းကြတယ်မလား 😁

ကဲ မျက်မှန်ထူကြီးတပ်ရလို့ စိတ်ညစ်နေပါသလား။ ဘာမှမပူနဲ့တော့နော်။ အထက်ပါ အချက်လေးတွေကို လိုက်နာလိုက်မယ်ဆိုရင်တော့ အမြင်ကြည်လင်ပြီး မျက်စိပါဝါတွေ ကျသွားမှာပါ။ အမြန်စမ်းသပ်ကြည့်လိုက်ကြစို့ 😊

#မောင်ခမ်း_ဆေး၁

#ရွှေမိုး

“အိပ်မပျော်ဘူးဖြစ်နေရင်”🎵🎶အိပ်လို့မရဘူး...မျက်လုံးတွေမမှိတ်သေးဘူး...မြင်နေတယ်ခုထိ...မင်းရဲ့...နှုတ်ခမ်းပါးလေးပဲ မြင်ယောင...
27/10/2023

“အိပ်မပျော်ဘူးဖြစ်နေရင်”

🎵🎶အိပ်လို့မရဘူး...မျက်လုံးတွေမမှိတ်သေးဘူး...မြင်နေတယ်ခုထိ...မင်းရဲ့...နှုတ်ခမ်းပါးလေးပဲ မြင်ယောင်ရင်း🎶🎵

မင်မင်တစ်ယောက် သီချင်းလေး ငြီးနေတုန်း

“ဟိတ်ကောင် ဘာတွေဆိုနေတာလဲ။ ညက တစ်ညလုံး အိပ်မရလို့ စိတ်ညစ်နေတာနော်။ မင်းအသံကြားမှ ခေါင်းပါကိုက်ချင်လာပြီ” ဘေးက သူငယ်ချင်းတစ်ကောင် ထအော်လိုက်သည်။

(ဒီလောက်ကောင်းတဲ့အသံကိုများ ခေါင်းကိုက်သတဲ့ 😤)

သူ့ကြည့်တော့လည်း ငြီးစီစီ ရုပ်နဲ့သနားစရာ။

“အေးပါ ဘာကြောင့်အိပ်မရလဲ မသိပေမယ့် ဒါတွေ လုပ်ကြည့်” ဆိုပြီး နည်းလမ်းလေးတွေ မင်မင် တစ်ယောက်ပြောပြလိုက်တယ်လေ။

အံမယ် နောက်တစ်နေ့မနက် ဒီကောင်နဲ့တွေ့တော့ လန်းဆန်း တက်ကြွလို့။ ညက အိပ်ပျော်သတဲ့လေ။ မင်မင့်ကိုတောင် လက်ဖက်ရည်လိုက်တိုက်သေး။ မင်မင်လည်း ဝိတ်ချနေပေမယ့် မငြင်းကောင်းလို့ လက်ဖက်ရည် ချိုဆိမ့်ရယ်၊ ပေါက်ဆီ ၂ လုံးရယ်၊ နန်းကြီးသုတ်တစ်ပွဲ နဲ့ ပဲပလာတာ တစ်ချက်စားပြီး အိမ်ကို အသားပေါင်း ၃ လုံးပါဆယ်ဆွဲခဲ့လိုက်တယ်။ 🤗🤗

ဘာနည်းလမ်းလေးတွေဆိုတာ သူငယ်ချင်းတို့ကို မျှဝေပေးလိုက်မယ်နော်...

၁။ အိပ်ချိန်မှန်ပါစေ။

မနက်ဖန် အလုပ်ရှိလို့ စောစောအိပ်ပစ်မယ်တို့၊ ဒီနေ့တော့ ကိုရီးယားကား ဇာတ်သိမ်းထိ ညလုံးပေါက်ကြည့်ပစ်မယ်တို့နဲ့ အိပ်ချိန်တွေ ကမောက်ကမာ ဖြစ်နေရင်လည်း ကြာရင်အိပ်မပျော်တတ်ပါဘူးတဲ့။ ဖြစ်နိုင်ရင် ကိုယ်အိပ်ရမဲ့ အိပ်ချိန်လေးကို တစ်သတ်မတ်ထဲ ထားပေးပါတဲ့။

