31/12/2024
ကျောက်ကပ်အစားထိုးထားတဲ့လူနာတွေ သောက်သုံးနေရတဲ့ ဆေးဝါးတွေဆိုတာ သူတို့ နေ့စဉ် မရှိမဖြစ် လိုအပ်နေတဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းဆိုရင်တောင် မှားမယ်မထင်ပါဘူး။ လူနာတစ်ယောက်ဟာ အကြမ်းဖျဉ်းအားဖြင့် ကျောက်ကပ် အစားထိုးပြီးသွားရင် Prednisolone ဆိုတဲ့ Steroid ဆေးရယ်၊ Tacrolimus နဲ့ Myophenolate mofetil ဆိုတဲ့ ကိုယ်ခံအားကို ချပေးထားတဲ့ ဆေးတွေ သောက်နေရပါတယ်။ မြန်မာပြည်မှာရော၊ တကမ္ဘာလုံးမှာပါ လူနာအများစုဟာ ဒီဆေးတွေ သောက်နေရတာပါ။
တခြားဆေးတွေမှာ အုပ်စုကွဲတာတွေ မရှိပေမယ့် Myophenolate mofetil မှာတော့ ရိုးရိုး Myophenolate acid ရယ် Myophenolate Sodium ရယ်ဆိုပြီး သံတူကြောင်းကွဲ ရှိနေပါသေးတယ်။ ဘာကိုပဲ သောက်သောက် အာနိသင် ကွဲပြားလွန်းလှတာ မရှိပါဘူး။ ဒါပေမယ့် သာမန်လူ အလွယ်နားလည် အောင်ပြောရရင် ဝမ်းလွယ်တဲ့သူတွေ အတွက် Myophenolate Sodium က ပိုပြီး သင့်တော်ပါတယ်။ အဲဒီဆေးအုပ်စု ၂ ခုမှာ ပါဝင်တဲ့ မီလီဂရမ်တွေ မတူဘူးဆိုတာ သတိထားဖို့ လိုပါတယ်။
ရိုးရိုး Myophenolate Mofetil (Cellcept, Mycept, Immutil, Mydopt, Mofilet စသဖြင့်) မှာ တစ်လုံးကို 500 mg , 250 mg ပါပြီးတော့ Myophenolate Sodium (Myfortic, Mycept S, Immutil S စသဖြင့်) မှာတော့ တစ်လုံးကို 360mg, 180mg ပါပါတယ်။
အာနိသင် အားဖြင့် တစ်မျိုးရဲ့ 500mg ဟာ နောက်တစ်မျိုးရဲ့ 360mg နဲ့ ညီမျှပြီး 250mg ဟာ 180mg နဲ့ ညီမျှတယ်လို့ ပြောလို့ရပါတယ်။
ရံဖန်ရံခါမှာ လူနာတစ်ယောက်ဟာ သူ့ကိုယ်အလေးချိန် အနေအထား တွေပေါ်မှုတည်ပြီး Myophenolate mofetil ကို 1000 mg နှစ်ကြိမ် (သို့) 720mg နှစ်ကြိမ် ' ဒါမှမဟုတ် - 750 mg (သို့) 540 mg နှစ်ကြိမ် သောက်ရပါတယ်။
ဒီတော့ တိုတိုပြောရရင် ရိုးရိုး Myophenolate 750mg သောက်နေတာဟာ 500mg တစ်လုံးနဲ့ 250mg ပေါင်းသောက်နေရတာ ဖြစ်ပြီး Myophenolate Sodium 720mg ဖြစ်တဲ့ 360 mg နှစ်လုံးနဲ့ မတူပါဘူး။ အလားတူပဲ Myophenolate Sodium 540mg သောက်နေတဲ့သူဟာ 360mg တစ်လုံးနဲ့ 180mg တစ်လုံး ပေါင်းသောက်နေရတာ ဖြစ်ပြီး Myophenolate ရိုးရိုး 500mg နဲ့ အာနိသင် ပမာဏ မတူပါဘူး။
ဆေးတွေက လိုအပ်ချက်ရှိရင် ပြောင်းလို့ရပါတယ်။ ဒါပေမယ့် အာနိသင် ပမာဏ ကိုက်ညီမှ အဆင်ပြေမှာပါ။ လတ်တလော ဆေးတွေ တခါတရံ ဝယ်မရတဲ့အခါ တချို့သောဆေးဆိုင် တွေ က 540 mg မရှိဘူး။ အလားတူ 500mg ပဲရှိတယ် စသဖြင့် ရောင်းပေးနေကြတာ ရနေတယ်လို့ သိရပါတယ်။ အလားတူ သလား ဆိုတော့ မတူပါဘူး။ လူနာသောက်နေတာ မီလီဂရမ် အားဖြင့် မတိမ်းမယိမ်း ဖြစ်နေပေမယ့် ညီမျှတဲ့ အာနိသင် မဟုတ်တဲ့အတွက် ထိရောက်မှု ကွာခြားသွားပါပြီ။
Myophenolate Sodium 540mg သောက်နေသူဟာ ၀ယ်လို့မရရင်ရိုးရိုး Myophenolate 750mg သောက်ရမှာ ဖြစ်ပါတယ်။ 500 mg မဟုတ်ပါဘူး။ ဒါတောင် သက်ဆိုင်ရာ ဆရာဝန်ညွန်ကြားချက် မပါဘဲ ပြောင်းသောက်ဖို့ မသင့်ပါဘူး။ မဖြစ်မနေ အနေအထားတွေမှာ ညီမျှတဲ့ အာနိသင် ရစေဖို့ အကြံပေးရတာ ဖြစ်ပါတယ်။
ခက်ခဲတဲ့ကာလတွေမှာ ဝေဒနာရှင်တွေက ပိုပြီး ကြောင့်ကြရတာ များပါတယ်။
အဆင်ပြေပြီး ဘေးကင်းနိုင်ကြပါစေ။