𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

  • Home
  • Myanmar
  • Yangon
  • 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛

𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 FOR LIFE, WE THRIVE . ©

ဂန်ဂလီယံအရည်အိတ် (𝐆𝐚𝐧𝐠𝐥𝐢𝐨𝐧 𝐂𝐲𝐬𝐭) ဆိုတာ အဆစ်နဲ့ အရွတ်တွေရဲ့ အမြှေးပါးကနေ ဖြစ်ပေါ်လာတဲ့ ကင်ဆာမဟုတ်တဲ့ အရည်ကြည်အိတ်များဖြစ်...
06/03/2026

ဂန်ဂလီယံအရည်အိတ် (𝐆𝐚𝐧𝐠𝐥𝐢𝐨𝐧 𝐂𝐲𝐬𝐭) ဆိုတာ အဆစ်နဲ့ အရွတ်တွေရဲ့ အမြှေးပါးကနေ ဖြစ်ပေါ်လာတဲ့ ကင်ဆာမဟုတ်တဲ့ အရည်ကြည်အိတ်များဖြစ်ပါတယ်။

🦴အဆစ် ဒါမှမဟုတ် အရွတ်ကြောကို ဖုံးအုပ်ထားတဲ့ အမြှေးပါးမှာ ထိခိုက်ဒဏ်ရာကြောင့် စုတ်ပြဲမှုဖြစ်ပေါ်တဲ့အခါ အဲ့ဒီ့အမြှေးပါးမှာ ဖောင်းကြွလာပြီး အရည်အိတ်အဖြစ်နဲ့ ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အဆစ်တွေနဲ့ အရွတ်ကြောတွေပေါ်မှ ဖုံးအုပ်ထားတဲ့ အမြှေးပါးနဲ့ ဆက်စပ်ဖြစ်ပေါ်နေတဲ့ ဒီအရည်အိတ်တွေကို ခန္ဓာကိုယ်ပေါ်မှာ အဖုအကျိတ်ပုံစံနဲ့ တွေ့ရလေ့ရှိပါတယ်။

ဒီအဖုအကျိတ် အရည်အိတ်တွေဟာ များသောအားဖြင့် ဘယ်လိုဝေဒနာမှ မခံစားရဘဲ သူ့အလိုလို ပြန်လည်ပျောက်ကင်းသွားတတ်ပါတယ်။ ဒါပေမဲ့ အာရုံကြောကို ဖိမိလို့ နာကျင်ထုံကျဉ်မှုတွေ ရှိလာရင်တော့ စနစ်တကျ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ 🏥
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

💡 ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းများ

အဆစ်နဲ့အရွတ်ကြော အမြှေးပါးအရည်အိတ် (Ganglion Cyst) ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းအတိအကျကို မသိရပေမဲ့ တစ်ချို့ ယူဆချက်တွေအရ အဆစ် ဒါမှမဟုတ် အရွတ်ကြောတစ်ခုခုမှာ ထိခိုက်ဒဏ်ရာ ရရှိပြီးနောက်မှာ အမြှေးပါးစုတ်ပြဲကာ အရည်တွေ ယိုစိမ့်ထွက်လာပြီး အရည်အိတ် ဖြစ်လာတယ်လို့ ယူဆကြပါတယ်။ အရည်အိတ်ရဲ့ အတွင်းပိုင်းမှာ အဆစ်တွေ ဒါမှမဟုတ် အရွတ်ကြောပတ်လည်မှာ တွေ့ရတတ်တဲ့ စေးပျစ်တဲ့အရည်တွေနဲ့ ပြည့်နေပါတယ်။

🔎 အချို့သော ဂန်ဂလီယံအရည်အိတ်တွေဟာ အလွန်သေးငယ်တာကြောင့် အရေပြားအောက်မှာ အဖုအကျိတ်အနေနဲ့ သိသိသာသာ မမြင်ရပေမဲ့ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒီလိုမျိုး အရည်အိတ်တွေကို တွင်းအောင်းဂန်ဂလီယံအရည်အိတ် (Occult ganglion) လို့ ခေါ်ဆိုကြပါတယ်။

👥 ဖြစ်ပွားနိုင်ခြေများသူတွေကတော့___

● အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုမိုဖြစ်ပွားနိုင်ခြေ (၃) ဆရှိပါတယ်
● အသက် (၂၀-၅၀) နှစ် အရွယ်
● အဆစ်နဲ့အရွတ်ကြော ဒဏ်ရာဟောင်းရှိသူတွေ
● လက်ကောက်ဝတ် လှုပ်ရှားအသုံးပြုမှုများသူတွေ
● အဆစ်ရောင်ရောဂါရှိသူတွေ ဖြစ်ပါတယ်။

“ဂန်ဂလီယံအရည်အိတ်” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။ ✨

#ဂန်ဂလီယံအရည်အိတ်

04/03/2026

"ကလေးငယ်များ အဝလွန်ခြင်းကို အတူတူတိုက်ဖျက်နိုင်ဖို့ လုပ်ဆောင်သင့်တဲ့ အချက်တွေ"ကို ကလေးအထူးကုဆရာ၀န် ဒေါက်တာစုမြတ်စိုးမှ 𝐖𝐨𝐫𝐥𝐝 𝐎𝐛𝐞𝐬𝐢𝐭𝐲 𝐃𝐚𝐲 အထိမ်းအမှတ်အနေဖြင့် ယခု ဗီဒီယိုလေးကနေ အားလုံးအတွက်မျှဝေပေးလိုက်ပါတယ်………

#အဝလွန်

04/03/2026

𝐖𝐨𝐫𝐥𝐝 𝐎𝐛𝐞𝐬𝐢𝐭𝐲 𝐃𝐚𝐲 : 4 March 2026 🌍

မတ်လ (၄) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐎𝐛𝐞𝐬𝐢𝐭𝐲 𝐃𝐚𝐲 အထိမ်းအမှတ်အနေနဲ့ အာဟာရပညာရှင် ‌ဒေါက်တာခင်မာချိုမှ “ကိုယ်အလေးချိန်ပိုခြင်းနဲ့ အဝလွန်ခြင်းကို ကာကွယ်နိုင်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်နေထိုင်မှု အလေ့အကျင့်ကောင်းတွေ”ကို ယခု ဗီဒီယိုလေးကနေ မျှဝေပေးလိုက်ပါတယ်………

#အဝလွန်

👂 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐃𝐚𝐲: 3 March, 2026 🌍Theme: 𝐹𝑟𝑜𝑚 𝑐𝑜𝑚𝑚𝑢𝑛𝑖𝑡𝑖𝑒𝑠 𝑡𝑜 𝑐𝑙𝑎𝑠𝑠𝑟𝑜𝑜𝑚𝑠: ℎ𝑒𝑎𝑟𝑖𝑛𝑔 𝑐𝑎𝑟𝑒 𝑓𝑜𝑟 𝑎𝑙𝑙 𝑐ℎ𝑖𝑙𝑑𝑟𝑒𝑛𝐴𝑐𝑡 𝑛𝑜𝑤 𝑠𝑜 𝑛𝑜 𝑐ℎ...
03/03/2026

👂 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐃𝐚𝐲: 3 March, 2026 🌍

Theme: 𝐹𝑟𝑜𝑚 𝑐𝑜𝑚𝑚𝑢𝑛𝑖𝑡𝑖𝑒𝑠 𝑡𝑜 𝑐𝑙𝑎𝑠𝑠𝑟𝑜𝑜𝑚𝑠: ℎ𝑒𝑎𝑟𝑖𝑛𝑔 𝑐𝑎𝑟𝑒 𝑓𝑜𝑟 𝑎𝑙𝑙 𝑐ℎ𝑖𝑙𝑑𝑟𝑒𝑛
𝐴𝑐𝑡 𝑛𝑜𝑤 𝑠𝑜 𝑛𝑜 𝑐ℎ𝑖𝑙𝑑 𝑖𝑠 𝑙𝑒𝑓𝑡 𝑏𝑒ℎ𝑖𝑛𝑑 𝑑𝑢𝑒 𝑡𝑜 𝑒𝑎𝑟 𝑜𝑟 ℎ𝑒𝑎𝑟𝑖𝑛𝑔 𝑝𝑟𝑜𝑏𝑙𝑒𝑚𝑠