၂။ သက်တောင့်သက်သာရှိပါစေ။

ကိုယ် အိပ်ရမဲ့ အိပ်ယာကလေးက ခြေဆန့်လက်ဆန့်ကောင်းကောင်းရပြီး ကျယ်ကျယ်ဝန်းဝန်းနဲ့ ဇိမ်ကျကျဖြစ်နေရပါမယ်တဲ့။ ပြီးတော့ မီးပိတ်အိပ်တာဖြစ်ဖြစ်၊ ညအိပ်မီးကလေးထွန်းထားတာဖြစ်ဖြစ်ပဲ ထားပါတဲ့။ မီးပိတ်မှသာလျှင် အိပ်ပျော်စေတဲ့ တစ်နည်း အိပ်ချင်စိတ်ကို ဖြစ်စေတဲ့ melatonin ဆိုတဲ့ hormone ကလေးထွက်လို့ ပိုအိပ်ပျော်စေမှာပါတဲ့။

၃။ လေ့ကျင့်ခန်းလုပ်ပေးပါ။

သိပ်မပျင်းထန်တဲ့ လေ့ကျင့်ခန်းလေးတွေလုပ်ပေးခြင်းကလည်း သင့်ကို အိပ်ကောင်းအောင်ကူညီပေးပါတယ်တဲ့နော်။ တစ်နေ့ မိနစ် ၃၀ ခန့်လမ်းလျှောက်တာမျိုး၊ ကိုယ်လက်လှုပ်ရှားတာမျိုး ဟာ စိတ်ဖိစီးမှုကိုလျှော့ချပေးတာကြောင့် ညအိပ်တဲ့ အချိန်သင့်ကို အကူအညီများစွာပေးမှာပါတဲ့။

၄။ ကော်ဖီတွေလျှော့သောက်ပါ။

ကော်ဖီထဲမှာပါတဲ့ caffeine ဓါတ်ဟာ အိပ်ပျော်ခြင်းကို နှောင့်ယှက်ပါတယ်တဲ့။ အထူးသဖြင့် ညနေပိုင်းတွေ ညပိုင်းတွေမှာသောက်ရင်ပေါ့။ အဲ့တော့ ကော်ဖီသောက်မဲ့ အစား နွားနို့ပူပူလေးပြောင်းသောက်မယ်ဆိုရင်ရော 😉

၅။ အိပ်ခါနီး အစာအများကြီး မစားပါနဲ့။

ညအိပ်ခါနီးမှာ ဗိုက်အ၀စားလိုက်တာမျိုးကလည်း သင့်ကို အိပ်ရေးပျက်စေမှာပါတဲ့နော်။ ညအိပ်ခါနီး ဗိုက်စာတတ်တဲ့ ကိုကို မမတွေလည်း ဗိုက်အ၀မစားကြနဲ့တော့နော်။ အဆာပြေယုံလောက်လေးစားပေးရင် လုံလောက်ပါပြီတဲ့။

၆။ ဆေးလိပ်တွေ မသောက်ပါနဲ့။

အိပ်ခါနီး ဆေးလိပ်လေးတစ်လိပ်လောက်သောက်တတ်တဲ့ လူတွေကလည်း အိပ်ရေးပိုပျက်ပါတယ်တဲ့နော်။ Ni****ne ဓါတ်က လူက လန်းဆန်းစေလို့ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်ပါတယ်တဲ့။

၇။ မေ့ပစ်ပါ။

ရည်းစားဟောင်းကို မဟုတ်ဘူးနော် 😁။ နောက်နေ့ လုပ်ရမဲ့ အလုပ်ကိစ္စတွေ၊ ဒီနေ့ ဘာတွေလုပ်ခဲ့သလဲ ဘာဆက်လုပ်ရမလဲ အစရှိတဲ့ စိုးရိမ်ပူပန်မှုတွေကို အိပ်စက်ခါနီးမှာ ခဏလောက်မေ့ပစ်လိုက်ပါနော်။ မဟုတ်ရင် စိတ်ဖိစီးမှုတွေဖြစ်ပြီး သင့်ကို အိပ်ရေးပျက်စေမှာပါတဲ့။

