28/03/2026
ကြာကြာထိုင်ခြင်းဟာ ဆေးလိပ်သောက်ခြင်းတမျိုးသာ
ဒီစာကို ဖတ်နေတဲ့အချိန်မှာ မိတ်ဆွေ ဘာလုပ်နေပါသလဲ။ ရုံးစားပွဲမှာ ထိုင်နေတာလား၊ ဆိုဖာပေါ်မှာ ထိုင်နေတာလား ဒါမှမဟုတ် ကားမောင်းရင်း ထိုင်နေတာလား။ သေချာတာတခုကတော့ ထိုင်လျက် အနေအထား နဲ့ ရှိနေဖို့ ရာခိုင်နှုန်း အလွန်များပါတယ်။
အရင်ခေတ်တွေတုန်းကဆိုရင် ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့အရာတွေကို သတိထားမိဖို့ အလွန်လွယ်ကူပါတယ်။ ကူးစက်ရောဂါတွေ၊ ညစ်ညမ်းတဲ့လေထုတွေနဲ့ ဆေးလိပ်ငွေ့တွေကို လူတွေက မျက်မြင်ကိုယ်တွေ့ ကြောက်ရွံ့ခဲ့ကြပါတယ်။
ဒါပေမဲ့ ၂၁ ရာစုကို ရောက်လာတဲ့အခါမှာတော့ အလွန်တိတ်ဆိတ်တဲ့ အန္တရာယ်တခုဟာ ကျွန်တော်တို့ နေ့စဉ်ဘဝထဲကို အသံတိတ် ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီအရာဟာ ဓာတုပစ္စည်းတွေဆီက လာတာမဟုတ်သလို ဗိုင်းရပ်စ်ပိုးတွေဆီကနေ လာတာလည်း မဟုတ်ပါဘူး။
အလွန်ရိုးရှင်းပြီး သက်တောင့်သက်သာအရှိဆုံး ဖြစ်တဲ့ ထိုင်ခြင်း (Sitting) ဆိုတဲ့ အပြုအမူဆီကနေ လာတာပဲ ဖြစ်ပါတယ်။
ကမ္ဘာကျော် Mayo Clinic ဆေးရုံကြီးက ဆီးချိုနဲ့ ဇီဝကမ္မဗေဒ အထူးကုဆရာဝန်ကြီး ဒေါက်တာ James Levine ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အလွန်တုန်လှုပ်စရာကောင်းတဲ့ စကားစုတခုကို စတင်သုံးစွဲခဲ့ပါတယ်။
အဲဒါကတော့ ထိုင်ခြင်းဟာ ခေတ်သစ် ဆေးလိပ်သောက်ခြင်းပါပဲ (Sitting is the new smoking) ဆိုတဲ့ စကားပါ။
ဒီစကားဟာ ထိုင်တာနဲ့ ဆေးလိပ်သောက်တာ လုံးဝတူညီတယ်လို့ တိုက်ရိုက်ဆိုလိုတာ မဟုတ်ပေမယ့် ဆေးလိပ်သောက်တာလောက်ကို အသက်အန္တရာယ်ပေးနိုင်တဲ့အထိ ဆိုးရွားလွန်းလို့ လူတွေကို အပြင်းအထန် သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တနေ့ကို နာရီပေါင်းများစွာ ထိုင်ခြင်းဟာ နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချိုရောဂါ၊ အဝလွန်ခြင်း၊ ကင်ဆာရောဂါ အချို့နဲ့ အရွယ်မတိုင်မီ သေဆုံးခြင်းတွေနဲ့ တိုက်ရိုက် ဆက်စပ်နေလို့ပါပဲ။
ကျွန်တော်တို့ အချိန်အကြာကြီး ထိုင်နေတဲ့အခါ ခန္ဓာကိုယ်ဟာ ရိုးရိုးလေး "အနားယူ" နေတာ မဟုတ်ပါဘူး။ တကယ်တမ်းကျတော့ ခန္ဓာကိုယ်ရဲ့ စနစ်တွေဟာ အန္တရာယ်ရှိတဲ့ ပုံစံမျိုးနဲ့ ဖြည်းဖြည်းချင်း ရပ်တန့်သွားတာ ဖြစ်ပါတယ်။
သိပ္ပံနည်းကျ လေ့လာမှုတွေအရ ထိုင်ပြီး မိနစ် ၃၀ အတွင်းမှာ သွေးကြောထဲက အဆီတွေကို ဖြိုခွဲပေးတဲ့ Lipoprotein Lipase (LPL) လို့ခေါ်တဲ့ အင်ဇိုင်းထုတ်လုပ်မှုဟာ ၉၀ ရာခိုင်နှုန်းအထိ ရုတ်တရက် ထိုးကျသွားပါတယ်။
