21/04/2026
ထိုင်းမှာ ကင်ဆာဝေဒနာရှင်တွေအတွက် ဥပဒေသစ်တစ်ခု ထွက်ပေါ်လာတော့မယ့်သတင်း 🧐
ကင်ဆာကုသစရိတ်တွေ သက်သာလာပြီး နယ်ဒေသတွေမှာပါ အဆင့်မြင့်ကုသမှုတွေ ရရှိနိုင်ဖို့ ဘယ်လိုတွေ ပြင်ဆင်နေသလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်! ကျန်းမာရေးအတွက် ကြိုတင်ပြင်ဆင်ထားချင်သူတွေနဲ့ ထိုင်းရဲ့ ဆေးဘက်ဆိုင်ရာ တိုးတက်မှုတွေကို စိတ်ဝင်စားသူတွေအတွက် သတင်းကောင်းပါပဲ။ 💧🏥
ထိုင်းနိုင်ငံမှာ ကင်ဆာရောဂါ ခံစားနေရသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်သန်းစေမယ့် "ကင်ဆာရောဂါ ထိန်းချုပ်ရေးဥပဒေ (Cancer Control Act)" ကို ပထမဆုံးအကြိမ်အဖြစ် ပြဌာန်းဖို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။ 🏥🩺 လက်ရှိမှာ ကင်ဆာဟာ ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်နေပြီး တစ်နှစ်ကို လူနာသစ် ၁ သိန်း ၄ သောင်းကျော် တိုးပွားနေသလို သေဆုံးသူအရေအတွက်ဟာလည်း ၈ သောင်း ၆ ထောင်နီးပါး ရှိနေတာပါ။
ဒီဥပဒေသစ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကင်ဆာကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေကို တစ်စုတစ်စည်းတည်းဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းဖို့ဖြစ်ပါတယ်။ ✨ လက်ရှိမှာ ဆေးဝါးကုသစရိတ်တွေ အဆမတန်မြင့်တက်နေပေမယ့် ကာကွယ်ရေးအပိုင်းမှာ သုံးစွဲမှုက ၉ ရာခိုင်နှုန်းပဲ ရှိနေတာကြောင့် ရှေ့လျှောက် ကာကွယ်ရေးလုပ်ငန်းတွေကို ပိုပြီး အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမှာပါ။ ဥပမာအားဖြင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းအားဖြင့် နောင်အနာဂတ်မှာ ကုသစရိတ် ဘတ် ၃၇ ဘီလီယံကျော်အထိ သက်သာစေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 💉💰
ဒါ့အပြင် နယ်ဒေသတွေမှာ ကင်ဆာဓာတ်ရောင်ခြည်ကုစက်တွေ လုံလောက်မှုမရှိတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် လာမယ့် ၃ နှစ်ကနေ ၄ နှစ်အတွင်း စက်အသစ်ပေါင်း ၄၀ ကျော်ကို လိုအပ်တဲ့ဒေသတွေမှာ ထပ်မံတိုးချဲ့တပ်ဆင်သွားမှာဖြစ်ပါတယ်။ 🛡️ ကုမ္ပဏီတွေ၊ တက္ကသိုလ်တွေနဲ့ ပုဂ္ဂလိကကဏ္ဍတွေကိုပါ ပူးပေါင်းစေပြီး ကင်ဆာဆေးဝါးနဲ့ ကာကွယ်ဆေးတွေကို ပြည်တွင်းမှာတင် ထုတ်လုပ်နိုင်ဖို့အထိ ရည်မှန်းထားတာကြောင့် ထိုင်းနိုင်ငံဟာ ဒေသတွင်း ကင်ဆာကုသရေးဗဟိုချက် (Cancer Hub) ကြီး ဖြစ်လာဖို့ ရှိနေပါတယ်။ 🌍🚀