၈။ ထထိုင်ပါ။

အိပ်မပျော်ပါဘူးဆိုမှ ထထိုင်ပါလို့ ပြောတယ်ဆိုပြီး လန့်မသွားကြပါနဲ့နော် 😁။ လေ့လာတွေ့ရှိချက်တွေအရ အိပ်မပျော်ပဲ အိပ်ယာထဲ လူးလှိမ့်ပြီး အတင်းအိပ်ဖို့ကြိုးစားနေတာထက် ခဏလောက် အိပ်ယာကထပြီး စိတ်ပြေလက်ပျောက် တစ်ခုခုထလုပ်လိုက်တာမျိုးက relax ဖြစ်သွားစေပြီး ပို အိပ်ပျော်စေပါတယ်တဲ့နော်။

၉။ အလင်းရောင်စူးစူးတွေ ရှောင်ပါ။

အိပ်ခါနီး တီဗီကြည့်လိုက်တာ၊ ဖုန်းကြည့်လိုက်တာမျိုးကလည်း အိပ်မပျော်စေတတ်ပါဘူးတဲ့။အလင်းရောင်စူးစူးတွေကြောင့် လူဟာ လန်းဆန်းသွားတတ်ပြီး အိပ်ရေးပျက်စေတယ်တဲ့နော်။

ကဲ ဒီလောက်ဆို ဘော်ဘော်တို့လည်း ညအိပ်မပျော်ရင် အော်မနေပဲ ဘာတွေ ဆောင်ရ ရှောင်ရမလဲလို့ အကြမ်းဖျင်း သိလောက်ပါပြီနော် 😜။ အားလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီး အိပ်မက်လှလှ မက်နိုင်ကြပါစေခင်ဗျာ။ 😊

#မောင်ခမ်း_ဆေး၁

#ရွှေမိုး

“အစာလည်းစား အေးဆေးနားရင်း ဝိတ်ကျစေမည့် နည်းလမ်းများ”သူငယ်ချင်းတို့ရေလမ်းမှာ အမှတ်မထင် အသိတစ်ယောက်နဲ့တွေ့လို့ ဝလာတယ်နော် ...
26/10/2023

“အစာလည်းစား အေးဆေးနားရင်း ဝိတ်ကျစေမည့် နည်းလမ်းများ”

သူငယ်ချင်းတို့ရေ

လမ်းမှာ အမှတ်မထင် အသိတစ်ယောက်နဲ့တွေ့လို့ ဝလာတယ်နော် လို့ပြောခံရဖူးလား။ မင်မင်ကတော့ခဏခဏ အပြောခံရတယ် 😁😁။ ဝတာလှပါတယ်။ ဒါပေမဲ့ အလှအပကို မခံစားတတ်တဲ့ လူတွေကြောင့် ဝိတ်ချချင်စိတ်တော့ မင်မင်လည်း ဖြစ်မိတယ်လေ။ အစာလျော့စားတဲ့။ လေ့ကျင့်ခန်း လုပ်ပေးတဲ့။ အဲ့ဒါမှခက်ပြီ။ မင်မင်အတွက် အစားက နံပတ် ၁ ပဲ။ လေ့ကျင့်ခန်းလုပ်ဖို့ကလည်း ပျင်းနေတာ။ ဒီတော့ အစားမလျော့ လေ့ကျင့်ခန်းမလုပ်ပဲ ဝိတ်ကျစေတဲ့နည်းလေးတွေ ရှာဖွေလေ့လာကြည့်မိတယ်လေ။ မင်မင့်လို ဘဝတူ စားနိုင်သောက်နိုင်လေးတွေအတွက် နည်းလမ်းလေးတွေကြည့်ရအောင်နော်။ 😉