၂ နာရီ ဆက်တိုက်ထိုင်ပြီးနောက် သင့်ခန္ဓာကိုယ်ရဲ့ ကောင်းသော ကိုလက်စထရော (HDL) ဟာ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပြီး သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်စွမ်းတွေ ဆိုးရွားလာပါတယ်။
အချိန်ကြာလာတာနဲ့အမျှ ခြေထောက်ကြွက်သားတွေ အလုပ်မလုပ်တော့တဲ့အတွက် သွေးလှည့်ပတ်မှု နှေးကွေးသွားပြီး သွေးကြောပိတ်ဆို့မှု (DVT) အန္တရာယ်တွေ မြင့်တက်လာပါတယ်။
ပိုပြီး အံ့ဩစရာကောင်းတာကတော့ သင့်ခန္ဓာကိုယ်ကြီးဟာ ဖုန်းဘက်ထရီအားကုန်ခါနီးရင် ပြောင်းသွားတဲ့ Low-energy shutdown mode ထဲကို ရောက်သွားသလိုမျိုး ဇီဝကမ္မဖြစ်စဉ်တခုလုံး ရပ်တန့်သွားတာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ လူအများစု ထင်ယောင်ထင်မှား ဖြစ်တတ်တဲ့ အချက်တခု ရှိပါတယ်။ ငါက မနက်တိုင်း လေ့ကျင့်ခန်း လုပ်တယ်လေ၊ ဒါကြောင့် တနေ့လုံး ထိုင်နေလည်း ကိစ္စမရှိပါဘူး ဆိုတဲ့ အတွေးပါ။
ဆေးပညာရှင်တွေကတော့ ဒီလိုလူမျိုးတွေကို Active Couch Potato (လေ့ကျင့်ခန်းလုပ်သော အထိုင်များသူများ) လို့ ခေါ်ပါတယ်။ ရှင်းအောင်ပြောရရင်... သင်ဟာ မနက်ပိုင်းမှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်း ၁ နာရီ လုပ်ခဲ့ရင်တောင် ကျန်တဲ့ နေ့လယ်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ၈ နာရီ ကနေ ၁၀ နာရီအထိ မထတမ်း ထိုင်နေမယ်ဆိုရင် သင်လုပ်ခဲ့တဲ့ လေ့ကျင့်ခန်းရဲ့ ကောင်းကျိုးတွေဟာ အကုန်လုံးနီးပါး ချေဖျက်ခံလိုက်ရပါပြီ။ နေ့စဉ် လေ့ကျင့်ခန်းလုပ်ရုံနဲ့ တနေ့လုံး ထိုင်နေခြင်းရဲ့ ဆိုးကျိုးတွေကို မကာကွယ်နိုင်ဘူးဆိုတာ သုတေသနတွေက အခိုင်အမာ သက်သေပြထားပါတယ်။
သိပ္ပံပညာရှင်တချို့က ဆေးလိပ်နဲ့ နှိုင်းယှဉ်တာဟာ နည်းနည်းတော့ လွန်ကဲလွန်းတယ် လို့ ထောက်ပြကြပါတယ်။ ဓာတုဗေဒအရ ကြည့်ရင် ဆေးလိပ်က ပိုပြီး အဆိပ်သင့်စေတာ မှန်ပါတယ်။ ဒါပေမဲ့ ဆရာဝန်ကြီးတွေ ဒီလို နှိုင်းယှဉ်ရတဲ့ အဓိက အကြောင်းရင်း တခု ရှိပါတယ်။ အဲဒါကတော့ ပမာဏ (Scale) ကြောင့်ဖြစ်ပါတယ်။
