11/03/2025
ပူတော့မယ့် နွေရာသီကာလအတွက် သိမှတ် ဖွယ်ရာများ (ဆရာကြီး ဒေါက်တာဦးထွန်းလွင်)
၁၀-၃-၂၀၁၉ ၊ ည(၁၁း၀၈)နာရီ
--------------------------------------------------------------------------------
အပူကြောင့်ဖြစ်ပေါ်တတ်သောရောဂါဝေဒနာများ
မောင်ထွန်းလွင်(မိုးလေဝသ)
နိဒါန်း
လူများစွာတို့အတွက်နွေရာသီကာလဆိုတာကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်၊ ခရီးသွားရက်၊ အပန်းဖြေရက် ဖြစ်ပါတယ်။ တနည်းပြောရပါက လေအေးပေးစက်များတပ်ဆင်ထားတဲ့ ရုံးခန်း၊ အိမ်ဧည့်ခန်းတွေထဲက အပြင်နေပူထဲအထွက်များတဲ့ကာလဖြစ်ပါတယ်။ အဲဒါကြောင့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုများတဲ့ကာလ၊ အအေးဓါတ်သင့်တင့်အောင်မရှိတဲ့ ပတ်ဝန်းကျင် မှာအနေများတဲ့ကာလဖြစ်ပါတယ်။ အဲဒီမှာ ပူပြင်းလွန်းတဲ့ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့ အခါ လူအတော်များများမှာ နေရောင်ခြည်နဲ့ ဆက်စပ်တဲ့ဖျားနာမှုတွေကို ခံစားကြရပါတော့တယ်။
အပူဒဏ်ခံရမှုအပေါ်ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှု
နေပူထဲတွင်အလုပ်လုပ်ကြရသူများ၊ သွားလာနေထိုင်ကြသူများအနေနဲ့ အပူဒဏ်ခံစားရမှု အနည်း အများဟာ သဘာဝရေးရာအခြေအနေ(၄)မျိုးအပေါ်မှာမူတည်နေပါတယ်။ အဲဒါတွေကတော့
(၁) အပူချိန်၊
(၂) ရေငွေ့၊
(၃) အပူရှိန် နဲ့
(၄) လေတိုက်နှုန်း တို့ဖြစ်ကြပါတယ်။ အထူးသဖြင့် နှလုံးရောဂါရှိ သူများ၊ water pills ဆောင်ထားရသူများအနေနဲ့ အပူဒဏ်ခံစားရမှုဟာ ပိုမိုဆိုးဝါးတတ်ပါတယ်။
အမှန်တော့ လူ့ရဲ့ခန္ဓာကိုယ်ဟာ ပြင်ပအပူဒဏ်ကိုခုခံကာကွယ်ဖို့ (၃)မျိုးသုံးစား ဆောင်ရွက်ပေးလေ့ ရှိပါတယ်။ ဒါတွေကတော့
အသက်ရှူခြင်း၊
ချွေးထွက်ခြင်း နဲ့
သွေးလည်ပတ်မှုကိုပြောင်းလဲပေးခြင်း တို့ဖြစ်ကြပါတယ်။
ဥပမာအားဖြင့် ပြင်ပအပူရှိန်မြင့် တက်လာပါက ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုတွေ ဟာ မြန်ဆန်လာတတ်ကြပါတယ်။ ယင်းမှတစ်ဆင့် အရေပြားအပူချိန်တွေကိုတိုးမြှင့်လာစေပြီး ခန္ဓာကိုယ်တွင်းမှ ပိုလာတဲ့ အပူတွေကို ပြင်ပသို့စွန့်ထုတ်ပေးစေပါတယ်။ အလုပ်များပင်ပင်ပန်းပန်း လုပ်ကြရတဲ့အခါ ခန္ဓာကိုယ်ရှိကြွက်သားများဟာ သွေးစီးဆင်းမှုပိုမိုလိုအပ်လာပါတယ်။အဲဒီအချိန်မှာ ခန္ဓာမှ လွှတ်ပေးနေတဲ့ အရေပြားရဲ့သွေးစီးဆင်းမှုအတွက်လိုအပ်တဲ့သွေးပမာဏကိုလျော့ကျစေပြီး ခန္ဓာကိုယ်မှအပူများအပြင်ကိုစွန့်ထုတ်စေပါတယ်။