၁။ အစာကို ဖြေးဖြေးချင်းစားပေးပါ။

လူတစ်ယောက်ရဲ့ ဦးနှောက်က ဗိုက်ဝပြီဆိုတာကို သိဖို့အတွက် အချိန်ခဏယူရပါတယ်တဲ့။ အစာကိုမြန်မြန်စားလိုက်ခြင်းအားဖြင့် ဗိုက်ဝနေတယ်လို့ မသိခင်မှာပဲ အစာတွေ အများကြီး စားမိလိုက်စေပါတယ်တဲ့။ ဒီတော့ အစာက်ို ဖြေးဖြေးနဲ့ မှန်မှန်စားပေးခြင်းအားဖြင့် ဗိုက်ဝပြီလို့ ဦးနှောက်က အချက်ပြတဲ့ချိန်မှာ အစာကို အများကြီး မစားမိစေပါဘူးတဲ့။ လေ့လာချက်တွေ အရလည်း အစာကိုမြန်မြန်စားတတ်သူများဟာ ကိုယ်အလေးချိန်ပိုများတတ်ပါတယ်တဲ့။ ကဲ အစာကိုဖြေးဖြေးမှန်မှန် ဒီနေ့ကစပြီး စားကြည့်ကြရအောင်။

၂။ ပန်းကန်သေးတာလေးရွေးကြည့်ရအောင်။

ထမင်းစားတဲ့အခါမှာ ပန်းကန်အသေးလေးနဲ့ရွေးစားပေးခြင်းကလည်းမထင်မှတ်ပဲ ဝိတ်ချတဲ့နေရာမှာအသုံးဝင်ပါသတဲ့နော်။ လူ့စိတ်ဆိုတာလည်းပြောရအခက်သားတဲ့။ ထမင်း ၂ ပန်းကန်စားနေကျလူက ၂ ပန်းကန်စားမှ ဗိုက်ဝ တယ်လို့ ခံစားရတယ်တဲ့။ ဒီတော့ ပန်းကန်သေးတာလေးနဲ့ ထမင်းပြောင်းစားကြည့်လိုက်ရင် အစာလျော့တယ်လို့လည်းမထင်ရဘူး။ ဝိတ်လည်း တကယ်ကျနိုင်ပါတယ်တဲ့နော်။

၃။ အသားနဲ့ အရွက်များများစားပေးပါ။

ထမင်းမစားခင်မှာ အသား သို့မဟုတ် အရွက်ကိုစားပေးပါတဲ့။ အသား နဲ့ အရွက်ဟာ ထမင်းထက်စာရင် ကယ်လိုရီပိုနည်းတဲ့အပြင် ဗိုက်ပြည့်ပိုမြန်စေပါတယ်တဲ့။ ထိုမျှသာမကသေးပါဘူးတဲ့ ဗိုက်အဆာပိုခံစေတဲ့အတွက် တော်ရုံတန်ရုံ အစာ မစားဖြစ်တော့ပါဘူးတဲ့။ မင်မင်ကတော့ ဒီနေ့ကစပြီး ထမင်းမစားခင် အရွက်ကြော်လေးတစ်ပွဲနဲ့ အသားဟင်းလေးနည်းနည်းစားဖို့ကြံလိုက်ပါပြီနော်။

၄။ အဆီ၊ ဆီကြော်တွေ အချိုတွေကို ခဏဖွက်ထားရအောင်။

တခြားလူတွေတော့မသိဘူးမင်မင်ကတော့ အာလူးကြော်တို့ သကြားလုံးတို့တွေ့ရင် ပလွတ်ဆိုပြီး ပါးစပ်ထဲ သွပ်ထည့်နေကျ 😁😁။ အဲ့ ဆီကြော်တွေ အချိုတွေကလည်း calories အများကြီးပါလို့ ၀စေပါတယ်တဲ့။ မျက်စိထဲ မြင်နေရင် စားဖြစ်နေတတ်ပါတယ်နော်။ ဒီတော့ မမြင်ရအောင် ခဏသာဖွက်ထားလိုက်ရအောင်။

၅။ ရေသောက်ပါ။

ရေသောက်ခြင်းဟာလည်း ဝိတ်ကျစေဖို့ကူညီပေးပါတယ်တဲ့နော်။ ထမင်းမစားခင်ရေအ၀တစ်ခွက်သာ သောက်ချလိုက်ပါ။ သင့်ကို သိသိသာသာ ဝိတ်ကျစေမှာပါတဲ့။ အကယ်၍ အချိုရည်ကြိုက်တတ်သူဆိုရင်လည်း အချိုရည်အစားရေသာသောက်ပေးပါတဲ့။ ဝိတ်ကျစေရုံမကပါဘူးနော် ဆီးချိုရောဂါ သွေးတိုးရောဂါစတာတွေကိုပါ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်တဲ့ဗျ။

