26/02/2026
ကင်ဆာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ကြမယ်
အပိုင်း (၃) - ကင်ဆာကိုချေမှုန်းခြင်း (တိကျတဲ့ ကုထုံး - Precision Oncology)
ဆရာဝန်တစ်ယောက်အနေနဲ့ လူနာတိုင်းကို အာမခံချင်တဲ့အချက်က "ကင်ဆာဆိုတာ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုကုသလို့ရနေပြီ" ဆိုတာပါပဲ။
အရင်တုန်းက ကင်ဆာကုသဖို့ဆို ဓာတ်ကင်တာ၊ ဆေးသွင်းတာတွေကို ကင်ဆာအမျိုးအစားအလိုက် အားလုံးအတူတူပဲ ပေးကြရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကုထုံးကိုတုန့်ပြန်မှုက မတူကြဘူး။
အခုခေတ်မှာတော့ ပြောင်းလဲသွားပါပြီ။ ကျွန်တော်တို့မှာ "တိကျတဲ့ ကုထုံး (Precision Oncology)" ဆိုတာ ရှိလာပါပြီ။ ဒီကုထုံးရဲ့ လျှို့ဝှက်ချက်က ကင်ဆာရဲ့ မျိုးဗီဇပုံရိပ်ကို ကြည့်ပြီး ကုသမှုကို ညှိပေးတာပါ။ ဒါကို ဆေးပညာမှာ "ဆေးကုသတဲ့အခါ တစ်ယောက်တည်းအတွက် ချုပ်လုပ်ထားတဲ့အဝတ်အစားလိုမျိုးဖြစ်လို့ (Tailored Therapy)" လို့တောင် ခေါ်ကြပါတယ်။
ဒီလို ကင်ဆာ မျိုးဗီဇအချက်အလက်တွေက ဘယ်လို အကူအညီပေးနိုင်လဲဆိုတာ ရှင်းပြပါမယ်။
၁။ ပစ်မှတ်ထား ကုထုံး (Targeted Therapy) - "စမတ်ကျတဲ့ ဒုံးပျံ"
အရင်ကုထုံးတွေက ကင်ဆာဆဲလ်တွေကို ဗုံးကြဲသလိုပါပဲ။ ကင်ဆာဆဲလ်ရော ပုံမှန်ဆဲလ်ပါ ပါသွားနိုင်တယ်။ အခုခေတ် Targeted Therapy ဆေးတွေကတော့ စမတ်ဒုံးပျံလိုပါပဲ။ သူတို့ကို ကင်ဆာဆဲလ်ရဲ့ မျိုးဗီဇအလွဲ (ဥပမာ - EGFR, BRAF) ဆိုတဲ့ "လိပ်စာ" ကိုသိထားတယ်။ ဒီလိပ်စာကို အတိအကျသွားပြီး ကင်ဆာဆဲလ်ကိုသာ ဖျက်ဆီးတော့တယ်။ ပုံမှန်ဆဲလ်တွေက ဘေးကင်းပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း သိသိသာသာ နည်းပါတယ်။
ဥပမာ: အဆုတ်ကင်ဆာမှာ EGFR ဆိုတဲ့ ဗီဇအလွဲရှိရင် ဓာတ်ကင်တာထက် အဲ့ဒီအလွဲကို သွားပိတ်တဲ့ ကုထုံးကိုသုံးတာက ပိုထိရောက်ပါတယ်။
မှဲ့ကင်ဆာမှာ BRAF ဗီဇအလွဲရှိရင်လည်း အဲ့ဒီ့ဗီဇကို သွားတိုက်တဲ့ ဆေးတွေက အသက်ရှင်နှုန်းကို အများကြီး မြှင့်တင်ပေးနိုင်ပါတယ်။
၂။ ကိုယ်ခံအားစနစ် ကုထုံး (Immunotherapy) အတွက် "မှန်ကန်တဲ့သော့"
ကိုယ်ခံအားစနစ်ဆိုတာ ခန္ဓာကိုယ်ရဲ့ စစ်တပ်ကြီးပါ။ ဒါပေမယ့် ကင်ဆာဆဲလ်တွေက ဒီစစ်တပ်ကို လှည့်စားတတ်တယ်။ "ငါတို့က သူငယ်ချင်းတွေပါ" လို့ လိမ်ညာပြီး ရှောင်တတ်တယ်။ Immunotherapy ဆေးတွေက ဒီလှည့်ကွက်ကို ဖျက်ဆီးပေးတယ်။ ကိုယ်ခံအားစစ်တပ်ကို "ဟေ့ ဒါတွေက ရန်သူတွေပါကွာ" လို့ ပြန်နှိုးဆွပေးတယ်။
ဒီနေရာမှာ မျိုးဗီဇစစ်ဆေးမှုက အရမ်းအရေးကြီးပါတယ်။ ကင်ဆာဆဲလ်မှာ MSI-H သို့မဟုတ် TMB-H လို့ခေါ်တဲ့ ဗီဇအလွဲတွေ အများကြီးရှိနေရင် ကိုယ်ခံအားစနစ်က သူတို့ကို ပိုမြင်လွယ်တယ်။ ဒီလိုလူနာတွေဟာ Immunotherapy ကုသမှုကို အလွန်အမင်း တုန့်ပြန်မှုကောင်းမွန်ကြပါတယ်။ ဒါဟာ ကင်ဆာအမျိုးအစားမရွေး၊ ဗီဇအခြေအနေပေါ် မူတည်ပြီး ကုသနိုင်တဲ့ ဆန်းသစ်တဲ့ နည်းလမ်းပါ။
၃။ မိသားစုအတွက် "ကြိုတင်သတိပေးချက်"
မျိုးဗီဇစစ်ဆေးမှုက မိမိတစ်ယောက်တည်းအတွက်တင် မဟုတ်ပါဘူး။ မိသားစုတစ်ခုလုံးအတွက် အရေးပါပါတယ်။ BRCA လိုမျိုး မွေးရာပါဗီဇအလွဲတွေ့ရင်၊ ဒါဟာ ရင်သားကင်ဆာ၊ သားဥအိမ်ကင်ဆာ စတာတွေ ဖြစ်နိုင်ခြေရှိတယ်ဆိုတဲ့ သတိပေးချက်တစ်ခုပါပဲ။