💬 အကြားအာရုံဟာ လူသားတို့ရဲ့ ခံစားမှုအာရုံငါးပါးမှာ အရေးကြီးတဲ့အာရုံခံစားမှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် အကြားအာရုံချို့ယွင်းခြင်း ရှိလာရင် နေ့စဥ် ပြောဆိုဆက်သွယ်မှုတွေကစပြီး လုပ်ငန်းခွင်နေရာအထိ အခက်အခဲအများကြီးတွေ့ကြုံနိုင်ပါတယ်။

📊အကြားအာရုံချို့ယွင်းခြင်းဟာ လူကြီးကလေးမ‌ရွေး အကြောင်းရင်းများစွာကြောင့် ဖြစ်ပွားနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာအနှံ့အပြားမှာ အသက် ၅နှစ် မှ ၁၉နှစ်ကြား ကလေးပေါင်း သန်း (၉၀) ကျော်ဟာ အကြားအာရုံလျော့နည်းဆုံးရှုံးမှုကို ကြုံတွေ့နေရပါတယ်။

🧒 ပိုဆိုးတဲ့အချက်က ကလေးငယ်များမှာ လူကြီးများလိုမဟုတ်ဘဲ အကြားအာရုံချို့ယွင်းတာကို သတိပြုမိနိုင်ဖို့ ခက်ခဲခြင်းဖြစ်ပါတယ်။

👂 ကလေးငယ်များမှာ အကြားအာရုံထိခိုက်လာတဲ့အခါ __ စကားပြောဆိုဆက်သွယ်ခြင်း၊ ဘာသာစကား၊ လူမှုဆက်ဆံရေး၊ စဥ်းစားဆုံးဖြတ်နိုင်စွမ်း အစရှိတဲ့ ဖွံ့ဖြိုးမှုများ ထိခိုက်ကျဆင်းနိုင်တဲ့အပြင် အချိန်မီ စစ်ဆေးကုသမှုတွေ မရခဲ့ဘူးဆိုရင် ဒီကလေးဟာ ပညာသင်ယူနိုင်စွမ်း လျော့နည်းခြင်း၊ ဖယ်ကျဥ်ခံရခြင်း၊ အရွယ်ရောက်လာချိန်မှာ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံးခြင်းများပါ ဆက်လက်ကြုံတွေ့နိုင်ပါတယ်။
ကလေးငယ်တွေမှာ အကြားအာရုံချို့ယွင်းရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ မွေးရာပါချို့ယွင်းမှုကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် "မွေးကင်းစအရွယ် အကြားအာရုံစစ်ဆေးခြင်း" (Newborn Hearing Screening) ဟာ အလွန်အရေးကြီးပါတယ်။ 👶🩺

📍 ကလေးငယ်တွေမှာတွေ့ရတဲ့ အကြားအာရုံပြဿနာ ၆၀% ခန့်ဟာ စောစောစီးစီးသိရှိပါက အလွယ်တကူနဲ့ အကုန်အကျသက်သာစွာ ကာကွယ်ကုသနိုင်ပါတယ်။ ပြဿနာကို စောစောသိလေ၊ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ စကားပြောစွမ်းရည်အတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိလေဖြစ်ပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် နှစ်စဥ် သင့်တော်တဲ့ အကြားအာရုံစစ်ဆေးမှုများ ပြုလုပ်ပြီး အကြာအာရုံချို့ယွင်းမှုကို စောစောသိနိုင်ဖို့ ပုံမှန်စောင့်ကြည့် စစ်ဆေးရပါမယ်။

🌍 ဒါကြောင့် ယခု ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့ 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐚𝐫𝐢𝐧𝐠 𝐃𝐚𝐲 မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “လူထုပတ်ဝန်းကျင်မှသည် စာသင်ခန်းများအထိ အကြားအလပ်မရှိ ကလေးများအားလုံးအတွက် အကြားအာရုံစောင့်ရှောက်မှု ပေးနိုင်ရေး” (𝐹𝑟𝑜𝑚 𝑐𝑜𝑚𝑚𝑢𝑛𝑖𝑡𝑖𝑒𝑠 𝑡𝑜 𝑐𝑙𝑎𝑠𝑠𝑟𝑜𝑜𝑚𝑠: ℎ𝑒𝑎𝑟𝑖𝑛𝑔 𝑐𝑎𝑟𝑒 𝑓𝑜𝑟 𝑎𝑙𝑙 𝑐ℎ𝑖𝑙𝑑𝑟𝑒𝑛) ဆိုတဲ့ ဆောင်ပုဒ်နဲ့ နှိုးဆော်ထားပါတယ်။ 📣

✦ အလွယ်တကူ ‌ရှောင်လွှဲနိုင်တဲ့ အကြားအာရုံဆုံးရှုံးခြင်း အကြောင်းရင်းများကို ကာကွယ်တားဆီးနိုင်ရေး
✦ အကြားအာရုံထိခိုက်စေနိုင်တဲ့ ‌ရောဂါအခြေအနေများကို စောစီးစွာ ရှာဖွေတွေ့ရှိပြီး အချိန်မီ ကုသနိုင်ရေး အချက်နှစ်ချက်ကို ရည်မှန်းချက်ထားပြီး လှုံ့ဆော်နေပါတယ်။

👨‍👩‍👧‍👦 မိမိတို့၏ကလေးငယ်များ အကြားအာရုံချို့ယွင်းမှုကြောင့် ပညာသင်ကြားရေး၊ လူမှုဆက်ဆံရေးများ နောက်ကျကျန်မနေရဘဲ အများနည်းတူ ဖွံ့ဖြိုးတိုးတက်နိုင်စေဖို့၊ ဘဝအောင်မြင်မှုများ ပိုင်ဆိုင်နိုင်စေဖို့ အကြားအာရုံ ပုံမှန်စောင့်‌‌‌‌ရှောက်စစ်ဆေးကြပါစို့ …. 💙💙💙

မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုရင်း တောင်သူလယ်သမားများအားလုံး သီးနှံထွက်နှုန်းတိုး...
02/03/2026

မတ်လ (၂) ရက်နေ့တွင် ကျရောက်သော “တောင်သူလယ်သမားနေ့” အား ဂုဏ်ပြုကြိုဆိုရင်း တောင်သူလယ်သမားများအားလုံး သီးနှံထွက်နှုန်းတိုးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် လိုအင်ဆန္ဒများပြည့်ဝကြပါစေကြောင်း 𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

🥤အချိုရည်ထဲက... သတိထားရမယ့် သကြားကိုယ့်ရဲ့ တစ်နေ့တာ စားသောက်မှုပုံစံမှာ အစားအစာကိုပဲ သတိထားမိပြီး သောက်စရာတွေထဲမှာပါတဲ့ ...
28/02/2026

🥤အချိုရည်ထဲက... သတိထားရမယ့် သကြား

ကိုယ့်ရဲ့ တစ်နေ့တာ စားသောက်မှုပုံစံမှာ အစားအစာကိုပဲ သတိထားမိပြီး သောက်စရာတွေထဲမှာပါတဲ့ သကြား နဲ့ ကယ်လိုရီကို မေ့နေတတ်ကြပါတယ်။

📌 ကျန်းမာရေးအဖွဲ့အစည်းတွေဖြစ်တဲ့ AHA (American Heart Association) နဲ့ WHO (World Health Organization) ရဲ့ လမ်းညွှန်ချက်အရ တစ်နေ့တာစားသုံးတဲ့ ကယ်လိုရီစုစုပေါင်းမှာ ထပ်ဆောင်းသကြား (Added Sugar) စားသုံးမှုကို ၁၀% ထက်မကျော်သင့်ဘဲ၊ ၅% အောက်အထိ လျှော့နိုင်ရင် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

သာမန်လူတစ်ယောက်ရဲ့ တစ်နေ့တာ ကယ်လိုရီ ၂၀၀၀ စားသုံးမှုနဲ့ တွက်ကြည့်ရင် ထပ်ဆောင်းသကြားကို ၅၀ ဂရမ် (လက်ဖက်ရည်ဇွန်း ၁၂ ဇွန်းခန့်) အောက်သာ စားသုံးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေးပညာရှင်တွေကတော့ ဒီ့ထက်ပိုနည်းလေ ကောင်းလေပဲလို့ အကြံပြုထားကြပါတယ်။

⚠️ AHA ရဲ့ တိုက်တွန်းချက်အရ နေ့စဉ်စားသုံးမှုမှာ:
● အမျိုးသမီးများအတွက်: တစ်နေ့ကို ကယ်လိုရီ ၁၀၀ (သကြား ၂၅ ဂရမ် သို့ လက်ဖက်ရည်ဇွန်း ၆ ဇွန်း) ထက်မပိုရပါဘူး။
● အမျိုးသားများအတွက်: တစ်နေ့ကို ကယ်လိုရီ ၁၅၀ (သကြား ၃၆ ဂရမ် သို့ လက်ဖက်ရည်ဇွန်း ၉ ဇွန်း) ထက်မပိုရပါဘူး။

🥤 အချိုရည်အမျိုးမျိုးထဲက လူကြိုက်များကြတဲ့ သောက်စရာတွေရဲ့ ပျမ်းမျှ ကယ်လိုရီနှင့် သကြားပါဝင်မှုကို ကြည့်ကြရအောင် ___
🧋 Bubble Tea (ဘာဘယ်လ်တီး): ယနေ့ခေတ် လူကြိုက်အများဆုံးဖြစ်တဲ့ ဘာဘယ်လ်တီး ၅၀၀ မီလီလီတာ တစ်ခွက်မှာဆိုရင် ကယ်လိုရီ ၃၅၀-၅၀၀ အထိ ရှိပြီး ထပ်ဆောင်းသကြားပမာဏ ၈ ဇွန်းမှ ၁၅ ဇွန်းထိ ပါဝင်နေပါတယ်။ ဘာဘယ်လ်တီးထဲမှာ နို့မှုန့်၊ သကြားအပြင် ကစီဓာတ်အပြည့်ပါတဲ့ ပီလောပီနံနှင့်လုပ်ထားသော သာကူလုံး (Tapioca pearls) တွေကြောင့် သကြားပမာဏဟာ တစ်ခွက်ထဲမှာတင် တစ်နေ့တာစားသုံးသင့်တာထက် ၂ ဆကျော် ရှိနေပါတယ်။
🍫 Chocolate Milkshake (ချောကလက် မစ်ရှိတ်): ၂၉၆ မီလီလီတာ တစ်ခွက်မှာဆိုရင် ကယ်လိုရီ ၃၄၀-၃၆၀ ရှိပြီး ထပ်ဆောင်းသကြား ၁၂ ဇွန်းကျော် အထိ ပါဝင်နေပါတယ်။ ချောကလက်မစ်ရှိတ်မှာ သကြားတင်မကဘဲ ပြည့်ဝဆီ (Saturated Fat) လည်း မြင့်မားစွာ ပါဝင်နေတာကြောင့် သွေးတွင်း ကိုလက်စထရောကို တက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
🥤 Carbonated Soft Drink (အချိုရည်): ကိုလာကဲ့သို့ အချိုရည် ၃၅၅ မီလီလီတာ တစ်ဘူးမှာဆိုရင် ကယ်လိုရီ ၁၄၀-၁၅၀ ရှိပြီး ထပ်ဆောင်းသကြား ၉ ဇွန်းကျော် အထိ ပါဝင်နေပါတယ်။
⚡ Energy Drink (အားဖြည့်အချိုရည်): အားဖြည့်အချိုရည် (ဥပမာ- ကျွဲရိုင်း) ၂၅၀ မီလီလီတာ တစ်ဘူးမှာဆိုရင် ကယ်လိုရီ ၁၁၀ ရှိပြီး ထပ်ဆောင်းသကြား ၆ ဇွန်းကျော် အထိ ပါဝင်နေပါတယ်။ ကဖင်း (Caffeine) ဓာတ် ၈၀ မီလီဂရမ်ခန့် ပါဝင်လို့ လူကိုလန်းစေသော်လည်း နှလုံးခုန်နှုန်း မြန်ခြင်း၊ အိပ်မပျော်ခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များအပြင် ကဖင်းဓာတ်နဲ့ မတည့်တဲ့သူတွေ လုံးဝရှောင်ကြည်သင့်ပါတယ်။

💡 သကြားဓာတ်လျှော့ချဖို့အတွက် အကြံပြုချက်များ ✅

● စုစုပေါင်း ကာဗိုဟိုက်ဒရိတ် (Total Carbohydrates) ဆိုတာ သကြား၊ အမျှင်ဓာတ်နဲ့ ကစီဓာတ် အားလုံးကို စုပေါင်းထားတာ ဖြစ်ပါတယ်။
● သကြား (Sugars) ဆိုတာ ရိုးရှင်းတဲ့ ကာဗိုဟိုက်ဒရိတ် အမျိုးအစား ဖြစ်ပါတယ်။ သကြားဓာတ်မှာဆိုရင် သစ်သီးဖျော်ရည်တွေမှာ ပါဝင်တဲ့ သဘာဝသကြားနှင့် အချိုရည်တွေမှာ ပါဝင်တဲ့ ထပ်ဆောင်းသကြား (ဥပမာ- High fructose corn သို့ Sucrose) နှစ်မျိုးလုံးကို ဆိုလိုပါတယ်။
● သကြား ၄ ဂရမ် ဟာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ညီမျှတယ်လို့ မှတ်သားနိုင်ပါတယ်။
● အာဟာရပါဝင်မှုအညွှန်း (Nutrition Facts label) ကိုကြည့်တဲ့အခါ "Added Sugars" (ထပ်ဆောင်းသကြား) ပမာဏကို အမြဲစစ်ဆေးပါ။
● ထပ်ဆောင်းသကြားကို သုံးထားတဲ့ အချိုရည်တွေကို တတ်နိုင်သမျှ လျှော့သောက်ပါ။
● မုန့်လုပ်တဲ့အခါ သကြားအစား သစ်သီးအနှစ် (Fruit Purees) တွေကို အစားထိုးသုံးကြည့်ပါ၊ ဒါမှမဟုတ် သုံးနေကျ သကြားပမာဏရဲ့ သုံးပုံတစ်ပုံ ကိုသာထည့်ပါ။
● အစားအစာ ၁၀၀ ဂရမ်မှာ သကြား ၅ ဂရမ်အောက် ပါတာမျိုးတွေကို ဦးစားပေးရွေးချယ်ပါ။ သကြား ၁၅ ဂရမ်နဲ့ အထက် ပါနေပြီဆိုရင်တော့ သကြားဓာတ် အရမ်းများလို့ သတိထားသင့်ပါတယ်။