၆။ အစာကို စိတ်ဝင်တစား စားပေးပါ။

အဓိကက အစာစားနေရင်းနဲ့ တီဗီကြည့်နေတာမျိုး၊ ဂိမ်းဆော့နေတာမျိုးမလုပ်မိပါစေနဲ့တဲ့။ တစ်ခုခုလုပ်ရင်း အစာစားတတ်ကြသူတွေဟာ စားလို့စားမှန်းမသိပဲ အများကြီးစားတတ်မိကြပါသတဲ့။ လေ့လာမှုတွေအရလည်း တစ်စုံတစ်ခုလုပ်နေရင်း အစာစားသူတွေဟာ ပုံမှန်ထက် ၁၀ရာခိုင်နှုန်း ပိုပြီး စားမိတတ်ကြပါတယ်တဲ့။

၇။ ကောင်းစွာ အိပ်စက်ပေးပါ။

အိပ်ရေးမ၀သူတွေမှာ အစာစားချင်စိတ်ကို ထိမ်းချုပ်ပေးတဲ့ leptin တို့ grelin တို့လိုဟော်မုန်းတွေနည်းနေတတ်ပါတယ်တဲ့။ ထိုမျှမကသေးပါဘူး အိပ်ရေးပျက်တဲ့ အခါ စိတ်ဖိစီးမှုများပြီး stress hormone တွေလည်းထွက်လာပါတယ်တဲ့နော်။ အဲ့ ဟော်မုန်းတွေက သင့်ကို ပိုစားစေပါတယ်တဲ့။ ကဲ အိပ်ရေး၀၀အိပ်လို့ ဝိတ်ကျမယ်ဆို တန်မှတန်နော် 😉

ကဲကဲ ၀၀လှလှ ဘော်ဒါတို့လည်း ပိန်လည်းလှတယ်ဆိုတာ သက်သေပြချင်ကြမှာပဲနော်။ ဗိုက်လည်းမဆာ ကိုယ်လည်းမနာပဲ ဝိတ်ချချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေသာ စမ်းကြည့်လိုက်ကြပေတော့ဗျို့။

#မောင်ခမ်း_ဆေး၁

#ရွှေမိုး

“ချောင်းဆိုးပျောက်စေနိုင်သော နည်းလမ်းများ”သူငယ်ချင်းတို့ရေ...ရာသီအကူးအပြောင်းမှာ ချောင်းတွေတအားဆိုးနေပါသလား။ ချောင်းဆိုး...
25/10/2023

“ချောင်းဆိုးပျောက်စေနိုင်သော နည်းလမ်းများ”

သူငယ်ချင်းတို့ရေ...

ရာသီအကူးအပြောင်းမှာ ချောင်းတွေတအားဆိုးနေပါသလား။ ချောင်းဆိုးပျောက်စေမယ့်နည်းလမ်း​လေးတွေကို မင်မင်တို့က ဖော်ပြပေးတော့မှာမလို့ ကြည့်လိုက်ရအောင်။

၁။ ရေနွေးငွေ့ရှူကြည့်ပါ။

ချောင်းဆိုးတယ်ဆိုတာ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ဖုန်တွေ အမှုန်တွေ သလိပ်တွေ ရောဂါပိုးမွှားတွေ အစရှိသဖြင့် ပြင်ပ အရာဝတ္ထုတွေရှိနေတဲ့အတွက် ခန္ဓာကိုယ်က တုံ့ပြန်ပြီး အပြင်ကို ဟပ်ထုတ်စေတာပါ။ ဒီတော့ ရေနွေးငွေ့လေးရှူပေးခြင်းအားဖြင့် အသက်ရှူလမ်းကြောင်းတစ်လျှောက်က အညစ်အကြေးတွေကို ပျော်ဝင်စေတဲ့အတွက် ချောင်းဆိုးသက်သာစေပါတယ်တဲ့။