ဒီကနေ့ခေတ်မှာ ဆေးလိပ်သောက်သူ ဦးရေက တကမ္ဘာလုံးမှာ သန်း ၁,၀၀၀ ဝန်းကျင်သာ ရှိပေမယ့် တနေ့ကို ၇ နာရီကနေ ၁၅ နာရီအထိ ထိုင်နေတဲ့သူ ဦးရေကတော့ ကမ္ဘာပေါ်က လူတိုင်းနီးပါး ဖြစ်နေပါတယ်။ စမတ်ဖုန်းတွေ၊ ရုံးအလုပ်တွေ၊ ကားမောင်းရတာတွေနဲ့ ဇာတ်လမ်းတွဲတွေကြောင့် ခေတ်သစ်လူသားတွေဟာ သမိုင်းတလျှောက်မှာ အထိုင်အများဆုံး မျိုးဆက်တခု ဖြစ်လာနေပါတယ်။ ဒါဟာ ကမ္ဘာ့လူထု ကျန်းမာရေးအတွက်တော့ ဧရာမ အန္တရာယ်ကြီးတခု ဖြစ်နေလို့ပါပဲ။
တကယ့်ပြဿနာက ထိုင်ခြင်း ကိုယ်တိုင် မဟုတ်ပါဘူး။ မထတမ်း၊ တဆက်တည်း အချိန်အကြာကြီး ထိုင်နေခြင်း ကသာ တကယ့် ပြဿနာပါ။
ဒီအတွက် အကောင်းဆုံး ဖြေရှင်းနည်းကတော့ ဆရာဝန်တွေ အကြံပြုထားတဲ့ NEAT (Non-Exercise Activity Thermogenesis) လို့ခေါ်တဲ့ လေ့ကျင့်ခန်းမဟုတ်သော လှုပ်ရှားမှုများ ကို ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။
မိနစ် ၃၀ တခါ (သို့) ၁ နာရီ ၁ခါ ထိုင်ခုံကနေ မတ်တပ်ထရပ်ပါ။ ရေသွားသောက်တာ၊ ဖုန်းပြောရင် လမ်းလျှောက်ပြီး ပြောတာ၊ အကြောလျှော့တာမျိုးလေးတွေ စက္ကန့် ၆၀ လောက် လုပ်ပေးပါ။ ဒီလို သေးငယ်တဲ့ ကြားဖြတ် လှုပ်ရှားမှုလေးတွေက ပိတ်သိမ်းသွားတဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် အင်ဂျင်ကြီးကို ပြန်လည်နှိုးဆွပေးဖို့ လုံလောက်ပါတယ်။
အချိန်အကြာကြီး ထိုင်ခြင်းရဲ့ ဆိုးကျိုးတွေဟာ ချက်ချင်းလက်ငင်း အသက်အန္တရာယ်ပေးလောက်အောင် မပြင်းထန်ပါဘူး။ သူက တဖြည်းဖြည်းချင်း၊ တိတ်တဆိတ်နဲ့ အချိန်နဲ့အမျှ စုပုံလာတာပါ။ ဒါကပဲ သူ့ကို ပိုပြီး ကြောက်စရာကောင်းစေတာ ဖြစ်ပါတယ်။
အတိတ်ကာလတုန်းက ဆေးလိပ်သောက်ခြင်းရဲ့ ဆိုးကျိုးတွေကို သေချာနားမလည်ခင် အချိန်အထိ လူတိုင်း ဆေးလိပ်သောက်တာ ခေတ်စားခဲ့သလိုပဲ... အခုချိန်မှာလည်း အထိုင်များတဲ့ နေထိုင်မှုပုံစံဟာ အဲဒီလမ်းကြောင်းအတိုင်း အတိအကျ လိုက်နေပါတယ်။
လူသားတွေရဲ့ ခန္ဓာကိုယ်ကြီးဟာ လမ်းလျှောက်ဖို့၊ ပြေးလွှားဖို့နဲ့ လှုပ်ရှားဖို့အတွက် နှစ်သန်းပေါင်းများစွာ ဆင့်ကဲပြောင်းလဲ တည်ဆောက်ထားတာပါ။ တနေ့လုံး ထိုင်ခုံပေါ်မှာ အငြိမ်နေဖို့ မဟုတ်ပါဘူး။
ဒါကြောင့်မို့လို့ ကျန်းမာရေးပညာရှင်တွေက အခုလို သတိပေးနေကြတာ ဖြစ်ပါတယ်။ "ကျွန်တော်တို့ခေတ်ရဲ့ အကြီးမားဆုံးသော ကျန်းမာရေးအန္တရာယ် ဆိုတာ ကျွန်တော်တို့ နေ့စဉ် ပြုလုပ်နေတဲ့ အရာတွေ မဟုတ်ဘဲ... ကျွန်တော်တို့ မလုပ်ဘဲ နေမိတဲ့အရာ (ခန္ဓာကိုယ်ကို လှုပ်ရှားပေးဖို့ မေ့နေခြင်း) ပဲ ဖြစ်ပါတယ်" ဆိုတာကို သတိရရင်း ဒီစာဖတ်အပြီးမှာ မိတ်ဆွေရဲ့ ထိုင်ခုံကနေ မတ်တပ်ထရပ်ပြီး ခဏလောက် အကြောဆန့်လိုက်ပါဦးလို့ အကြံပြုတိုက်တွန်းလိုက်ရပါတယ်။