ချွေးထွက်ခြင်းဟာလည်း ခန္ဓာကိုယ်ရဲ့အပူချိန်များကိုကျဆေင်းစေပြီးအအေးဓါတ်ကိုရစေပါတယ်။ ဒါဟာလည်း ပြင်ပလေထုစိုထိုင်းဆတွေဟာ လျော့နည်းနေပြီး ထွက်လာတဲ့ချွေးတွေကို အငွေ့ပျံ စေနှိုင်မှသာဖြစ်နိုင်ပြီး၊ အဲဒီချွေးတွေ အငွေ့ပျံသွားလို့ လျော့နည်းကျသွားတဲ့ ဆားဓါတ်နဲ့ ရေဓါတ်တွေကိုပြန်လည်အစားထိုးဖြည်ကဆည်းပေးနိုင်မှသာဖြစ်နိုင်ပါတယ်။
(၁) အပူဒဏ်ဖိစီးခံရမှု(Heat Stress)
လူရဲ့ခန္ဓာကိုယ်အပူချိန်ဟာ မြင့်မားပါက အပူဒဏ်ဖိစီးခံရမှု(Heat stress)ကို ခံစားကြရပါတယ်။ အပူဒဏ်ဖိစီးခံရတဲ့သူတစ်ဦးဟာ အပူနဲ့ပတ်သက်တဲ့ဝေဒနာမျိုးစုံးကိုကြုံတွေ့ရတတ်ပါတယ်။ heat exhaustion, heat stroke, heat cramps, fainting, heat rash စတာတွေဖြစ်ကြပါတယ်။ အမှန်မှာတော့ လူအများစုဟာ ဒီအပူနဲ့ပတ်သက်တဲ့ဝေဒနာတွေကို ကွဲကွဲပြားပြားမသိကြပဲ ရောထွေးနေတတ်ကြပါတယ်။ အမှန်မှာတော့ ခွဲခြားသိဖို့လိုအပ်ပါတယ်။
အပူဆိုင်ရာပြဿနာတွေထဲမှာ အဆိုးဝါးဆုံးဝေဒနာတစ်ခုမဟုတ်သော်ငြားလည်း အဖြစ်အများဆုံး သော ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဒီဝေဒနာကို အလုပ်သမားတစ်ဦးဟာ ချွေးထွက်လွန်လာချိန်တွင် ရေအလုံအလောက်မသောက်ရပါက၊ ဒါမှာမဟုတ် ထွက်းသွားတဲ့ချွေးများအတွက် ဆားဓါတ် အလုံအလောက်ပြန်လည်မရရှိပါကဖြစ်တတ်သောဝေဒနာဖြစ်ပါတယ်။ များသောအားဖြင့် သက်ဆိုင်ရာ လူနာဟာ အားဖျော့လာခြင်း၊ အသားအရေဖြူဖပ်ဖြူလျော်ဖြစ်လာခြင်း၊ ချွေးများဖြင့် စိုရွှဲလာခြင်း စတာတွေဖြစ်တတ်ပါတယ်။
ရောဂါသွင်ပြင်လက္ခဏာများ။
ချွေးထွက်လွန်ခြင်း၊
မောပန်းနွမ်းနယ်၍အားနည်းလာခြင်း၊
ကိုယ်အပူချိန်အနည်းငယ် မြင့်တက်လာခြင်း၊
အသားအရေဖြူဖပ်ဖြူလျော်ဖြစ်လာပြီးသွေးဆုတ်လာခြင်း။
ရှေးဦးသူနာပြု ဆောင်ရွက်သင့်သောအရာများ။
(က)အေးသောနေရာတွင်တားနေပါ။
(ခ)အားကစားသမားများသုံးဆောင်သော အားဖြည့် အချိုရည် တစ်မျိုးမျိုး ကိုသောက်သုံးပါ။
(ဂ)အကယ်၍ အော့အန်ခြင်း၊ အစားအရည်သွေးမရှိသကဲ့သို့ ဖြူဖတ်ဖြူလျော်ဖြစ်လာပါက ဆရာဝန်ဆေးခန်းနဲ့ အမြန်ဆုံးပြသပြီးကုသမှုခံယူပါ။
(၂) Heat stroke
အပူကြောင့်ဖြစ်ပေါ်သောဝေဒနာများတွင် အဆိုးဝါးအပြင်းထန်ဆုံးဝေဒနာဖြစ်ပြီး၊ နေပူထဲတွင်အ ချိန်ကြာမြင့်စွာအလုပ်လုပ်နေသောအလုပ်သမားများတွင်အများဆုံးဖြစ်ပေါ်လေ့ရှိသော်လည်း အဖြစ်များလေ့မရှိပါ။ လူရဲ့ခန္ဓာကိုယ်က ပင်မအပူချိန်တွင်ထိန်းထားနိုင်ရန် သွေးလည်ပတ်မှုမပြုနိုင်တဲ့ အခါမှာ ဖြစ်လေ့ရှိတဲ့ဝေဒနာဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ လူ့ခန္ဓာကိုယ်ဟာချွေးမထွက်နိုင်တော့တဲ့ တွက် ခန္ဓာကိုယ်မှာပိုလျှံနေတဲ့အပူတွေကိုမစွန့်ထုတ်နိုင်တဲ့အတွက်ရရှိလာတဲ့ဝေဒနာဖြစ်ပါတယ်။မှန်ကန်တဲ့ကုသမှုကိုအမြန်ဆုံးမရရှိနှိုင်ပါက အသက်သေဆုံးရလေ့ရှိပါတယ်။
ရောဂါလက္ခဏာများ
စိတ်ဂယောင်ခြောက်ချားဖြစ်ခြင်း၊
သွေးဆုတ်ခြင်း၊ delirium, seizures
ခန္ဓာကိုယ်အပူချိန်106ºFထက်ကျော်လွန်နေခြင်း၊
ကိုယ်ပူခြင်း၊
အသားအရခြောက်ခမ်းခြင်း၊
အသားများ နီရဲခြင်း၊
အသားများပြာနှမ်းလာခြင်း၊
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အရေးပေါ်သူနာပြုကားကိုခေါ်ဆိုပါ။
လူနာအားအေးသောနေရာတစ်ခုသို့ပြောင်းရွှေ့ထားပါ။
အအေးဆွတ်ထားသော ရဝတ်တိုက်ပေးခြင်းအားဖြင့်လူနားအားစိုစွတ်နေပါစေ။
လူနာအား လေအေးစက်၊ ပန်ကာလေဖြင့် အပူချိန်ကျအောင်ဆောင်ရွက်ပေးပါ။
(၃) Heat cramps
ကြွက်သားများမခံမရပ်နိုငအောင်နာကျင်မှုကိုခံစားရတဲ့ဝေဒနာဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းရင်းမှာ အလုပ်သမားများဟာ အလွန်မောပန်းလို့ချွေးထွက်လွန်လာသော အခါရေကို အများအပြားသောက်သော်လည်းထွက်သွားတဲ့ချွေးများရဲ့နေရာကို ဆားဓါတ်မဖြည့်ဆည်း ပေးတဲ့အတွက်ဖြစ်ရတဲ့ဝေဒနာဖြစ်ပါတယ်။ အလုပ်လုပ်ရာတွင်အသုံးများသော ခန္ဓာကိုယ်ရဲ့ ကြွက်သားများဟာ cramps အများဆုံး ခံစားကြရပါတယ်။
ရောဂါလက္ခဏာများ
ကြွက်သားများ cramps or spasms ဖြစ်ခြင်း
(အလုပ်လုပ်နေစဉ်အတွင်း (သို့မဟုတ်) အလုပ်လုပ်ပြီးမှဖြစ်ပေါ်တတ်လေ့ရှိပါတယ်)
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အားကစားသမားများအသုံးပြုသော အားဖြည့်အချိုရည်တစ်ခုခုကိုသောက်သုံးပါ၊
မသက်သာပါက ကျန်းမာရေးဦးစီးဌာန/ဆေးရုံ/သူနာပြုကားတို့ကိုအကြောင်းကြားပါ။
(၄) သွေးဆုတ်ယုတ်ခြင်း။