၂။ ရေနွေးပူပူလေး တစ်ခွက်သောက်ကြည့်ပါ။

အထက်မှာ ဖော်ပြထားသလိုပါပဲ။ ရေနွေးလေးသောက်လိုက်တဲ့ အခါမှာ လည်ချောင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေ ပျော်သွားစေတဲ့အတွက် ချောင်းဆိုးပျောက်စေနိုင်ပါတယ်တဲ့။

၃။ ဂျင်းပြုတ်ရည်လေးသောက်ကြည့်ပါ။

ဂျင်းမှာ anti inflammatory လို့ခေါ်တဲ့ အရောင်ကျစေတဲ့ အာနိသင်ရှိပါတယ်ဗျ။ ဒါကြောင့်မလို့ လေပြွန်ရောင်တာကို သက်သာစေလို့ ချောင်းဆိုး ပျောက်အောင်ကူညီပေးမှာပါတဲ့။

၄။ ပျားရည်လေးသောက်ကြည့်ပါ။

ချောင်းဆိုးတာ အချိုတွေစားခိုင်းတယ်ဖြစ်မယ်နော်။ မဟုတ်ပါဘူးဗျ။ ထူးထူးခြားခြား ပျားရည်မှာပါတဲ့ antioxidant အာနိသင်နဲ့၊ တချို့သော ရောဂါပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်ကြောင့် ချောင်းဆိုးတာကို သက်သာစေနိုင်ပါတယ်တဲ့။ ညဘက် အိပ်ခါနီး ပျားရည်လေး တစ်ဇွန်းလောက်နဲ့ ရေနွေးလေးရောပြီးသောက်ကြည့်တာမျိုး၊ ဖျော်ရည်လေးထဲ ပျားရည်လေးတစ်ဇွန်းလောက်ထည့်သောက်တာမျိုးလေး စမ်းကြည့်လို့ရပါတယ်တဲ့။

၅။ ရေများများသောက်ပါ။

ရေသောက်နည်းတဲ့အခါမှာ ရေဓါတ်ခမ်းခြောက်ပြီး လည်ပင်းတစ်လျောက် ခြောက်ကပ်နေတဲ့အတွက် ချောင်းပိုဆိုးတတ်ပါတယ်တဲ့။ ဒီတော့ တစ်ရက်ကို ရေ ၃ လီတာလောက်သောက်ပေးခြင်းဖြင့် ရေဓါတ်မခမ်းအောင် ထိမ်းထားနိုင်မှာဖြစ်ပါတယ်။

၆။ ဆားရည်နှင့် အာလုတ်ကျင်းပါ။

ဆားရည်နှင့် အာလုတ်ကျင်းပေးခြင်းအားဖြင့် ပါးစပ်နှင့် လည်ချောင်း ကြား ချောင်ဂျိုချောင်ကြားရှိ သလိပ်တွေ၊ ရောဂါပိုးမွှားတွေကိုပါ ဖယ်ရှားပေးလို့ ဆားရည်လေးနဲ့ တစ်ရက် ၃ ကြိမ်လောက်အာလုတ်ကျင်းဖို့ အကြံပေးလိုက်ပါတယ်နော်။

၇။ ငုံဆေးလေးတွေ ငုံကြည့်ပါ။

ငုံဆေးလေးတွေ တော်တော်များများက ပူပူရှိန်းရှိန်းလေးနဲ့ ငုံလိုက်တဲ့အချိန်မှာ လည်ချောင်းထဲမှာရှိတဲ့ ချွဲသလိပ်တွေကို ပျော်စေလို့ ချောင်းဆိုးသက်သာစေပါတယ်တဲ့။

၈။ သလိပ်တွေကို ထွေးထုတ်ပါ။

ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ သလိပ်တွေ ရှိမယ်ဆိုးရင် ထွေးထုတ်လိုက်ပါတဲ့။ အကယ်၍ မထွေးထုတ်ပဲ မျိုချလိုက်မယ်ဆိုရင် လည်ချောင်းယားတာ မသက်သာပဲ ချောင်းပိုဆိုးစေပါတယ်တဲ့။

