29/08/2025
#လိင်မှုကိစ္စ_ဆင်ခြင်ကြ
#အောင်(ဆေး-၁)
⚕️ ⚕️ ⚕️
အထူးကုဆေးရုံကြီးတစ်ရုံ၏ မြေညီထပ်ရှိ စားသောက်ဆိုင်တွင် ကာလသားရောဂါနှင့်ခုခံအားကျအထူးကုပါရဂူ ပါမောက္ခဒေါက်တာဦးရေချမ်း၊ ရောဂါဗေဒပါရဂူပါမောက္ခဒေါက်တာဦးမြင့်မောင်၊ သမားတော်ကြီးပါမောက္ခဒေါက်တာဦးနှင်းမောင်၊ မီးယပ်နှင့်သားဖွားပါရဂူပါမောက္ခဒေါက်တာဒေါ် မေဇင်နွယ်တို့ ရောက်ရှိနေ၏။ ကာလသားရောဂါအကြောင်း ဆွေးနွေးနေကြ၏။ ပါရဂူများနှင့်အတူ တပည့်လက်ထောက်ဆရာဝန်များဖြစ်ကြသော ဒေါက်တာရဲမြတ်စွာ၊ ဒေါက်တာပွင့်သက်တင်၊ ဒေါက်တာယုစန္ဒာနှင့် ဒေါက်တာခင်ခင်ဦးတို့လည်း ရှိနေ၏။ ပညာဗဟုသုတလိုလားသော တပည့်များဖြစ်ကြ၍ ပါရဂူကြီးများ၏ အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများ၊ ဆွေးနွေးချက်များကို နာယူနေကြ၏။
“ရဲမြတ်စွာရေ ... လူနာဆောင်အမှတ်ခြောက်ကလူနာ ဘယ်လိုနေသေးလဲကွ”
“လူနာဆောင်အမှတ်ခြောက်ကလူနာ အခြေအနေမကောင်းဘူးဆရာကြီး။ ကင်ဆာရောဂါက ပျံ့နေပြီ”
“အေးကွာ။ စိတ်မကောင်းစရာပဲ။ လူနာက ရိုးသားရှာပါတယ်။ သူ့ခင်ပွန်းဆီက HPV ကူးစက်ခံရတယ်။ HPV ကနေ သားအိမ်ခေါင်းကင်ဆာဖြစ်လာတာ”
“ဟုတ်ကဲ့ဆရာကြီး”
“လူနာဆောင်အမှတ်ခြောက်ဆိုတော့ ကမ္ဘာကျော်ရုရှားစာရေးဆရာကြီးချက်ကော့ဗ်ရေးတဲ့ Ward Six ဆိုတဲ့ဝတ္ထုကို သတိရမိတယ်။ ဝတ္ထုထဲကလူနာကတော့ စိတ်ဝေဒနာရှင်ကွ”
“ဟုတ်ကဲ့ဆရာကြီး။ ခင်ပွန်းဆီက ကူးတယ်ဆိုတော့ လိင်ဆက်ဆံရာက ကူးတာပေါ့နော်”
“ဟုတ်တယ်။ သူ့ခင်ပွန်းက လူရှုပ်လူပွေ၊ လိင်အပျော်အပါး လိုက်စားတယ်။ လူနာကတော့ သနားစရာပါ”
“STD က အဖြစ်များလာပြီနော်”
[STD (Sexually Transmitted Diseases) = လိင်ဆက်ဆံရာကနေ ကူးစက်တဲ့ရောဂါတွေ]
“ဟုတ်တယ်။ ဟိုးတစ်ခေတ်က ဆစ်ဖလစ်ရောဂါ အဖြစ်များခဲ့တယ်။ နာမည်ကျော်စာရေးဆရာကြီးသိန်းဖေမြင့် ရေးဖူးတယ်။ ဝတ္ထုနာမည်က “တက်ခေတ်နတ်ဆိုး”တဲ့။ ဇာတ်လိုက်က ဝတ္ထုထဲမှာ ညွန့်မောင်တဲ့။ ဒါပေမဲ့ တကယ့်ဇာတ်လိုက်က မှန်ဘီလူးအောက်မှာမှ မြင်ရတယ်။ ဝက်အူရစ်ကလေးတွေပုံစံ တွန့်တွန့်ကလေးတွေ၊ ဆစ်ဖလစ်ပိုးတွေကွ။ ဆစ်ဖလစ်ကြောင့် လူနာဒုက္ခရောက်ရတယ်။ ဆေးပညာပေးဝတ္ထုပေါ့ကွာ။ သင်ခန်းစာပေးထားတယ်”
♦️ ♦️ ♦️
“အခုခေတ်တော့ STD စာရင်းက များလာပြီနော်ဆရာကြီး”
“ဟုတ်တယ်ကွ။ AIDS ပေါ်လာတော့ ပိုများလာပြီပေါ့။ ပြီးတော့ ဘီပိုး၊ စီပိုးတွေကလည်း လိင်ကတစ်ဆင့် ကူးစက်တယ်။ လိင်အပျော်အပါးတွေကလည်း များလာပြီ။ ပျော်စရာတွေ ပေါလာတော့ ရောဂါကူးစက်နှုန်းလည်း မြင့်တက်လာပြီ”
“HPV ကလည်း လိင်ကတစ်ဆင့် ကူးစက်တာပဲနော်”
“ဟုတ်တယ်။ Human Papilloma Virus လို့ ခေါ်တယ်။ HPV က အတိုကောက်ခေါ်တာ။ ဗိုင်းရပ်စ်ပိုးအမျိုးအစားပဲကွ။ HPV မူကွဲတွေ အများကြီးပဲ။ Type 16 နဲ့ 18 က အရေးကြီးတယ်။ ဒီ Type တွေက သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ခြေ များစေတယ်”
“ဟုတ်ကဲ့ဆရာကြီး”
“HPV က မူကွဲအတော်များတယ်။ စုစုပေါင်း ၂၀၀ ကျော်ရှိတယ်။ တချို့ပိုးက ဒုက္ခပေးတယ်။ တချို့ပိုးက ကသိကအောက်လောက်ပဲ ဖြစ်စေတယ်။ ဒါကြောင့် အဓိကပိုးအုပ်စု နှစ်ခုခွဲထားတယ်။ Type 16 နဲ့ 18 က ဒုက္ခပေးတဲ့အုပ်စုမှာပါတယ်။ ကြောက်စရာကောင်းတယ်”
“HPV က သားအိမ်ခေါင်းကင်ဆာပဲ ဖြစ်စေတာလားဆရာကြီး”
“HPV က သားအိမ်ခေါင်းကင်ဆာတစ်မျိုးတည်း ဖြစ်စေတာ မဟုတ်ဘူး။ အမျိုးသမီးတွေမှာ မွေးလမ်းကြောင်းကင်ဆာ၊ ယောနိကင်ဆာ၊ စအိုကင်ဆာ၊ ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာတွေလည်း ဖြစ်စေနိုင်တယ်။ အမျိုးသားတွေကျတော့ လိင်တံကင်ဆာပါ ပိုလာတာပေါ့။ ကျန်တဲ့ကင်ဆာတွေလည်း ဖြစ်တယ်။ စအိုတို့၊ လည်ချောင်းတို့၊ ခံတွင်းတို့ပေါ့”
“ဒါက High Risk အုပ်စုက ဖြစ်စေတာပေါ့နော်”
“ဟုတ်တယ်။ Low Risk အုပ်စုကတော့ ကင်ဆာဖြစ်လောက်အောင် ဒုက္ခမပေးဘူး။ ဒါပေမဲ့ အရေပြားမှာ ကြွက်နို့တွေ ဖြစ်စေတယ်။ ကြွက်နို့ဖြစ်လာရင် ယားယံတယ်၊ နေရထိုင်ရခက်တယ်။ ပြီးတော့ တခြားလူကို ကူးစက်စေတယ်”