ပျမ်းမျှအားဖြင့် လူအများစုဟာ တစ်နေ့တာ လိုအပ်တဲ့ သကြားပမာဏထက် နှစ်ဆ၊ သုံးဆလောက် ပိုပြီး စားသုံးနေမိကြပါတယ်။ ဒီလို အလွန်အကျွံ စားသုံးခြင်းက ဆီးချို၊ နှလုံးနဲ့ အဝလွန်ခြင်းတို့ကို ဖြစ်စေနိုင်တာကြောင့် အချိုရည်တွေကို သတိထားသောက်သုံးသင့်ပါတယ်။


✨ တင်းတိပ် (𝐌𝐞𝐥𝐚𝐬𝐦𝐚) အကြောင်း သိကောင်းစရာ ✨တင်းတိပ်က အရေပြားအလွှာအတွင်း မယ်လနင် (Melanin) ခေါ်  ရောင်ခြယ်ပစ္စည်း ထုတ်လုပ...
27/02/2026

✨ တင်းတိပ် (𝐌𝐞𝐥𝐚𝐬𝐦𝐚) အကြောင်း သိကောင်းစရာ ✨

တင်းတိပ်က အရေပြားအလွှာအတွင်း မယ်လနင် (Melanin) ခေါ် ရောင်ခြယ်ပစ္စည်း ထုတ်လုပ်မှု များလာတာကြောင့် အရေပြားပေါ်မှာ အညိုရောင် (သို့) မီးခိုးပြာရောင်အကွက်တွေ ပေါ်လာတဲ့ အရေပြားရောင်ခြယ်ဆိုင်ရာ အခြေအနေတစ်ခုဖြစ်ပါတယ်။ တင်းတိပ်တွေက မျက်နှာမှာ အဖြစ်များပြီး လက်နဲ့ လည်ပင်းမှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး 🤰 ကိုယ်ဝန်ဆောင်မိခင်များတွင် မကြာခဏတွေ့ရတတ်တာကြောင့် “ကိုယ်ဝန်ဆောင်မျက်နှာဖုံး (Mask of Pregnancy)” လို့လည်း ခေါ်ဆိုကြပါတယ်။

🌍 ကမ္ဘာ့ဖြစ်ပွားမှုနှုန်းမှာ ခန့်မှန်းခြေ (၁%) ခန့်သာရှိသော်လည်း အရေပြားအရောင်ရင့်သူများတွင် ဖြစ်ပွားမှု နှုန်း ပိုမိုမြင့်မားတာကို တွေ့ရပါတယ်။ အထူးသဖြင့် ✦ လက်တင်အမေရိကန်နွယ်ဖွားများတွင် (၉%–၃၀%) ခန့်✦ အရှေ့တောင်အာရှနှင့် တောင်အာရှနွယ်ဖွားများတွင် ခန့်မှန်းခြေ (၄၀%) ခန့် ဖြစ်ပွားကြောင်း သိရှိရပါတယ်။

⚠️ တင်းတိပ်ရှိပါက အောက်ပါတို့ကို သေချာစွာ ရှောင်ကြဉ်ပါ ⚠️

● ဟော်မုန်းကုသမှုများ (အထူးသဖြင့် အီစတိုဂျင်ပါဝင်သော ကုသမှုများ)
● သန္ဓေတားဆေးများ (အထူးသဖြင့် အီစတိုဂျင်နှင့် ပရိုဂျက်စတီရုန်းပါဝင်သော သောက်ဆေးများ)
● တီဗီ၊ လက်တော့ပ်၊ လက်ကိုင်ဖုန်းနှင့် တက်ဘလက်များမှ ထွက်သော LED အလင်းရောင်များ
● အရေပြားကို ယားယံစေသော မိတ်ကပ်များ
● တင်းတိပ်ကို ဖြစ်စေနိုင်သော (သို့) ပိုမိုဆိုးရွားစေနိုင်သော ဆေးဝါးများ
● အမွှေးနံ့ပါသော ဆပ်ပြာများ
● အရေပြားကို ယားယံစေသော အရေပြားထိန်းသိမ်းမှု ထုတ်ကုန်များ
● နေရောင်ခြည်အတုပေး ကိရိယာများ (Tanning beds)
● တင်းတိပ်ကို ပိုမိုဆိုးရွားစေနိုင်သော ဖယောင်းကပ်၍အမွေးနုတ်ခြင်း (Waxing)
● နေရောင်ခြည်နှင့် ထိတွေ့ခြင်း __ နေရောင်ခြည်နှင့် ထိတွေ့ပါက သံအောက်ဆိုဒ် (iron oxides) နှင့် SPF 50 နှင့်အထက် ပါဝင်သော နေရောင်ကာခရင်မ်ကို နှစ်နာရီတိုင်း လိမ်းပေးပြီး နေပူထဲသို့သွားလျှင် နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ထီး သို့မဟုတ် ဦးထုပ် စောင်းပြီးမှသွားပါ
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

“တင်းတိပ်” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။

#တင်းတိပ်

🍓 အရသာလည်းရှိ၊ အာဟာရလည်းပြည့်ဝတဲ့ ရာသီစာ စတော်ဘယ်ရီ 🍓စတော်ဘယ်ရီသီးတွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသီးတွေထဲက တစ်ခုပ...
26/02/2026

🍓 အရသာလည်းရှိ၊ အာဟာရလည်းပြည့်ဝတဲ့ ရာသီစာ စတော်ဘယ်ရီ 🍓

စတော်ဘယ်ရီသီးတွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အသီးတွေထဲက တစ်ခုပါ။ တောက်ပတဲ့ အနီရောင်အ‌ရောင်အဆင်းလေးရယ်၊ မွှေးပျံ့တဲ့ရနံ့နဲ့ စွဲမက်ဖွယ် အချို၊ အချဥ်အရသာလေးက စားသုံးသူတွေကို အကြိုက်တွေ့စေပါတယ်။ ဒီလိုအရသာထူးကဲမှုအပြင် စတော်ဘယ်ရီသီးတွေမှာ လူတို့ရဲ့ တစ်သက်တာကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။

______________________________________

🍓 စတော်ဘယ်ရီသီးများရဲ့ အာဟာရတန်ဖိုး 🌟

📍 သဘာဝအတိုင်း ပြုပြင်ထားခြင်းမရှိတဲ့ စတော်ဘယ်ရီသီးများမှာ စွမ်းအင် (ကယ်လိုရီ) ပါဝင်မှုနည်းပါးပြီး အာဟာရဓာတ်၊ သက်စောင့်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ စတော်ဘယ်ရီသီးတစ်ခွက် (ပျမ်းမျှ ၁၅၀ ဂရမ်) ဟာ အကြမ်းအားဖြင့် ကယ်လိုရီ ၅၀ မျှသာ ပါဝင်ပါတယ်။ ကယ်လိုရီနည်းနည်း၊ အာဟာရများများ လိုချင်သူများအတွက် စတော်ဘယ်ရီသီးများဟာ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ကယ်လိုရီအစား စတော်ဘယ်ရီသီးတွေမှာ ဗီတာမင် စီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) နှင့် အခြားအာဟာရဓာတ်များ အများအပြားပါရှိပါတယ်။

📍 အသေးစိတ်အားဖြင့် စတော်ဘယ်ရီသီး တစ်ခါစားပမာဏမှာ ဗီတာမင် စီ ဓာတ်၊ တစ်ရက်စာလိုအပ်ချက်ထက် ပိုမိုကျော်လွန်စွာ ပါရှိပါတယ်။ ဗီတာမင် စီ ဟာ ကိုယ်ခံအား၊ ဓာတ်တိုးဆန့်ကျင်ခြင်း၊ ကော်လာဂျင်ဓာတ်များ ထုတ်လုပ်ခြင်းများအတွက် အလွန်အရေးကြီးပါတယ်။ နောက်တစ်မျိုးအနေနဲ့ကတော့ ဖောလိတ်ဓာတ်များ ပါဝင်ပါတယ်။ ဒီဖောလိတ်/ဖောလစ်ဓာတ်ဟာဆိုရင် ဒီအင်အေ (DNA) မျိုးဗီဇများ ထုတ်လုပ်မှုမှာ အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါအပြင် စတော်ဘယ်ရီသီးများမှာ လူသားတို့ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ပိုတက်စီယန်၊ မန်ဂနီ့စ်နဲ့ သံဓာတ်၊ မန်ဂနီဆီယမ်ကဲ့သို့သော အခြားဓာတ်ပေါင်းများ ကြွယ်ဝပါတယ်။