၉။ အငွေ့တွေရှောင်ပါ။ ဆေးလိပ်သောက်တာရှောင်ပါ။

ချောင်းဆိုးနေတဲ့အချိန်မှာ ဆေးလိပ်ငွေ့တွေ၊ တခြားသော အငွေ့တွေဖြစ်တဲ့ ခြင်ဆေးငွေ့တွေ၊ မီးဖိုငွေ့တွေ ရှူမိမယ်ဆိုရင် လည်ချောင်းတစ်လျောက်ပိုပြီး အနှောင့်အယှက်ဖြစ်စေတာမလို့ အငွေ့တွေ မရှူမိအောင် လည်း သတိထားပေးကြပါအူးနော်။

၁၀။ သောက်ဆေးတွေ

ချောင်းဆိုးပျောက်ဆေးလို့ပြောရင် ၂ မျိုး ရှိပါတယ်။
-anti tussive လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေး
-mucolytic or expectorant လို့ခေါ်တဲ့ ချွဲပျော်ဆေးပါ

ချောင်းခြောက်ဆိုးတဲ့လူမှာ anti tussive လို့ခေါ်တဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်ရပြီး ချွဲသလိပ်ထွက်တဲ့ သူတွေကတော့ mucolytic လို့ခေါ်တဲ့ ချွဲပျော်ဆေးကို သောက်ရပါတယ်။ ကိုယ် သောက်တဲ့ဆေးနဲ့ ကိုယ်ဆိုးတဲ့ချောင်း အံမဝင်ရင်လည်း ချောင်းဆိုး မသက်သာစေပါဘူးတဲ့။

၁၁။ ဆရာဝန်နှင့် ပြသင့်တဲ့ ချောင်းတွေ

- ကာလကြာရှည်ဆိုးနေရင် (၈ပတ်နှင့်အထက်)
- ချောင်းဆိုး သွေးပါရင်
- ချောင်းဆိုးတဲ့ အခါ အရမ်းမောနေရင်
- ချောင်းဆိုးတဲ့အခါ ရင်ဘတ်တွေအောင့်နေရင်
- ချောင်းဆိုးတဲ့အခါ အန်ပါအန်ရင်
- ချောင်းဆိုးပြီးတစ်ကိုယ်လုံး ပြာနှမ်းသွားရင်

ဟုတ်ကဲ့ပါခင်ဗျ။ ကျွန်တော် အခုပြောပြသွားတာကတော့ ချောင်းဆိုးသက်သာအောင် ဘယ်လိုနည်းလမ်းလေးတွေ နဲ့ လုပ်လို့ရသလဲဆိုတာတွေပဲ ဖြစ်ပါတယ်ခင်ဗျ။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

#မောင်ခမ်း_ဆေး၁

#ရွှေမိုး

အားလုံးပဲ မင်္ဂလာပါခင်ဗျ။ရွှေမိုး page ကလေးကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ။မိတ်ဆွေ တို့ တွေ့ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာများအတ...
24/10/2023

အားလုံးပဲ မင်္ဂလာပါခင်ဗျ။

ရွှေမိုး page ကလေးကနေ ကြိုဆိုလိုက်ပါတယ်ခင်ဗျ။

မိတ်ဆွေ တို့ တွေ့ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာများအတွက် ကျွန်တော်တို့ ရွှေမိုး Home care medical service team ကနေ ကူညီပေးပါရစေခင်ဗျ။

ဆေးရုံဆေးခန်း သွားဖို့ အခက်အခဲရှိ ကြတဲ့ ဖိုးဖိုးဖွားဖွား များ၊ နာတာရှည် ရောဂါ ဝေဒနာရှင်များ၊ နာမကျန်း ဖြစ်သူများ အတွက် အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှု အမျိုးမျိုးအတွက် ကျွန်တော်တို့ ရွှေမိုး page ကလေး အသင့်ရှိနေပါပြီ ခင်ဗျ။

အသက်သာဆုံး ဝန်ဆောင်မှုနှုန်းထား ဖြင့် အကောင်းဆုံး ကျန်းမာရေးဝန်ဆောင်မှုများအတွက်

*၀၉၉၆၉၄၄၄၇၃၈
*၀၉၅၄၀၉၇၃၅
*၀၉၉၇၅၉၅၃၁၉၀

ကို ဆက်သွယ်၍ ရက်ချိန်း ယူနိုင်ပါပြီ ခင်ဗျ။

#ရွှေမိုး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe Moe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram