18/02/2025
ကိုယ်ဝန်ဆောင်မိခင်များအတွက်
ငွေကြေးကုန်ကျစရာမလိုပဲ
ပူပင်သောကကင်းစွာဖြင့်
ကလေးမွေးဖွားပေးမည့်
နေ့သစ်ကျန်းမာဆေးခန်းများ၏
ဝန်ဆောင်မှု…
#နေ့သစ်ကျန်းမာ
#ကိုယ်ဝန်ဆောင်မိခင်
#စားရိတ်သက်သာဆေးကုပါ
https://www.facebook.com/share/p/12DZasYekc8/?mibextid=wwXIfr
ဗိုက်အပ်ဖို့အခက်အခဲရှိသူများအတွက် သတင်းကောင်း
အမျိုးသမီးတစ်ဦးကိုယ်ဝန်ရှိပြီဆိုတာနဲ့လုပ်ဆောင်ရမယ့် ကိုယ်ဝန်အပ်ခြင်းကို အခမဲ့ပြုလုပ်ပေးနေတဲ့အကြောင်းလေး သတင်းမျှဝေပေးချင်ပါတယ်။
ကျွန်မတို့ပတ်ဝန်းကျင်မှာတော့ 'ဗိုက်အပ်တယ်'လို့ခေါ်ကြပါတယ်။ ဆေးပညာအသုံးအရတော့ Antenatal Care (AN Care) လို့ခေါ်ပါတယ်။
AN Care ဆိုတာ ကိုယ်ဝန်ဆောင်ကာလမှာ မိခင်နဲ့သန္ဓေသားရဲ့ကျန်းမာရေးကို ဆေးပညာနဲ့စောင့်ရှောက်မှုပေးတာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ကလေးမွေးဖွားစဉ်မှာ မိခင်နဲ့ကလေးရဲ့ အကောင်းဆုံးအခြေအနေကိုရရှိဖို့ဖြစ်ပါတယ်။
ကိုယ်ဝန်မအပ်ထားဘဲ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက် Folic Acid ကဲ့သို့သော ဆေးတွေမသောက်ထားရင်၊ အာဟာရ ချို့တဲ့နေရင်၊ လိုအပ်တဲ့ စစ်ဆေးမှုနဲ့လမ်းညွှန်မှုတွေကို မသိရင် မိခင်ရော မွေးဖွားလာမယ့်ကလေးမှာပါ ဆိုးကျိုးရှိတတ်ပါတယ်။ ဒါကြောင့် မိခင်လောင်းတိုင်းဟာ AN Care လိုအပ်ပါတယ်။
ဒါပေမယ့် အခုခေတ်မှာ ကြပ်တည်းမှုတွေ၊ စီးပွားရေးအခက်အခဲတွေကြောင့် ဗိုက်မအပ်နိုင်တဲ့ မိခင်လောင်းတွေရှိခဲ့ရင် ဒီသတင်းလေးပေးဖို့ မေတ္တာရပ်ခံပါတယ်။
💠ဘယ်သူတွေကကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးနိုင်သလဲ?
▪️သားဖွားမီးယပ်အထူးကုဆရာဝန်များ
▪️ဆေးရုံများရဲ့အထွေထွေရောဂါကုဆရာဝန်များ
▪️ဒေသန္တရကျန်းမာရေးဌာန
▪️သားဖွားဆရာမများစသဖြင့် ဒေသအလိုက်ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ဌာနတွေမှာ ကိုယ်ဝန်အပ်နိုင်ပါတယ်။
💠ဘယ်အချိန်မှာကိုယ်ဝန်စအပ်ရမလဲ
▪️ပထမဆုံးအနေနဲ့ ကိုယ်ဝန်ရှိတာကိုသိလျှင်သိချင်း စောနိုင်သမျှစောစော ကိုယ်ဝန်အပ်ရပါမယ်။
နောက်ပိုင်းမှာတော့ ကိုယ်ဝန် ၁၂ ပတ်မှာ ၁ကြိမ်၊ အပတ်ရေ ၂၀,၂၆,၃၀,၃၄,၃၆,၃၈,၄၀ တို့မှာတစ်ကြိမ်စီပြသသင့်ပါတယ်။
ယခင် guideline အရကတော့ ကိုယ်ဝန် ၂၈ပတ်အထိ ၄ပတ်လျှင်တစ်ကြိမ် ၊ကိုယ်ဝန်၂၈ပတ်မှ ၃၆ကြားမှာ ၂ပတ်လျှင်တစ်ကြိမ်၊ ကိုယ်ဝန်၃၆ပတ်နောက်ပိုင်းကနေ မမွေးခင်ထိ တစ်ပတ်တစ်ကြိမ် သွားရောက်ပြသရပါတယ်။ 📌ဒါကပျမ်းမျှဖြစ်ပြီးတော့ သားဖွားမီးယပ်ဆရာဝန်ရဲ့ ညွှန်ကြားမှုအောက်မှာ လိုအပ်သလိုပြောင်းလဲနိုင်ပါတယ်။
(WHO အရ ANCare ကို အနည်းဆုံး ၈ကြိမ်ပြသသင့်ပါတယ်)
💠ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူတဲ့အခါ ဆရာဝန်/ဆရာမတွေက
▪️မိခင်လောင်းရဲ့ကိုယ်ရေးအကျဉ်းကိုမှတ်သားပါတယ်။
▪️ရာသီစက်ဝန်းရဲ့ရာဇဝင်ကိုမေးမြန်းပြီး ကိုယ်ဝန်ရဲ့ကာလကိုတွက်ချက်ပေးပါတယ်။
▪️အရင်ကဘာရောဂါအခံတွေရှိသလဲ?
▪️ကိုယ်ဝန်ဆောင်ဖူးသလား?
▪️သားဖွားမီးယပ်ဆိုင်ရာပြဿနာတွေရှိဖူးသလား...စသဖြင့်မေးမြန်းစစ်ဆေးပါတယ်။
💠ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ
▪️သွေးအုပ်စုစစ်ဆေးခြင်း
▪️ဆီးစစ်ခြင်း
▪️ကူးစက်ရောဂါများရှိမရှိစစ်ဆေးခြင်း
▪️Ultrasound ရိုက်ခြင်း (လိုအပ်ပါက)
▪️မေးခိုင်ကာကွယ်ဆေးထိုးခြင်း
▪️Folic Acid ပုံမှန်သောက်ခြင်း
စတဲ့လိုအပ်တဲ့စစ်ဆေးမှုနဲ့ကုသမှုများ ခံယူရပါတယ်။
💠သတိထားရမယ့်ကိုယ်ဝန်ဆောင်အုပ်စုလည်းရှိပါသေးတယ်။
🔺သားဦးကိုယ်ဝန်ဆောင်များ
🔺အသက် ၃၅နှစ်အထက် သားဦးကိုယ်ဝန်ဆောင်များ
🔺ကလေး၅ဦးအထက်မွေးထားသူများ
🔺အမြွာကိုယ်ဝန်ဆောင်များ
🔺ကိုယ်ဝန်ဆောင်စဉ်သွေးတိုးရောဂါ၊ဆီးချိုရောဂါဝင်လာသူများ
🔺ကိုယ်ဝန်အစောပိုင်းကာလမှာသွေးဆင်းသူများ
🔺ကလေးအနေအထားမမှန်သူများ
🔺သွေးတိုး၊နှလုံးရောဂါနဲ့ဆီးချိုရောဂါအခံရှိသူများ
🔺ယခင်ကိုယ်ဝန်တုန်းက ကလေးမွေးခဲ့စဉ်မှာ လေစုပ်၊ညှပ်ဆွဲ၊ ခွဲမွေးခဲ့ရသူများ
🔺မွေးပြီးအချင်းကပ်ဖူးသူများ
🔺အရပ်၅ပေအောက်ရှိသူကိုယ်ဝန်ဆောင်များ
🔺အဝလွန်သူများ
🔺သားဖွားမီးယပ်ဆိုင်ရာရောဂါအခံရှိသူများဟာ
ကလေးမွေးဖွားတဲ့အခါ ဆေးရုံမှာသာမွေးဖွားသင့်ပါတယ်။ High Risk Pregnancy လို့ယူဆရလို့ဖြစ်ပါတယ်။
💠AN Care ယူခြင်းရဲ့ကောင်းကျိုးများ
AN careဟာ မိခင်ရော ကလေးရော ၂ဦးလုံးအတွက် ကောင်းကျိုးရပါတယ်။
🔺ကိုယ်ဝန်မအပ်ထားခဲ့ရင် မွေးဖွားခါနီးမှ အရေးပေါ်အခြေအနေတစ်ခုခုဖြစ်တဲ့အခါ အချိန်မီကုသဖို့ခက်ခဲပါတယ်။
🔺သွေးသွန်ပြီးရောက်လာတဲ့အခါ သွေးသွင်းရမယ်ဆိုမှ သွေးအုပ်စုမသိတာမျိုး
🔺ကလေးအနေအထားမမှန်တာကိုမသိဘဲ အိမ်မှာမွေးမိတဲ့အခါ မွေးဖွားစဉ်ကလေးကမထွက်နိုင်ဘဲ မွန်းကုန်တာမျိုး
🔺ကိုယ်ဝန်ဆောင်စဉ်မှာသွေးတိုးဝင်လာတာကိုမသိတဲ့အတွက် ကိုယ်ဝန်ဆိပ်တက်တဲ့အထိဖြစ်ပြီး အချိန်မီကုသမှုမခံယူနိုင်တော့ဘဲ မိခင်ရော၊ကလေးပါ အသက်ဆုံးရှုံးတာမျိုး
🔺ကိုယ်ဝန်ဆောင်စဉ်မှာ သောက်ရမယ့် Folic acid ချို့တဲ့တဲ့အတွက် ကိုယ်အင်္ဂါမစုံလင်တဲ့ကလေးမွေးတာမျိုးတွေ မဖြစ်အောင် AN Care ယူခြင်းကကာကွယ်ပေးနိုင်ပါတယ်။
ဒါကြောင့် ကျွန်မတို့အမျိုးသမီးတိုင်းဟာ ကိုယ်ဝန်ရှိပြီဆိုတာသိတာနဲ့ မိခင်ရောကလေးအတွက်ပါ အရေးကြီးလှတဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူခြင်းကို မဖြစ်မနေပြုလုပ်ရမှာပါ။ ပတ်ဝန်းကျင်မှာလည်း ကိုယ်ဝန်မအပ်ရသေးတဲ့ မိခင်လောင်းတွေရှိရင် ကိုယ်ဝန်အပ်ဖို့တိုက်တွန်းပေးကြရပါမယ်။
ယခု အောက်ဖော်ပြပါ ဆေးခန်း ၃ခုမှာ ကိုယ်ဝန်အပ်ဖို့ အခက်အခဲရှိနေတဲ့ ဘယ်မိခင်လောင်းမဆို ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုရယူနိုင်ပါတယ်။ ယခုနှစ် ဇန်နဝါရီလကနေ ဇွန်လအထိ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု အခမဲ့အစီအစဉ်ပြုလုပ်ပေးနေပါတယ်။ ဇွန်လနောက်ပိုင်းမှာလည်း ဆက်လက်ပြီးပြုလုပ်ပေးဦးမယ်လို့သိရပါတယ်။
▪️ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအခမဲ့
▪️မိခင်လောင်းအတွက်လိုအပ်သောအခြေခံဆေးဝါးအခမဲ့
▪️အခြေခံသွေးစစ်ဆေးခြင်းအခမဲ့
▪️ကျန်းမာရေးအရလိုအပ်ပါက သားဖွားမီးယပ်အထူးကုဆရာဝန်ကြည့်ပေးခြင်း အခမဲ့စတဲ့အရာတွေပြုလုပ်ပေးနေတာမို့ မိမိပတ်ဝန်းကျင်မှာ ဗိုက်အပ်ဖို့အခက်အခဲရှိနေတဲ့ မိခင်လောင်းတွေရှိရင် အောက်ဖော်ပြပါ ဆေးခန်းတွေကိုသွားရောက်နိုင်ကြောင်း သိစေလိုပါတယ်ရှင်။
မိခင်နှင့်ရင်သွေးများကျန်းမာစွာမွေးဖွားနိုင်ဖို့အတွက် ယခုအစီအစဉ်လေးရဲ့ သတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
🔷ဆေးခန်းလိပ်စာများ
🏥 နေ့သစ်ကျန်းမာဆေးခန်းနှင့်ဆေးဆိုင် (၁)
________________________________________
အမှတ်-၉၆(ခ)၊ ငွေဇင်ယော်လမ်း၊ ၈၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်။
📞 09 771 876 343
🏥 နေ့သစ်ကျန်းမာဆေးခန်းနှင့်ဆေးဆိုင် (၂)
________________________________________
အမှတ်-၆၆၁၊ အင်းဝ ၁၉ လမ်း(က)၊ ၆ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်။
📞 09 771 876 404
🏥 နေ့သစ်ကျန်းမာဆေးခန်းနှင့်ဆေးဆိုင် (၃)
________________________________________
အမှတ်-၄၄၆၊ မင်းခေါင်လမ်း၊ ၇၀ ရပ်ကွက်၊ တောင်ဒဂုံမြို့နယ်။
📞 09 792 226 984
⚠️အပါတ်စဉ် စနေနေ့တိုင်း ဆေးခန်းများပိတ်ပါသည်။