25/04/2026
မဟာစည်သာသနာ့ရိပ်သာ၊ ဗောဓိပင် (၆၉) ကြိမ်မြောက်
ကဆုန်လပြည့်ဗုဒ္ဓနေ့ ညောင်ရေသွန်းလောင်းပူဇော်ပွဲ
ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား...
လာမည့် ၁၃၈၈-ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) (၃၀-၄-၂၀၂၆) သည် မြတ်စွာဘုရားရှင်နှင့် ပတ်သက်သည့် ထူးခြားမွန်မြတ်သော နေ့ထူးနေ့မြတ် ဖြစ်သည်နှင့်အညီ မဟာစည်သာသနာ့ရိပ်သာ ကြီးအတွင်း၌လည်း အစဉ်အလာမပျက် ကုသိုလ်ပွားများကြမည့် (၆၉) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို အေးမြသန့်စင်သည့် ရေစင်များဖြင့် သွန်းလောင်းပူဇော်ရင်း၊ ဆရာတော်ကြီးများထံမှ သီလယူခြင်း၊ တရားတော်များ နာကြားခြင်းတို့ဖြင့် စိတ်နှလုံးအေးချမ်းမှု ရယူနိုင်ရန် ဓမ္မမိတ်ဆွေများအားလုံးကို မဟာစည်အဖွဲ့ကြီး ၃-ဖွဲ့မှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။
ညောင်ရေသွန်းလောင်းမည့်အစီအစဉ်
၁။ နံနက် (၆:၄၅) နာရီတွင် ယောဂီများ ဟိတေသီဓမ္မာရုံ၌ ရောက်ရှိခြင်း။
၂။ နံနက် (၇:၀၀) နာရီတွင် မဟာစည်ဦးသျှောင် သြဝါဒါစရိယဆရာတော်ကြီး၊ သြဝါဒါစရိယ ဆရာတော်ကြီးများနှင့် နာယက ဆရာတော်များအဖွဲ့ အမှူးပြုသော သံဃာတော်များအား မဟာစည်စံကျောင်းတော်မှ ဟိတေသီဓမ္မာရုံသို့ ပင့်ဆောင်ခြင်း။
၃။ နံနက် (၇:၁၅) တွင် အခမ်းအနားစတင်ဖွင့်လှစ်ကြောင်း ကြေငြာခြင်း။
၄။ မဟာစည် ဦးသျှောင်သြဝါဒါစရိယဆရာတော်ကြီး ဘဒ္ဒန္တပညာစက္က (ဆိပ်ခွန်ဆရာတော်ကြီး) ထံမှ (၈) ပါးသီလခံယူ၍ အနေကဇာတင်နှင့် ပရိတ်တရားတော်များ နာကြားခြင်း။
၅။ မဟာစည်နာယကအဖွဲ့ ဦးသျှောင်သြဝါဒါစရိယဆရာတော်ကြီးထံမှ ဗုဒ္ဓနေ့ တရားတော် ချီးမြှင့်ခြင်းကို နာကြားခြင်း။
၆။ မဟာစည် ဦးသျှောင်သြဝါဒါစရိယဆရာတော်ကြီး ဦးဆောင်၍ (ဟိတေသီ) ဓမ္မာရုံမှ ဗောဓိပင်သို့ ကြွခြင်း။ (ဟိတေသီ အမှုဆောင်များမှ ထီးဖြူမိုး၍ ပင့်ဆောင်ပါမည်)။
၇။ ညောင်ရေသွန်း ဂါထာကို (၃) ကြိမ်ရွတ်ဆို၍ ဆရာတော်များ ညောင်ရေသွန်းလောင်း ပူဇော်ပြီး ပြန်ကြွခြင်း။
၈။ ဆရာတော်များ ပြန်ကြွပြီးလျှင် အဖွဲ့ချုပ်အမှုဆောင်များ၊ ဟိတေသီအမှုဆောင်များ၊ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့အမှုဆောင်များ၊ ယောဂီသူတော်စင်များ ညောင်ရေသွန်းလောင်း ပူဇော်ကြရန် ဖြစ်ပါသည်။
ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်၊ ဟိတေသီအဖွဲ့၊ အမျိုးသမီးယောဂီစောင့်ရှောက်ရေးအဖွဲ့
မဟာစည်သာသနာ့ရိပ်သာ