နေပူထဲတွင်အလုပ်လုပ်လေ့မရှိသူများ နေပူအတွင်းအလုပ်လုပ်မိသောအခါ(သိူ့မဟုတ်) နေပူထဲတွင် ကြီးကြပ်ရေးအလုပ်လုပ်မိသော အခါဖြစ်တတ်သောဝေဒနာဖြစ်ပါတယ်။ အများအားဖြင့် နေပူအတွင်း အချိန်ကြာမြင့်စွာရပ်တန့်နေခြင်းထက် တစ်နေရာမှတစ်နေရာရွှေ့ပြောင်း လျှောက်သွားနေခြင်းက များသောအားဖြင့် သွေးဆုတ်ယုတ်မှုဖြစ်ပေါ်စေမှုကို လျော့ကျစေတတ်ပါတယ်။
ရောဂါလက္ခဏာများ။
ခေတ္တခဏမျှ သတိလစ်သွားတတ်ခြင်း၊ ခန္ဓာကိုယ်တွင်သာမာန်အပူချိန်မျှသာရှိနေသော်လည်းချွေးထွက်များနေတတ်ခြင်း။
Heat stroke, heat exhaustation ဝေဒနာလက္ခဏာများမတွေ့ရတတ်ခြင်း၊
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အေးသောနေရာတစ်ခုခုတွင် လဲလျောင်းနေပါ။
အချိန်အတန်ကြာသည်အထိလဲလျောင်းနေသော်လည်းသက်သာမှုမရှိပါက ဆေးကုသမှုခံယူပါ။
(၅) Heat rash
rash ကို Pricky heat ဟုလည်းခေါ်ဝေါ်ကြပါတယ်။
လေထုသည် ပူအိုက်စွတ်စိုနေသောအခါ အလုပ်လုပ်နေသူတစ်ဦးဟာ ချွေးများထွက်လာတဲ့အခါ အလွယ်တကးအငွေ့ မပျံနိုင်တဲ့အတွက် ကြောင့်ဖြစ်ပေါ်ရတဲ့ဝေဒနာဖြစ်ပါတယ်။အဆိုပါ rash ဧရိယာဟာ ကြိးမား ကျယ်ပြန့်လာပါက အလွန်အခံရခက်စေတဲ့ဝေဒနာကိုခံစားကြရပါတယ်။ အေးတဲ့နေရာတစ်ခုမှာနေပြီး အရေပြားကို ခြောက်သွေ့အောင်လုပ်ပေးခြင်းအားဖြင့် Heat rash ဖြစ်ခြင်းကိုကာကွယ်ပေးနိုင်ကြ ပါတယ်။
ရောဂါသွင်ပြင်လက္ခဏာများ။
အရေပြားအပေါ်တွင် အနီရောင်/ပန်းနု ရောင် အစက်အပြောက်များပေါ်လာခြင်း၊
အဆိုပါအစက်အပြောက်များမှ အခံရခက်လာခြင်း၊
အရေပြားများယားယံလာခြင်း၊
ရှေးဦးသူနာပြု ဆောင်ရွက်ရမည့်အရာများ။
အသားအရေကိုသန့်ရှင်းခြောက်သွေ့အောင်ထားပါ။
ပွသာအဝတ်အစားများဝတ်ဆင်ပါ။
ရေအေးဖြင့်ရေချိုးခြင်း၊ လေအေးပေးစက်ဖြင့်နေထိုင်ခြင်းတို့ဟာ ဝေဒနာသက်သာမှုကို များစွာအထောက်အကူပြုပါတယ်။
သင့်လျော်သောအသားအရေစိုပြေစေသောလိမ်းဆေးများကိုအသုံးပြုပါ။
နိဂုံး
အပူနဲ့ပတ်သက်လို့သတိပြုဖွယ်ရာများကိုဖေါ်ပြပေးခြင်းသာဖြစ်ပါတယ်။ အသက်ကိုဉာဏ်စောင့် ဆိုသောစကားကို သတိထားကြပြီး အပူဒဏ်ပြင်းနေသောကာလတွင်အပူကြောင့် ဖြစ်တတ်သော ရောဂါဝေဒနာများမှ ကင်းလွတ်နိုင်ကြပါစေလို့ မြန်မာနှစ်သစ်မင်္ဂလာ အကြိုဆုတောင်းအဖြစ် ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
မှတ်ချက်. ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို သေချာစွာလေ့လာသင့်ပါတယ်။