📍 စတော်ဘယ်ရီသီးများရဲ့ အာနိသင်များအနက် ထင်ရှားတဲ့အချက်တစ်ခုက ၎င်းတို့ရဲ့ ဓာတ်တိုးဆန့်ကျင်ခြင်း ဂုဏ်သတ္တိဖြစ်ပါတယ်။ ဒါဟာ စတော်ဘယ်ရီသီးများမှာ ပါဝင်တဲ့ ပိုလီဖီနော (polyphenols) လို့ခေါ်တဲ့ အပင်များမှရတဲ့ သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဖြစ်ပါတယ်။ အသေးစိတ်အားဖြင့် anthocyanins, ellagic acid, flavonoids တို့ ပါဝင်ပါတယ်။ Anthocyanins ဓာတ်တွေဟာ စတော်ဘယ်ရီသီးများရဲ့ အနီ‌ရောင် အရောင်အသွေးကို ဖြစ်ပေါ်စေပါတယ်။ လေ့လာမှုများအရ အဆိုပါ anthocyanins ဓာတ်များဟာ ဓာတ်တိုးရောင်ရမ်းခြင်းများကို လျော့ချပေးရာမှာ အရေးပါကြောင်း တွေ့ရှိရပါတယ်။

📍 အဆိုပါ ဓာတ်တိုးရောင်ရမ်းခြင်းများဟာ နာတာရှည်ရောဂါများ (ဥပမာ _ နှလုံးရောဂါ၊ အမျိုးအစား ၂ ဆီးချို‌ရောဂါနှင့် ကင်ဆာရောဂါများစွာ ဖြစ်ပွါးမှုမှာ အရေးပါတဲ့အချက်တစ်ခုအဖြစ် တွေ့ရှိလာပါတယ်။ ဒါကြောင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝတဲ့ စတော်ဘယ်ရီသီးများလို အသီးအနှံများဟာ ဓာတ်တိုးပစ္စည်းများကို တိုက်ဖျက်ပေးခြင်းဖြင့် ခန္ဓာကိုယ်ဆဲလ်များကို ကာကွယ်ပေးပြီး ရေရှည်ကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။
______________________________________

ရောဂါအမျိုးအစားအလိုက် အကျိုးပြုပုံ

💓 နှလုံးရောဂါ 💓
✦ စတော်ဘယ်ရီသီးများမှာ ပါဝင်တဲ့ အမျှင်ဓာတ်၊ ပိုတက်စီယမ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ နှလုံးကျန်းမာရေးကို များစွာ အထောက်အကူပြုပါတယ်။ အမျှင်ဓာတ်များဟာ မကောင်းတဲ့ အဆီဓာတ် “LDL” များကို အူလမ်းကြောင်းမှာ ပေါင်းစပ်ပြီး စွန့်ထုတ်စေပါတယ်။ ပိုတက်စီယမ်ဓာတ်များဟာ ဆိုဒီယမ်ဆားဓာတ်များနှင့် အပြန်အလှန်ဓာတ်ပြုခြင်းဖြင့် သွေးပေါင်ချိန် ထိန်းညှိခြင်းမှာ ပါဝင်ပါတယ်။

✦ လေ့လာချက်များအရ စတော်ဘယ်ရီ ပုံမှန်စားသုံးခြင်းဖြင့် သွေးတွင်းကိုလက်စထ‌ရော လျော့ကျစေခြင်း၊ LDL ကိုလက်စထရောများကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်းများ လျှော့ချပေးခြင်းများဖြင့် သွေးကြောများရဲ့ နံရံများကို ကျန်းမာနေအောင် ထိန်းသိမ်းပေးပါတယ်။

🩸 သွေးတွင်းအချိုဓာတ် ထိန်းညှိခြင်း 🩸
✦ ယေဘုယျအားဖြင့် စတော်ဘယ်ရီသီးများတွင် အချိုဓာတ်အရသာ ပါရှိပါတယ်။ ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုများအရ စတော်ဘယ်ရီသီးများတွင် အချိုဓာတ် (ကာဘိုဟိုဒြိတ်) ပါဝင်မှု (Glycemic load)၊ သွေးတွင်းအချိုဓာတ်မြင့်တက်မှုနှုန်း (Glycemic index) အလွန်နည်းသည်ကို တွေ့ရပါတယ်။ တနည်းအားဖြင့် အခြားအလွန်ချိုသောသစ်သီးများ၊ အချိုဓာတ်ကဲအောင် ပြုပြင်ထုတ်လုပ်ထားသော အစားအစာများ (သရေစာများ) နှင့် ယှဥ်လျှင် သွေးတွင်းအချိုဓာတ် မြင့်တက်မှု လျော့နည်းပါတယ်။ ထို့အပြင် ၎င်းအသီးများတွင် ပါဝင်သော အမျှင်ဓာတ်များသည် အစာခြေနှုန်း၊ အူများမှ အချိုဓာတ်စုပ်ယူနှုန်း လျော့ကျစေနိုင်သည့်အတွက် ဆီးချိုရောဂါရှိသူများတွင် ပမာဏအတိုင်းအတာတစ်ခုအထိ စားသုံးနိုင်ပါတယ်။

✦ ထို့အပြင် လေ့လာဆန်းစစ်ချက်များအရ စတော်ဘယ်ရီတွင် ပါဝင်တဲ့ ပိုလီဖီနောဓာတ်တွေက ခန္ဓာကိုယ်မှ အင်ဆူလင်ဓာတ်ကို တုန့်ပြန်မှု ပိုမိုကောင်းမွန်စေသည့်အတွက် အစာစားပြီး အချိုဓာတ်မြင့်တက်မှုကို လျော့ကျစေပါတယ်။ ထို့ကြောင့် သွေးတွင်းအချိုဓာတ် ထိန်းသိမ်းလိုသူများတွင် အရသာရှိပြီး၊ အာဟာရဓာတ်ကြွယ်ဝကာ အချိုဓာတ်မြင့်တက်မှု နည်းပါးသော စတော်ဘယ်ရီသီးတွေက ‌နှစ်လိုဖွယ်ကောင်းတဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။

⚖️ ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း ⚖️
✦ စတော်ဘယ်ရီသီးတွေက ကျန်းမာတဲ့ စားသောက်မှုပုံစံနှင့် ကိုယ်အလေးချိန်ထိန်းသိမ်းခြင်းတွင် အထောက်အကူရသော ရဲဘော်ရဲဘက်တစ်ဦးဖြစ်ပါတယ်။ ၎င်းတို့မှာ ပါဝင်တဲ့ ရေဓာတ်၊ အမျှင်ဓာတ်တွေက စားသုံးသူများကို ကယ်လိုရီနည်းနည်းဖြင့် စိတ်ကျေနပ်မှုကို ပေးစွမ်းစေနိုင်ပါတယ်။ အစာပြေစာ (သို့) ထမင်းအနပ်ကြီးများတွင် စတော်ဘယ်ရီသီးများကို ထည့်သွင်းစားသုံးခြင်းဖြင့် ပြုပြင်ထားသော၊ အချိုကဲသော အစားအစာများ မစားမိဘဲ အချိုစားသုံးချင်သည့်ဆန္ဒ ပြည့်ဝစေနိုင်ပါတယ်။