“ကူးတာက ဘယ်လိုကူးလဲဆရာကြီး”
“အများအားဖြင့် လိင်ဆက်ဆံရာကနေ ကူးတာပဲ။ HPV က မွေးလမ်းကြောင်းတို့၊ စအိုတို့မှာ ရှိနေရာက ကူးစက်သွားတာပဲ”
“ဘယ်လိုအခြေအနေမှာ ပိုပြီးကူးစက်သလဲဆရာကြီး”
“Risk Factor တွေက
(၁) ကာကွယ်ဆေးမထိုးရသေးတဲ့လူတွေ၊
(၂) လိင်ဆက်ဆံတဲ့ အဖော်များတဲ့လူတွေ၊
(၃) ရောဂါပိုးရှိသူနဲ့ လိင်ဆက်ဆံမိသူတွေ၊
(၄) အမူအကျင့်နဲ့ပတ်သက်လို့ မသိရသူတွေနဲ့ လိင်ဆက်ဆံမိသူတွေ၊
(၅) လိင်ဆက်ဆံရာမှာ အကာအကွယ်မသုံးသူတွေ၊
(၆) အသက် ၁၈ နှစ်အောက် စောစီးစွာ လိင်ဆက်ဆံမိသူတွေ၊
(၇) နဂိုက လိင်ဆက်ဆံရာမှ ကူးစက်တတ်တဲ့ အခြားရောဂါခံတစ်ခုခု ရှိနေသူတွေ၊
(၈) Chlamydia ရောဂါခံရှိနေသူတွေ၊
(၉) ကိုယ်ခံအင်အား ကျဆင်းနေသူတွေ၊
(၁၀) HIV ပိုး ကူးစက်ခံရသူတွေ၊
(၁၁) ကိုယ်ခံအင်အား နှိမ်ထားတဲ့ဆေးမျိုး သောက်နေရသူတွေ
အဲဒီလိုလူတွေကို ကူးစက်နိုင်ခြေ မြင့်မားတယ်”
“ဟုတ်ကဲ့ဆရာကြီး”
♦️ ♦️ ♦️
“ရောဂါလက္ခဏာကလည်း အမျိုးမျိုးကွ။ ကာယကံရှင်ကိုယ်တိုင် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ HPV က ကူးစက်သွားနိုင်တယ်။ HPV မျိုးကွဲတွေထဲမှာ ၇၅ ရာခိုင်နှုန်းက Common Skin Wart တွေ ဖြစ်လေ့ရှိတယ်။ ကြွက်နို့တွေပေါ့ကွာ။ American Cancer Society အသင်းကြီးရဲ့ အဆိုအရ လက်နဲ့ခြေထောက်မှာ အဖြစ်များတယ်တဲ့။ ဒါပေမဲ့ တစ်ကိုယ်လုံးမှာလည်း နေရာမရွေး ဖြစ်နိုင်သေးတယ်။ HPV မူကွဲတွေရဲ့ ၂၅ ရာခိုင်နှုန်းက Mucosa မှာ ဖြစ်နိုင်တယ်။ Mucosa ဆိုတော့ မွေးလမ်းကြောင်း၊ ခံတွင်း၊ စအို၊ လည်ချောင်း၊ နှာခေါင်း စတာတွေပေါ့ကွာ။ ပြီးတော့ တချို့ကူးစက်မှုတွေမှာ ရောဂါလက္ခဏာ လုံးဝမပြတာလည်းရှိတယ်။ ကြွက်နို့လည်း မတွေ့ရဘူး။ Centers for Disease Control and Prevention အဖွဲ့ကြီးက ပြောတာက တချို့ကူးစက်မှုတွေက ယာယီသဘောပဲတဲ့။ အလိုလိုပျောက်သွားတာလည်း ရှိတယ်တဲ့။ ပုံစံအမျိုးမျိုးရှိတဲ့သဘောပေါ့”
“ရှုပ်ထွေးတဲ့လက္ခဏာတွေပေါ့နော်”
“ဟုတ်တယ်ကွ။ မသိလိုက်ဘဲ ရောဂါရှိတဲ့လူကနေ လူကောင်းကို ကူးစက်သွားနိုင်တယ်။ အပျော်အပါးလိုက်စားရင် ကူးနိုင်ခြေများတယ်”
“အပျော်အပါးရှောင်ကြဉ်ရမှာပေါ့နော်”
“ဟုတ်တယ်။ ရှောင်ကြဉ်ရမယ်။ ကူးစက်ရာကနေ နောက်ဆက်တွဲအနေနဲ့ ကင်ဆာတွေဖြစ်နိုင်တယ်”
“ဘာကင်ဆာတွေ ဖြစ်နိုင်လဲဆရာ”
“ဖြစ်နိုင်တဲ့ ကင်ဆာတွေက
(၁) Cervical Cancer
(၂) Vulvar Cancer
(၃) Vaginal Cancer
(၄) Pe**le Cancer
(၅) A**l Cancer
(၆) Oropharyngeal တွေပဲကွ”
“ကြောက်စရာကြီးပါလား”
“ဟုတ်တယ်။ ကြောက်စရာကြီးပဲ။ သတိထားစရာပဲ”
♦️ ♦️ ♦️
“HPV ရှိမရှိ ဘယ်လိုသိနိုင်သလဲဆရာကြီး”
“ပထမအဆင့်က Physical Examination ပေါ့။ ဆရာဝန်က လူနာကို စမ်းသပ်မယ်။ ကြွက်နို့နေရာကို သေသေချာချာကြည့်မယ်။ လိုအပ်ရင် Biopsy လုပ်မယ်။ ရောဂါရှိတဲ့နေရာက အသားစနမူနာယူပြီး စစ်ဆေးတာပေါ့”
“ဟုတ်ကဲ့ဆရာကြီး”
“အမျိုးသမီးလူနာကျတော့ နောက်တစ်ခုလိုတယ်။ Colposcopy လို့ခေါ်တယ်။ သားအိမ်ခေါင်းက ကြွက်နို့က သိပ်သေးလွန်းရင် ရှာရခက်တယ်။ ဒါကြောင့် Light နဲ့ Low-Power Microscope သုံးပြီးရှာရတယ်။ ပြီးတော့ HPV Test လုပ်နိုင်တယ်။ Pap Test လုပ်နိုင်တယ်။ လိုအပ်လာရင် ထပ်ပြီးစစ်ဖို့ပါပဲ။ သေချာအောင်ပေါ့”
“သားအိမ်ခေါင်းကင်ဆာလို့ မသင်္ကာစရာဖြစ်လာရင် ဘာလက္ခဏာတွေ တွေ့နိုင်ပါသလဲဆရာကြီး”
“အမျိုးသမီးတွေမှာ လစဉ် ရာသီလာတာ နဂိုထက်များလာတာ ဖြစ်နိုင်တယ်။ ရာသီမလာရမယ့် ကြားကာလတွေမှာ သွေးဆင်းတာ ဖြစ်နိုင်တယ်။ ပုံမှန်အချိန် သွေးဆင်းပေမယ့် ခါတိုင်းထက်ပိုဆင်းတာ ဖြစ်နိုင်တယ်။ အဖြူဆင်းတာ ဖြစ်နိုင်တယ်။ နာကျင်ကိုက်ခဲတာ ရှိနိုင်တယ်။ ပြည်လိုလို သွေးလိုလို အရည်တွေဆင်းတာ ဖြစ်နိုင်တယ်။ ပေါ့ပေါ့ဆဆမနေဘဲ မိသားစုဆရာဝန်ကို စောစောစီးစီးပြသင့်တယ်”
“ဟုတ်ကဲ့ဆရာကြီး”
“သားအိမ်ခေါင်းကင်ဆာကလည်း အဖြစ်များတဲ့ရောဂါတစ်ခုပါပဲ။ ရောဂါရင့်လာရင် အဆုတ်၊ အသည်း၊ ဆီးအိမ်၊ မွေးလမ်းကြောင်း၊ အစာဟောင်းအိမ် စတာတွေကို ပျံ့နှံ့သွားတတ်တယ်။ ရောဂါကျွမ်းသွားရင် ကုလို့မရတော့ဘူး”
“ခင်ပွန်းသည်က မဆင်ခြင်ရင် အပြစ်မဲ့တဲ့အိမ်ထောင်ရှင်မက ဒုက္ခရောက်တာပေါ့နော်”
“ဟုတ်တယ်။ ဒါကြောင့် အပျော်အပါးရှောင်ကြရမယ်”
♦️ ♦️ ♦️
“လိင်အပျော်အပါးကနေ ကူးစက်တာ တခြားရှိသေးလား ဆရာကြီး”
“ရှိတာပေါ့ကွာ။ အများကြီးပဲ။ စာရင်းရေးပြရင် အရှည်ကြီးကွ။ တစ်ခုတော့ ရှိတယ်။ တချို့ရောဂါက အဖြစ်များတယ်။ တချို့ရောဂါက ဖြစ်နှုန်းနည်းတယ်။ ဒုက္ခပေးတတ်တာကတော့ အကုန်အတူတူပဲ။ ဝေးဝေးရှောင်မှ ဖြစ်မယ်”
“အဖြစ်များတာတွေက ဘာတွေလဲဆရာကြီး”
“ဆစ်ဖလစ်၊ ဆီးပူညောင်းကျ၊ အေအိုင်ဒီအက်စ်၊ စီပိုး၊ ဘီပိုး၊ ပြီးတော့ ဆီးလမ်းကြောင်းရောင်ရမ်းစေတဲ့ ပိုးတွေပေါ့ကွာ”
“ဟုတ်ကဲ့ဆရာကြီး”
“တချို့ရောဂါတွေက ကင်ဆာပါဖြစ်စေတာ။ ကြောက်ဖို့ ကောင်းတယ်။ အေအိုင်ဒီအက်စ်က နာမည်ကျော်ပဲ။ HIV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာ။ ဒီရောဂါကနေ Kaposi sarcoma ဆိုတဲ့ ကင်ဆာတစ်မျိုးဖြစ်စေတယ်။ ဘီပိုးနဲ့ စီပိုးက အသည်းကင်ဆာဖြစ်စေတယ်။ စောစောမသိရင် ရောဂါကျွမ်းသွားပြီး လူနာကို ဒုက္ခပေးတတ်တယ်”
“ဆစ်ဖလစ်က တစ်ချိန်က နာမည်ကြီးခဲ့တယ်နော်”
“ဟုတ်တယ်။ “တက်ခေတ်နတ်ဆိုး”ဝတ္ထုကြီးထဲက တကယ့်ဇာတ်လိုက်က ဆစ်ဖလစ်ရောဂါပိုးပဲ။ ရောဂါဖြစ်စဉ်က နှစ်ပေါင်းအတော်ကြာမှ ဒုက္ခပေးတာ။ Primary Stage, Secondary Stage, Tertiary Stage ဆိုပြီး အဆင့်သုံးဆင့်ရှိတယ်။ နောက်ဆုံးအဆင့်မှာ ဦးနှောက်၊ အာရုံကြော၊ ပင်မသွေးလွှတ်ကြောမကြီး စတာတွေကို ဒုက္ခပေးတော့တာပဲ။ သန္ဓေသားကိုလည်း ဒုက္ခပေးတယ်။ မွေးလာရင် Congenital Syphilis ဆိုပြီး မွေးရာပါရောဂါရတတ်တယ်။ အတော်ဆိုးတဲ့ရောဂါပါ။ ဆေးဝါးကောင်းတွေပေါ်လာလို့ ဖြစ်နှုန်းနည်းသွားပေမယ့် ရှိတော့ရှိသေးတယ်”
“ဟုတ်ကဲ့ဆရာကြီး”
“ဂနိုလို့ လူသိများတဲ့ ဆီးပူညောင်းကျရောဂါကျတော့ ပြဿနာက နောက်တစ်မျိုးကွ။ ဆေးဝါးတွေကို ခုခံနိုင်စွမ်းရှိတတ်တယ်။ ဆေးမတိုးဘူး။ ပါရဂူတွေ အတော်ဦးနှောက်ခြောက်ရတယ်။ ကူးစက်နှုန်းကလည်း မြန်တယ်။ သတိထားရမယ်”
“ဟုတ်ကဲ့ဆရာကြီး”
“STD ရောဂါတွေက ကြောက်စရာတွေပါပဲ။ ဒါကြောင့် အပျော်အပါးဆင်ခြင်ရမယ်။ တစ်လင်တစ်မယားစနစ် ကျင့်သုံးရမယ်။ ဇနီးနဲ့ခင်ပွန်း အပြန်အလှန် သစ္စာရှိရမယ်။ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရမယ်။ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ကန်တာတွေ ရှောင်ကြဉ်ရမယ်”
“ဟုတ်ကဲ့ဆရာကြီး”
♦️ ♦️ ♦️
ထိုစဉ် ဒေါက်တာကျော်ဆွေသိန်းရောက်ရှိလာ၏။
“ဆရာကြီး ... ကျွန်တော့်လူနာက ဆေးမတိုးတဲ့ ဂနိုရောဂါ ဖြစ်နေပါတယ်။ ဆရာကြီး ကုပေးပါဦး။ ဆရာကြီးကို အပ်ပါတယ်”
“ရပါတယ်ကွာ။ ဆေးရုံကို လွှတ်လိုက်ပါ”
“ဆရာကြီးကို တစ်ခုလောက် တင်ပြချင်ပါတယ်”
“ပြောလေကွာ။ ဘာများလဲ”
“လူနာက ပြောတယ်။ သူ အပျော်အပါးလိုက်စားတုန်းက “အသစ်”ကလေးပါတဲ့။ ဘာလို့ရောဂါကူးတာလဲတဲ့”
“အဲဒါ သတိထားရမယ့်အချက်ပဲ မောင်ကျော်ရ။ အပျော်အပါးနဲ့ဆိုင်တဲ့လောကမှာ အသစ်မရှိဘူး။ သူတို့ကတော့ ပြောမှာပဲ။ “အသစ်”ကလေးပေါ့ကွာ။ ဒါပေမဲ့ ဟောင်းနေပါပြီ။ ဒါကို သိရမယ်”
“ဟုတ်လားဆရာကြီး”
“ဟုတ်တယ်ကွ။ မောင်ကျော်သိထားဖို့က စာအုပ်အသစ်၊ လွယ်အိတ်အသစ် လိုချင်ရင် ရနိုင်တယ်။ ဟိုဟာက “အသစ်” မရှိဘူးကွ”
“ဒါဆို နောင်ကို ဆင်ခြင်ခိုင်းမှပဲ”
“ဟုတ်တယ်။ ဆင်ခြင်ခိုင်းကွ။ ပြီးတော့ ရောဂါတွေအကြောင်း ရှင်းပြလိုက်။ ကြောက်စရာကောင်းတာ သိပါစေ”
“ဟုတ်ကဲ့ပါဆရာကြီး။ ကျေးဇူးတင်ပါတယ်ဆရာကြီး”
#အောင် (ဆေး-၁)
္ဂဇင်း
ွန်လထုတ်