23/06/2025
"သွေးလွန်တုပ်ကွေး အန္တရာယ်" 🦟
🌧️ မိုးရာသီ စတင်ပြီဆိုတာနဲ့ ကျွန်ုပ်တို့ လူသားတွေအတွက် ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါဘယ အမျိုးမျိုးနဲ့ ရင်ဆိုင်ရပြန်ပါပြီ။ အထူးသဖြင့် ဒီမိုးရာသီမှာ မိဘတိုင်း စိုးရိမ်ပူပန်ရတဲ့ ရောဂါတစ်ခုကတော့ သွေးလွန်တုပ်ကွေး ပါပဲ။
သွေးလွန်တုပ်ကွေး ဘယ်လိုဖြစ်ပွားသလဲ။
သွေးလွန်တုပ်ကွေးကို ခြင်ကျား (Aedes) လို့ခေါ်တဲ့ ရေကြည်ရေသန့်မှာ ပေါက်ပွားတတ်တဲ့ ခြင်အမတွေက သယ်ဆောင်လာတဲ့ ဗိုင်းရပ်စ် ကြောင့် ကူးစက်တာဖြစ်ပါတယ်။ ဒီခြင်တွေဟာ အများအားဖြင့် နေ့ခင်းဘက် တွေမှာ ကိုက်တတ်ပါတယ်။
ရောဂါလက္ခဏာများ- သတိထားရမည့် အဆင့်ဆင့်ပြောင်းလဲမှု
--- သွေးလွန်တုပ်ကွေးရောဂါဟာ Dengue Fever (အဖျားစဝင်ချိန်) ကနေစပြီး Dengue Hemorrhagic Fever (သွေးယိုစီးမှုဖြစ်ခြင်း) ၊ နောက်ဆုံး Dengue Shock Syndrome (သွေးလန့်ခြင်း) အထိ အဆင့်ဆင့် ပြောင်းလဲတတ်ပါတယ်။
အဖျားစဝင်ချိန် (Dengue Fever) မှာ ပုံမှန်တုပ်ကွေးနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။
- ဖျားခြင်း
- ကိုယ်လက်ကိုက်ခဲခြင်း
- ခေါင်းကိုက်ခြင်း
- ပျို့အန်ခြင်း
- အရေပြားမှာ အစက်အပြောက်များ ထွက်ခြင်း
ဒီအခြေအနေမှာ (၅) ရက်ကနေ (၇) ရက်အတွင်း ပြန်လည်ကောင်းမွန်သွားနိုင်ပေမယ့်၊ တချို့လူတွေမှာတော့ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေ ဆက်ဖြစ်လာနိုင်ပါတယ်။
ပိုမိုပြင်းထန်လာသော လက္ခဏာများ (သွေးယိုစီးမှုနှင့် သွေးလန့်ခြင်း)
ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုတွေ စတင်လာပြီဆိုရင် အသက်အန္တရာယ်ရှိတဲ့ အခြေအနေကို ရောက်ရှိနိုင်ပါတယ်။
သတိထားရမယ့် လက္ခဏာတွေကတော့
- ကော်ဖီရောင်အန်ခြင်း
- ဝမ်းမည်းမည်းသွားခြင်း
- ဗိုက်အလွန်အမင်းအောင့်ခြင်း
- အရေပြားအောက်တွင် သွေးခြေဥခြင်း / သွေးယိုခြင်း
- နှာခေါင်းသွေးယိုခြင်း
- ရုတ်တရက် ခြေဖျားလက်ဖျားများ အေးစက်လာခြင်း
- သွေးဖိအားကျဆင်းခြင်း (သွေးလန့်ခြင်း)
- ကလေးငယ်များ အရမ်းမှိန်းခြင်း နှင့်
- အစာရေစာမစားနိုင်ဘဲ အန်ခြင်း တို့ ဖြစ်ပါတယ်။
သွေးလန့်ခြင်း (Shock) ကို အချိန်မီမကုသနိုင်ရင် ဖျားနာသူ တက်ခြင်း၊ ဦးနှောက်ပျက်စီးခြင်း၊ အသည်းနှင့် အဆုတ်ပျက်စီးခြင်း၊ နှလုံးထိခိုက်ခြင်းတို့ကနေ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
အထူးသဖြင့် လသားကလေးငယ်များ၊ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ (သန္ဓေသားကိုပါ ကူးစက်နိုင်)၊ သက်ကြီးရွယ်အိုများနဲ့ ကိုယ်ခံအားကျဆင်းနေသူများ ဟာ သွေးလွန်တုပ်ကွေး ကူးစက်ခံရနိုင်ခြေ ပိုများပါတယ်။
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ် အမျိုးအစားများနှင့် အန္တရာယ်
သွေးလွန်တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်အမျိုးအစား ၄ မျိုး (DEN-1, DEN-2, DEN-3, DEN-4) ရှိပါတယ်။ တစ်ကြိမ်ဖြစ်ဖူးတာနဲ့ အဲဒီဗိုင်းရပ်စ်အမျိုးအစားအတွက် ကိုယ်ခံအားရနိုင်ပေမယ့်၊ ကျန်တဲ့အမျိုးအစားတွေနဲ့ ထပ်မံကူးစက်နိုင်ပါသေးတယ်။ အရင်က ဖြစ်ဖူးသူတွေဟာ နောက်တစ်ကြိမ် ကူးစက်ခံရရင် ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။ ကလေးရော လူကြီးပါ ဖြစ်တတ်ပြီး၊ ကိုယ်ခံအားကောင်းသူတွေ ဖြစ်ရင်တောင် ပိုစိုးရိမ်ရပါတယ်။
ဆောင်ရန်၊ ရှောင်ရန်များ
သွေးလွန်တုပ်ကွေးဖြစ်ပြီဆိုရင် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ 👇
✔︎ ဆောင်ရန်များ
* အိပ်ရာပေါ်တွင် ကောင်းစွာအနားယူခြင်း။
* အရည်များများ သောက်ခြင်း။ (ဥပမာ- ရေသန့်၊ ဓာတ်ဆားရည်၊ သကြားဓာတ်နည်းသောအသီးဖျော်ရည်)
* ပါရာစီတမော ကဲ့သို့သော အဖျားကျဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံးနိုင်ပါတယ်။
✖︎ ရှောင်ရန်များ
* Aspirin (အက်စပရင်) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများကို လုံးဝမသောက်သုံးပါနှင့်။ ၎င်းတို့သည် သွေးယိုစီးမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။
* ကလေးငယ်များကို အစာမာများ မကျွေးပါနှင့်။
* ကော်ဖီ၊ လက်ဖက်ရည် ကဲ့သို့သော အညိုရောင်/အမဲရောင်ရှိသည့် အစားအစာနဲ့ အရည်တွေကို မတိုက်ကျွေးပါနဲ့။ (သွေးယိုစီးမှုရှိ၊ မရှိကို ခွဲခြားရ ခက်စေနိုင်လို့ပါ)
ကာကွယ်ခြင်းသည် အကောင်းဆုံး
သွေးလွန်တုပ်ကွေးမဖြစ်အောင် ကာကွယ်ဖို့အတွက် ခြင်ကိုက်မခံရအောင် နေထိုင်ခြင်း သာ အဓိက အကျဆုံးပါပဲ။
* ကလေးငယ်တွေကို ခြင်ကိုက်မခံရစေရန် လုံခြုံစွာဝတ်ပေးပါ။
* ကလေးအရေပြားနဲ့ သင့်တော်တဲ့ ခြင်မကိုက်ဆေးများ လိမ်းပေးပါ။
* နေ့ခင်းဘက် ခြင်ကျားကိုက်တတ်တာကြောင့် ကလေးငယ်များ နေ့ခင်းအိပ်ချိန်တွင် ခြင်ထောင်ဖြင့် သိပ်ပါ။
* မိမိအိမ်နှင့် ပတ်ဝန်းကျင်ရှိ ပိုးလောက်လန်း ခိုအောင်းနိုင်သော နေရာများကို ရှင်းလင်းပေးပါ။
ခြင်နှိမ်နင်းရေးအတွက် "ဖုန်း၊ သွန်၊ ခပ်၊ စစ်၊ လောင်း၊ ထောင်၊ လဲ၊ ဖွင့်၊ မြှုပ်၊ ရှင်း၊ မှုတ်" စသည့် နည်းလမ်းများကို ပုံမှန်လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
သွေးလွန်တုပ်ကွေးသည် အသက်အန္တရာယ်ရှိသော ရောဂါဖြစ်သည့်အတွက် ကြိုတင်ကာကွယ်ခြင်းနှင့် ရောဂါလက္ခဏာများကို သတိထား၍ အချိန်မီ ဆေးကုသမှု ခံယူခြင်းတို့သည် အလွန်အရေးကြီးပါကြောင်း ယခုဆောင်းပါးဖြင့် အသိပေးတင်ပြအပ်ပါတယ်။