✦ စားသောက်မှုအမူအကျင့်များကို လေ့လာကြည့်လျှင်လည်း စတော်ဘယ်ရီသီးတွေရဲ့ အမြင်အားဖြင့် စွဲဆောင်နိုင်မှု၊ အရသာပြည့်စုံမှုတို့က စားသုံးသူကို စိတ်ကျေနပ်မှုရရှိစေကာ ရေရှည်တွင် ကျန်းမာတဲ့ စားသောက်မှုအလေ့အထ စွဲမြဲစွာ ကျင့်သုံးနိုင်ဖို့ အထောက်အကူပြုပါတယ်။

🦠 အစာအိမ်အူလမ်းကြောင်း ကျန်းမာရေး 🦠
✦ စတော်ဘယ်ရီသီးများတွင် ပါဝင်တဲ့ အမျှင်ဓာတ်တွေက အူလမ်းကြောင်း လှုပ်ရှားမှု ကောင်းစေခြင်း၊ အူလမ်းကြောင်းရှိ ကောင်းတဲ့ ဘက်တီးရီးယားများကို အာဟာရ အားကူခြင်းများ ပြုလုပ်ခြင်းဖြင့် အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။ နောက်ပိုင်းလေ့လာမှုများအရ အူလမ်းကြောင်းကျန်းမာရေးက ကိုယ်ခံအားစနစ်၊ ဇီဝဖြစ်စဥ်နှင့် စိတ်ကျန်းမာရေးကို များစွာလွှမ်းမိုးမှု ရှိသဖြင့် အမျှင်ဓာတ်ကြွယ်ဝတဲ့ စတော်ဘယ်ရီသီးတွေက ကိုယ်ခန္ဓာကျန်းမာရေးအတွက် များစွာ တန်ဖိုးရှိပါတယ်။
______________________________________

💡 ကျန်းမာရေးနှင့်အညီ စတော်ဘယ်ရီသီးများ စားသုံးခြင်း 📝

✅ ရာသီချိန်များတွင် စတော်ဘယ်ရီသီးများကို လတ်လတ်ဆတ်ဆတ် ပေါပေါများများ စားသုံးနိုင်ပါတယ်။ သို့သော် ရာသီချိန်မဟုတ်တဲ့ ကာလများတွင် အေးခဲထားသော စတော်ဘယ်ရီသီးများကို ရွေးချယ်နိုင်ပါတယ်။ ၎င်းတို့က လတ်လတ်ဆတ်ဆတ် စတော်ဘယ်ရီသီးများနည်းတူ အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။

သကြားဓာတ်မပါဝင်တဲ့ စတော်ဘယ်ရီယိုကို အေးခဲ (သို့) လတ်ဆတ်တဲ့ စတော်ဘယ်ရီသီးများကို အသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ သံပုရာရည်၊ အစာစေးပျစ်စေတဲ့ သဘာဝပစ္စည်းများ (chia seeds or pectin) အသုံးပြုပြီး နေအိမ်တွင် ကိုယ်တိုင်ပြုလုပ်နိုင်ပါတယ်။

📍 သတိပြုရန်မှာ 📍

● အေးခဲစတော်ဘယ်ရီသီးများ၊ စတော်ဘယ်ရီယို သို့မဟုတ် ဂျယ်လီများကို ဝယ်ယူရာတွင် သကြားအပိုများ မပါဝင်သော အမျိုးအစားများကို ‌ရွေးချယ်ရပါမယ်။
● အာဟာရတန်ဖိုးအများဆုံး ရရှိနိုင်စေရန် စတော်ဘယ်ရီသီးများကို ဝယ်ပြီးချင်းချင်း ညင်သာစွာ ဆေးကြောပြီး စားသုံးခြင်းဖြစ်ပါတယ် (စတော်ဘယ်ရီသီးများတွင် ပါဝင်တဲ့ ဗီတာမင် စီ က အပူနှင့်ထိတွေ့ခြင်း၊ ကြာမြင့်စွာ သိုလှောင်ထားခြင်းများကြောင့် ပျက်စီးဆုံးရှုံးနိုင်ပါတယ်)။

🎯 စတော်ဘယ်ရီသီးများကို သူ့ချည်းသော်လည်းကောင်း၊ အမျိုးမျိုး ပြင်ဆင်ပြုလုပ်၍သော်လည်းကောင်း စားသုံးနိုင်ပါတယ်……

🍓 အချပ်လိုက်လှီး၍ မပြုပြင်ထားသော ဒိန်ချဥ်တွင် ထည့်သွင်း၍ဖြစ်စေ၊ အခြားသစ်သီး၊ almond စေ့များ နှင့် ပေါင်းစပ်ပြီး သီးစုံဒိန်ချဥ်ပြုလုပ်စားသုံးနိုင်ပါတယ်။
🍓 အုတ်ဂျုံ၊ ဂျုံကြမ်း သို့မဟုတ် အစေ့အနှံပြုတ်များတွင် ထည့်သွင်းစားသုံးနိုင်ပါတယ်။
🍓 အခြားသစ်သီးများနှင့် ရော၍ သုတ်စားနိုင်ပါတယ်။
🍓 ဟင်းရွက်သုတ်များတွင်လည်း အချိုဓာတ်အစားထိုးအဖြစ် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
🍓 အစေ့အဆန်များနှင့်တွဲ၍ ကျန်းမာရေးနှင့် ညီညွတ်သော သရေစာအဖြစ် စားနိုင်ပါတယ်။
🍓 ဂျုံကြမ်းကိတ်မုန့်၊ ဝေဖာများနှင့်လည်း တွဲ၍ စားသုံးနိုင်ပါတယ်။
🍓 အချိုမပါသော ချောကလက်အညို၊ ဒိန်ခဲများနှင့် ပေါင်းစပ်၍ အချိုပွဲအနေဖြင့် စားသုံးနိုင်ပါတယ်။
______________________________________

⚠️ သတိပြုရန် ⚠️

● စတော်ဘယ်ရီသီးနဲ့ ဓာတ်မတည့်သူတွေမှာ အချို့သောလက္ခဏာများ (ပါးစပ်တွင်း ခံစားရသော လက္ခဏာများ) ခံစားရနိုင်ပါတယ် (အဖြစ်နည်းပါတယ်)။
______________________________________

🍓 စတော်ဘယ်ရီသီးတွေက စားကောင်းတဲ့ ရာသီပေါ်သစ်သီးတစ်ခုသာမဟုတ်ဘဲ နေ့စဥ်လိုအပ်တဲ့ အာဟာရများကို ဖြည့်ဆည့်ပေးနိုင်တဲ့ အကျိုးပြုအသီးတစ်ခုဖြစ်ပါတယ်။ လူတို့ရဲ့ နှလုံး၊ အစာခြေစနစ်၊ ကိုယ်ခံအား၊ သွေးတွင်းသကြားဓာတ် ထိန်းညှိခြင်းနှင့် အထွေထွေကျန်းမာရေးအတွက် အလွန်အထောက်အကူပြုတဲ့ အာဟာရရင်းမြစ်တစ်ခုဖြစ်ပါတယ်။

🍓 စတော်ဘယ်ရီတွေရဲ့ အာဟာရတန်ဖိုးနှင့် အရသာကောင်းမွန်မှုများအရ ကျန်းမာရေးနှင့် ညီညွတ်တဲ့ အစားအသောက်ပုံစံအမျိုးမျိုးမှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ် [ဥပမာ _ မြေထဲပင်လယ်အစားအစာပုံစံ၊ သွေးပေါင်ချိန်နှင့် အဆီဓာတ် ထိန်းညှိပေးနိုင်သော အစားအစာပုံစံ (DASH diet)]။ စနစ်တကျ စားသုံးလျှင် အရသာနှင့် စိတ်ကျေနပ်မှုသာမက အာဟာရဓာတ်ဖြည့်စွမ်းပေးနိုင်တဲ့ ကျန်းမာရေးအထောက်အကူပြု စတော်ဘယ်ရီသီးများဖြစ်ကြပါတယ်။

#စတော်ဘယ်ရီ

🌫️ 𝐀𝐢𝐫 𝐏𝐨𝐥𝐥𝐮𝐭𝐢𝐨𝐧  _ လေထုညစ်ညမ်းမှုလက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အတွက် စိုးရိမ်ဖွယ်ရာ အခ...
24/02/2026

🌫️ 𝐀𝐢𝐫 𝐏𝐨𝐥𝐥𝐮𝐭𝐢𝐨𝐧 _ လေထုညစ်ညမ်းမှု

လက်ရှိဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုက ကျန်းမာရေးနှင့် ပတ်ဝန်းကျင်အတွက် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ခု ဖြစ်နေပါတယ်။

📊 ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံရဲ့ AQI ဟာ ခရမ်းရောင်အဆင့်သို့ မြင့်တက်ခဲ့ပါတယ်။ လေထုအရည်အသွေးညွှန်းကိန်း (Air Quality Index - AQI) ဆိုတာ ဒေသတစ်ခုရဲ့ လေထုညစ်ညမ်းမှုကို တိုင်းတာနိုင်တဲ့ စံနှုန်းတစ်ခုဖြစ်ပါတယ်။

⚠️ ယခုနှစ် ၂၀၂၆၊ ဖေဖော်ဝါရီလမှာလည်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရဲ့ AQI ဟာ (၁၀၀) ကျော်နေပြီး၊ လိမ္မော်ရောင် မှ အနီရောင်အဆင့် ကူးပြောင်းနိုင်တဲ့ အခြေအနေကို AQI တိုင်းတာမှု အရင်းအမြစ်များမှ သိရှိရပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🏙️ လေထုညစ်ညမ်းမှုဟာ လူတိုင်း၊ သတ္တဝါတိုင်းကို ထိခိုက်စေနိုင်ပါတယ်။ လေထုညစ်ညမ်းမှုကြောင့် ကျန်မာရေးသက်ရောက်မှုများဟာ အသက်အရွယ်၊ ရောဂါအခံ၊ အာဟာရ၊ ကိုယ်ခံအား၊ လူမှုဘဝအဆင့်အတန်း စတာတွေအပေါ် မူတည်ပြီး ပြင်းထန်မှု ကွာခြားနိုင်ပါတယ်။ (ဥပမာ _ ကလေးသူငယ်များ၊ နာတာရှည် အဆုတ်ရောဂါရှိသူများ၊ လူနေထူထပ်ပြီး လေထုညစ်ညမ်းမှုများသည့် နေရာ‌ဒေသတွင် နေထိုင်ရသူများ)

📍လေထုညစ်ညမ်းမှုနှင့် ကာလတိုထိတွေ့မိလျှင် __ မျက်စိနီခြင်း/ နာခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း၊ ထိပ်ကပ်နာဖြစ်ခြင်း စသည်တို့ဖြစ်ပွားနိုင်ပါတယ်။

📍 လေထုညစ်ညမ်းမှုနှင့် ကာလကြာရှည်စွာထိတွေ့မိလျှင်မူ __ ပန်းနာရင်ကျပ်ရောဂါနှင့် နာတာရှည် လေပြွန်ကျဉ်းအဆုတ်ပွရောဂါစသည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ လေဖြတ်ရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းသည့်ရောဂါ၊ အဆုတ်ကင်ဆာနှင့် အခြားကင်ဆာရောဂါများပါ ဖြစ်ပွားနိုင်ခြေရှိပြီး အချိန်မတိုင်မီ သေဆုံးနိုင်ခြေမြင့်မားပါတယ်။

🤰 ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ပျက်ကျခြင်း၊ စောမွေးခြင်း၊ ပေါင်မပြည့်သော ကလေးများ မွေးဖွားခြင်းများ ဖြစ်စေနိုင်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🛡️ လူတစ်ဦးတစ်ယောက်ချင်းအနေဖြင့်လည်း လေထုညစ်ညမ်းမှုမှ မိမိကိုယ်ကို ကာကွယ်နိုင်ရန်အတွက်

✦ လေထုညစ်ညမ်းမှုဆိုင်ရာ သတိပေးကြေငြာချက်များကို ဂရုပြုနားထောင်ခြင်း
✦ သဘာဝဘေးအန္တရာယ်ကဲ့သို့ လေထုညစ်ညမ်းနိုင်သည့် သတိပေးချက်ရှိလျှင် ပြင်ပမထွက်ဘဲ မိမိအိမ်တွင်သာ နေထိုင်ရန်၊ ပြတင်းပေါက်များ၊ တံခါးများပိတ်ထားခြင်း
✦ လေထုညစ်ညမ်းမှု ပြင်းထန်သည့်နေ့များတွင် ပြင်ပ၌ အားကစားပြုလုပ်ခြင်းများကို ရှောင်ကြဥ်ခြင်း
✦ မိမိအိမ်တွင်လည်း သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီသင့်လျော်သော ရင်းမြစ်နှင့် စက်ပစ္စည်းများကိုသာ သုံးစွဲခြင်း
✦ သစ်သား၊ သစ်ရွက်၊ စက္ကူစသည်တို့ကို မီးရှို့ခြင်းများ မပြုလုပ်ခြင်း
✦ ဆေးလိပ်ငွေ့ကင်းစင်သော ပတ်ဝန်းကျင်များတွင် နေထိုင်ခြင်း စသည်တို့ ပြုလုပ်နိုင်ပါတယ်။

👨‍⚕️ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်တတ်သော ရောဂါလက္ခဏာများ သတိထားမိပါက မိသားစုဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသင့်ပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

“လေထုညစ်ညမ်းမှုနှင့် ကျန်းမာရေး” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။

#လေထုညစ်ညမ်းမှု

23/02/2026

💚 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞𝐬𝐭𝐲𝐥𝐞 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐃𝐚𝐲 💚

🌿 ကျန်းမာစွာနေထိုင်ပြီး စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ အပြည့်အဝ လုပ်ဆောင်နိုင်ဖို့ အထိရောက်ဆုံးနည်းလမ်းက ကျန်းမာတဲ့ နေထိုင်စားသောက်မှု အလေ့အကျင့်တွေကို မိမိတို့ရဲ့ ဘဝတစ်လျှောက်လုံး စွဲမြဲစွာပြုလုပ်ခြင်းဖြစ်ပါတယ်။

🎥 “ကျန်းမာသော နေထိုင်စားသောက်မှု အလေ့အကျင့်တွေ”ကို သိရှိနိုင်ဖို့ ဗီဒီယိုလေးကို ကြည့်ရှုပြီး ဒီအလေ့အကျင့်ကောင်းတွေကို မိမိတို့ရဲ့ နေ့စဉ်လူနေမှုဘဝမှာ ဒီနေ့ကစလို့ ပိုပြီးလုပ်ဆောင်လိုက်ကြပါစို့။

🩸 သွေးစစ်ခြင်း _ 𝐁𝐥𝐨𝐨𝐝 𝐓𝐞𝐬𝐭𝐬 က ကျန်းမာရေးစောင့်ရှောက်မှုမှာ ဆေးပညာရှင်တွေ အများဆုံး အသုံးပြုတဲ့ အခြေခံစစ်ဆေးမှုဖြစ်ပြီး ...
21/02/2026