ဒီသတိပေးချက်ကို သိထားတာနဲ့ ကျွန်တော်တို့က ကြိုတင်ကာကွယ်နိုင်ပါပြီ။ ပုံမှန်စစ်ဆေးမှုတွေ ပိုမိုဂရုတစိုက်လုပ်တာ၊ ကင်ဆာမဖြစ်ခင် ကြိုတင်ဖယ်ရှားတဲ့ ခွဲစိတ်မှုတွေကို စဉ်းစားလာနိုင်တာ စတာတွေပါ။ ဒါဟာ မိသားစုကို ကင်ဆာရန်ကနေ ကာကွယ်ပေးနိုင်တဲ့ အင်အားတစ်ရပ်ပါ။
၄။ ရောဂါကို "ကြိုသိနိုင်တဲ့ မှန်ပြောင်း"
မျိုးဗီဇစစ်ဆေးမှုက ရောဂါအခြေအနေနဲ့ ကုသမှုရဲ့အဖြေကိုပါ ကြိုတင်ခန့်မှန်းပေးနိုင်ပါတယ်။
TP53 လို ဗီဇအလွဲတွေ့ရင် ဒီကင်ဆာက ကုရခက်နိုင်တယ်ဆိုတာ သိထားနိုင်တယ်။
Liquid Biopsy လို့ခေါ်တဲ့ နည်းလမ်းနဲ့ သွေးထဲမှာ ကင်ဆာဆဲလ်တွေရဲ့ DNA အကြွင်းအကျန်ကို ရှာပါတယ်။ ဒါဟာ ကုသမှု အလုပ်ဖြစ်ရဲ့လား၊ ကင်ဆာပြန်ပေါ်ဦးမလား ဆိုတာကို ရောဂါလက္ခဏာမပြခင်ကတည်းက သိရှိစေနိုင်တဲ့ မှန်ပြောင်းတစ်ခုလိုပါပဲ။
ဒီတော့... ကင်ဆာရောဂါနဲ့ ရင်ဆိုင်ရတဲ့အခါ ကြောက်ရွံ့ထိတ်လန့်စရာမလိုပါဘူး။ ကျွန်တော်တို့မှာ ရန်သူ (ကင်ဆာ) ကို သေချာလေ့လာပြီး သူ့ရဲ့အားနည်းချက်ကို ထိပ်တိုက်ရှာတိုက်နိုင်တဲ့ ခေတ်မီလက်နက်တွေ အပြည့်အစုံရှိနေပါပြီ။ ဒီလက်နက်တွေကို အသုံးချဖို့ပဲ လိုတာပါ။
(သတိပြုရန် - အထက်ပါ ဆောင်းပါးသည် ကျန်းမာရေးဗဟုသုတ သိရှိရန်အတွက်သာဖြစ်ပြီး ကိုယ်ရေးကိုယ်တာ ဆေးကုသမှုခံယူရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ရပါမည်။)**
ကိုးကားချက်များ (References):
1.Abbosh, C., et al. (2017). Phylogenetic ctDNA analysis depicts early-stage lung cancer evolution. Nature.
2.Boland, C. R., & Goel, A. (2010). Microsatellite instability in colorectal cancer. Gastroenterology.
3.Cheng, D. T., et al. (2015). Memorial Sloan Kettering-Integrated Mutation Profiling of Actionable Cancer Targets (MSK-IMPACT): A hybridization capture-based next-generation sequencing clinical assay for solid tumor molecular oncology. Nature Biotechnology.
4.Davies, H., et al. (2002). Mutations of the BRAF gene in human cancer. Nature.
5.Hanahan, D., & Weinberg, R. A. (2011). Hallmarks of cancer: the next generation. Cell.
6.Le, D. T., et al. (2017). Mismatch repair deficiency predicts response of solid tumors to PD-1 blockade. Science.
7.Levine, A. J. (2020). p53: 800 million years of evolution and 40 years of discovery. Nature Reviews Cancer.
8.Long, G. V., et al. (2015). Combined BRAF and MEK inhibition versus BRAF inhibition alone in melanoma. The New England Journal of Medicine.
9.Soria, J. C., et al. (2018). Osimertinib in untreated EGFR-mutated advanced non-small-cell lung cancer. The New England Journal of Medicine.
10.Vogelstein, B., et al. (2013). Cancer genome landscapes. Science.
11.Wolff, A. C., et al. (2018). Human epidermal growth factor receptor 2 testing in breast cancer: American Society of Clinical Oncology/College of American Pathologists clinical practice guideline focused update. Journal of Clinical Oncology.