🩸 သွေးစစ်ခြင်း _ 𝐁𝐥𝐨𝐨𝐝 𝐓𝐞𝐬𝐭𝐬 က ကျန်းမာရေးစောင့်ရှောက်မှုမှာ ဆေးပညာရှင်တွေ အများဆုံး အသုံးပြုတဲ့ အခြေခံစစ်ဆေးမှုဖြစ်ပြီး ✅ လူတစ်ဦးရဲ့ ကျန်းမာရေးအခြေအနေကို ခြုံငုံဖော်ပြပေးနိုင်ခြင်းနဲ့ ✅ အချို့ရောဂါများအတွက် တိကျသောအဖြေပေးနိုင်ခြင်းဆိုတဲ့ ရည်ရွယ်ချက်နှစ်မျိုးနဲ့ အသုံးပြုကြပါတယ်။

🔬 သွေးစစ်ခြင်းဖြင့် သွေးဆဲလ်များ (သွေးအား၊ သွေးဥမွှား) ၊ ကိုယ်တွင်းရှိ Electrolytes သက်စောင့်ဓာတ်ဆားများ၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် အသည်းနဲ့ ကျောက်ကပ် ကဲ့သို့သော ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ငန်းဆောင်တာတွေ ပုံမှန်ဖြစ်မဖြစ်ကိုပါ စစ်ဆေးနိုင်ပါတယ်။

⚠️ အရေးကြီးတာက သွေးစစ်ချက်အများစုဟာ ရောဂါလက္ခဏာများပေါ် မူတည်ကာ ရောဂါရှာဖွေရာမှာ အထောက်အကူပြုတာသာဖြစ်ပြီး သွေးအဖြေတစ်ခုတည်းနဲ့ ရောဂါအမည်တပ်ဖို့ မဖြစ်နိုင်တာကို သတိပြုဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သွေးအဖြေ ပုံမှန်မဟုတ်ရုံနဲ့ ပြင်းထန်တဲ့ရောဂါရှိနေပြီလို့ တထစ်ချ မှတ်ယူဖို့ မလိုပါဘူး။

👨‍⚕️ သွေးအဖြေတွေက ကိုယ်ခန္ဓာတွင်းရှိ ပြောင်းလဲမှုတွေကို ဖော်ပြပါတယ်။ ဆရာဝန်တွေက လူနာရဲ့ ရောဂါလက္ခဏာတွေနဲ့ သွေးအဖြေတွေကို ဆက်စပ်ပုံဖော်ပြီး ရောဂါရှာဖွေပါတယ်။ တစ်ခါတစ်ရံ လိုအပ်ပါက အခြားသွေးစစ်ဆေးမှုများကိုလည်း ထပ်လုပ်ဖို့ ညွှန်ကြားနိုင်ပါတယ်။

✦ ဥပမာ - သွေးအားနည်းတာကိုတွေ့ရင် လူနာရဲ့လက္ခဏာတွေနဲ့ ချိတ်ဆက်ပြီး သွေးရောဂါ၊ သွေးကင်ဆာ (သို့) အခြားရောဂါတစ်ခုကြောင့် သွေးအားနည်းတာလား စသဖြင့် အကြောင်းရင်းတွေကို ဆက်လက်ရှာဖွေပါတယ်။
✦ Electrolyte ဓာတ် ပုံမှန်မဟုတ်ပါက ဖြစ်စေတဲ့ ဆက်စပ် အကြောင်းရင်းကို ရှာဖွေဖော်ထုတ် ကုသပါတယ်။
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

🛡️ 𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 မှာ ယုံကြည်စိတ်ချစွာဖြင့် စစ်ဆေးနိုင်ပါပြီ! ✅

CLL HEALTH ရောဂါရှာဖွေရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် "သွေးစစ်ဆေးခြင်း" ဝန်ဆောင်မှုကို ယုံကြည်စိတ်ချစွာဖြင့် ရယူနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ 🎊
⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣⁣______________________________________

“သွေးစစ်ခြင်း” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။

#သွေးစစ်ခြင်း

ကိုယ်နံ့ (သို့) ချိုင်းနံ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပြီလား? 🤔✨🤢 ခန္ဓာကိုယ်ကနေ မနှစ်မြို့ဖွယ် အနံ့အ...
19/02/2026

ကိုယ်နံ့ (သို့) ချိုင်းနံ့ကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးနေပြီလား? 🤔✨

🤢 ခန္ဓာကိုယ်ကနေ မနှစ်မြို့ဖွယ် အနံ့အသက်တွေ ထွက်ရှိတာဟာ လူတိုင်းနီးပါး ခံစားဖူးတဲ့ အခြေအနေတစ်ခုပါ။ ဆေးပညာအရ Bromhidrosis လို့ ခေါ်ပြီး အသိသာဆုံးနေရာက ချိုင်းနံ့နံခြင်း ဖြစ်ပါတယ်။ 💦

🦠 ကိုယ်နံ့နံတာက ခန္ဓာကိုယ်ရဲ့ ချွေးဂလင်းတွေက ထုတ်တဲ့ ချွေးနဲ့ အရေပြားမျက်နှာပြင်က ဘက်တီးရီးယားတွေရဲ့ အပြန်အလှန် ဓာတ်ပြုသက်ရောက်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ချွေးက အနံ့မရှိပေမယ့် သူ့ကို ဘက်တီးရီးယားတွေက ဖြိုခွဲလိုက်တဲ့အခါမှ အနံ့ဆိုးတွေ ထွက်ပေါ်လာစေပါတယ်။ ချိုင်းနံ့နံတာက နေ့စဥ်လူနေမှုဘဝကိုသာမက စိတ်ပိုင်းဆိုင်ရာအတွက်လည်း သက်ရောက်မှုတွေ ရှိတာကြောင့် ဂရုပြုထိန်းသိမ်းဖို့ လိုအပ်ပါတယ်။

🌿 ချိုင်းနံ့နံခြင်း သက်သာပျောက်ကင်းစေရန် အောက်ပါအတိုင်း စနစ်တကျ လိုက်နာသင့်ပါတယ်။

● စနစ်တကျ ရေချိုးခြင်း 🚿 __ ဘက်တီးရီးယား သေစေနိုင်တဲ့ ဆပ်ပြာနဲ့ ချိုင်းနေရာကို သေသေချာချာ ဆေးကြောပြီး ခြောက်သွေ့အောင်ထားပါ

● ချိုင်းမွှေး ဖယ်ရှားခြင်း 🪒 __ ချွေးနဲ့ ဘက်တီးရီးယားတွေ ခိုအောင်းနိုင်တာကြောင့် ချိုင်းအမွှေးတွေကို ပုံမှန် ရိတ်ခြင်း (သို့) ဖယ်ရှားခြင်း ပြုလုပ်ပါ

● အဝတ်အစား ရွေးချယ်မှု 👕 __ လေဝင်လေထွက်ကောင်းတဲ့ ချည်သားလို အဝတ်အစားတွေ ဝတ်ဆင်ပြီး၊ ချွေးထွက်ပါက ချက်ချင်း လဲလှယ်ပါ

● အစားအသောက် ထိန်းသိမ်းခြင်း ☕ __ အနံ့ဆိုးကို ဖြစ်ပေါ်စေနိုင်တဲ့ အစားအစာတွေနဲ့ အချိုရည်တွေ (ဥပမာ _ ကဖိန်းဓာတ်၊ အရက်) ကို လျှော့သောက်ပါ

“ကိုယ်နံ့ သို့မဟုတ် ချိုင်းနံ့နံခြင်း” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။

#ချိုင်းနံ့ #ချိုင်းချွေး

Address

No. 16, Shin Saw Pu Street Ahlone
Yangon
11121

Alerts

Be the first to know and let us send you an email when 𝗖𝗟𝗟 𝗛𝗘𝗔𝗟𝗧𝗛 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram