18/11/2023
ဆီးချိုသွေးချို ဘာလဲ၊ ဘယ်လဲ
၁။
ဆေးကျောင်းက ကျွန်တော်တို့ရဲ့ ဆရာတွေ ဟာသ ပြောလေ့ ရှိတယ်။
ဆေးကျောင်းစာမေးပွဲမှာ ကျောင်းသားတွေက ဆီးချို အမျိုးသမီးလူနာကို အမ၊ ယောကျ်ားနဲ့ နေရတာ အဆင်ပြေရဲ့လား လို့ မေးတတ်တာကို။
အဲဒီတုန်းက sexual dysfunction ပန်းသေပန်းညှိုးဆိုတာ အမျိုးသားဆီးချိုလူနာတွေမှာ ပဲ ဖြစ်တယ်လို့ လက်ခံထားကြတာ။
အခု တွေ့ရှိချက်တွေအရ စာမလိပ် ခေါ် အိမ်ထောင်ရေးစိတ်ကုန်ခန်းတာဟာ အမျိုးသမီး ဆီးချိုလူနာတွေမှာလည်း ဖြစ်တယ်။
ဒါကြောင့် ကိုယ့်အိမ်ထောင်ဖက် အိမ်ထောင်သားမွေးကိစ္စကို စိတ်ကုန်လာတာ၊ ဂဂျိုးဂဂျောင် လုပ်တာတွေ များလာရင် သွေးချို စစ်ဖို့ တိုက်တွန်းကြည့်ကြပါ။
၂။
ကျွန်တော်တို့ ဆရာဝန် စဖြစ်တော့ ဆီးချိုတိုင်းစက်တွေက တော်တော်ရှားသေးတယ်။ အသုံးပြုတာလည်း နည်းကြသေးတယ်။
ဒါပေမယ့် ရောဂါ ရှိမှန်းမသိဘဲ ရှိနေတဲ့ ဆီးချိုလူနာက အတော်များတယ်။
၂၀၁၁ ကနေ ၂၀၂၁ အထိ ဆယ်စုနှစ်ကို မက်ဖော်မင် ရွှေခေတ် (Metformin Decade) လို့ ခေါ်ချင်တယ်။
တော်ရုံတန်ရုံ ဆီးချိုလူနာက Metformin လေး ပေးထား အိုကေတယ်။
၂၀၂၁ ဒီဘက်မှာ ဆီးချိုလူနာတွေက Metformin မတိုးကြတော့။
ဘာကြောင့်မို့ ဖြစ်မလဲ။
၂၀၁၁ ရဲ့ ရှေ့ဘက်ပိုင်းမှာ ဆိုင်ကယ်တွေ အတော် ရှားတယ်၊ လူတွေက သွားစရာ လာစရာကို ခြေကျင် သို့မဟုတ် စက်ဘီး အသုံးပြုကြတယ်။
ဒါက လေ့ကျင့်ခန်း လုပ်နေသလို ဖြစ်ပြီး ဆီးချိုကလည်း Metformin လောက်နဲ့ ထိန်းလို့ရတယ်။
၂၀၁၁ နောက်ပိုင်း မြန်မာပြည်စီးပွားရေးက တတိုင်းပြည်လုံး နီးပါး သာယာတယ်၊ လူလတ်တန်းစား တည်ရှိလာတယ်၊ စားနိုင်သောက်နိုင် သုံးနိုင်စွဲနိုင်လာကြတယ်။ အဆီများတဲ့ စီပီကြက်သားတွေကို အိမ်တိုင်းစေ့ စားနိုင်လာတယ်။ KFC ၊ Lotteria တွေကို လူတွေ ချောင်းပေါက်လာတယ်။
ဆိုင်ကယ်ဆိုတာက လူတယောက် တစီး ဖြစ်လာတယ်။
အကျိုးဆက်က Metformin မတိုးတော့တဲ့ ဆီးချိုလူနာတွေ များလာတာပါ့။
မက်ဖော်မင် က ကိုယ်တွင်းမှာ ရှိတဲ့ အင်ဆူလင်ရဲ့ စွမ်းရည်ကို တက်အောင် လုပ်ပေးတဲ့ ဆေး။
မြန်မာလူမျိုးတွေ နားလည်မယ့် စကားလုံးနဲ့ ပြောရင် ဆီးချိုဆေး အပျော့စားမျှသာ။
၃။
ခု တအား ခေတ်စားနေတဲ့ Hot နေတဲ့ ဆီးချိုဆေးက Empa(အမ်ပါဂလစ်ဖလောက်ဇင်)၊ Dapa(Dapagliflozin)။
ဒီဆေးနှစ်မျိုးက Sodium-Glucose Transporter 2 Inhibitors အတိုကောက် SGLT 2 Inhibitors တွေ၊
ဒီဆေးတွေ လုပ်ဆောင်တာက ကျောက်ကပ် ကနေ သွေးကို စစ်ချရာမှာ ဆား နဲ့ သကြားကို ပြန်မစုပ်အောင် တားတယ်။
ရှင်းရှင်းပြောရရင်တော့ ကိုယ့်ခန္ဓာကနေ ဆား နဲ့ သကြားကို ဆီးထဲ စွန့်ပစ်စေတယ်။
သကြားတွေ ဆီးထဲ ပါသွားတော့ ဆီးချို ထိန်းတယ်၊ ဆီးချိုအတွက် ကောင်းတယ်။
ဆားတွေ ဆီးထဲပါသွားတော့ သွေးတိုး၊ နှလုံး၊ ကျောက်ကပ် အတွက် ကောင်းတယ်။
ချုံပြောရရင် Empa, Dapa ဆေးတွေက ဆီးချို၊ နှလုံးအားနည်းရောဂါ၊ ကျောက်ကပ်အားနည်းရောဂါတွေမှာ သုံးနေကြပြီ။
တကယ်တော့ ဒီ SGLT2 Inhibitors တွေကို နိုင်ငံခြားမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာ ၇ နှစ် ၈ နှစ် ရှိပြီ။
မြန်မာပြည်မှာတော့ ၂၀၂၂ လောက်မှ စ နာမည်ထွက်လာတယ်။
၂၀၂၃ ကနေ ၂၀၂၄ ကတော့ Empa, Dapa Decade(အမ်ပါ၊ ဒါပါ တို့ ရဲ့ ဆယ်စုနှစ် ) ဖြစ်မှာပဲ။
အခုထိ တကဒ်ကို ၁၂၀၀၀ ပတ်လည် ရှိနေသေးပေမယ့် ကုမ္ပဏီတွေ ပိုပိုသွင်းလာကြမှာမို့ ဈေးပိုကျလာမှာ။
၄။
သတိထားမိတာ တခုက ဆီးချိုလူနာတွေက ကိုယ့်ကိုကိုယ် လိမ်ရတာကို အလွန်နှစ်သက်တဲ့ လူတွေဆိုတာ။
ဆီးချိုသွေးချို လူနာတွေသည် ကိုယ့်ကိုကိုယ်လည်း လိမ်ကြသည်၊ အိမ်(မိသားစု)ကို လည်း လိမ်သည်၊ ဆရာဝန်ကိုလည်း လိမ်သည်။
သွေးချိုတိုင်းစက်တွေ ဆီးချိုလူနာ ရှိသော အိမ်တော်တော်များများတွင် ရှိသော ခေတ် ရောက်လာသည်။
ဒီစက်တွေကို ဘယ်လို အသုံးချကြသလဲ။
အချိုစားများသော နေ့များတွင် သွေးချို မတိုင်းကြ။
ထမင်း၊ မုန့်စားပြီး နှစ်နာရီအကြာတွင် ဆီးချို မတိုင်းကြ။
တိုင်းကြည့်ရင် တက်မှာကိုး။
သို့သော် ထိုနေ့များ၊ ထိုအချိန်များတွင် တိုင်းဖို့ လိုအပ်ပါသည်။
သို့မှသာ မိမိခန္ဓာကိုယ် ရှိ Pancreas ခေါ် မုန့်ချိုအိတ်ခေါ် သရက်ရွက်၏ လက်ကျန်အခြေအနေ တနည်း အချိုဓာတ်ကို ဘယ်လောက် ထိန်းနိုင်သေးသလဲ သိဖို့ ပါ။
လူနာတွေက သွေးချိုတိုင်းမယ့် အချိန်ကို သေချာရွေးသည်။
သွေးချိုတိုင်းရမယ့်ရက် နား နီးလာရင် အချိုစားတာတွေကို ဖြတ်ချပစ်လိုက်သည်၊ တချို့ ဆို ညစာပင် မစားတော့။
သုံးရက်လောက် ပြတ်ပြတ်သားသား အချိုရှောင်လိုက်ရင် သွေးချိုအဖြေက ကောင်းသွားသည်။
ထိုအခါ ငါ့ ဆီးချို ကောင်းတာပဲ ဆိုပြီး အချိုတွေကို နင်းကန်တွယ်တော့သည်။
ဒီလူတွေမှ မျက်စိမထိ၊ ခြေလက် အာရုံကြောမထိ၊ သွေးကြော မကျဥ်းရင် ဘယ်သူမှ ၉၆ ပါး ရောဂါ မရှိတော့။
ဒါကို ဖော်ထုတ်ရန် မုသားဖော်စက်(Lie Detector) လိုလာသည်။
အသက် ၁၂၀ ရှည်စေသော် ဆိုသော ဆုပေးစကားလေးက ဆရာဝန်တွေ ရဲ့ ငယ်ချစ်ဦး Physiology က သွေးဆဲလ်တွေရဲ့ သက်တမ်းကို တွဲမှတ်မိစေသည်။
ရက် ၁၂၀ အသက်ရှည်သော သွေးဆဲလ် မှာ ကပ်နေတဲ့ သကြား ပမာဏကို တိုင်းကြည့်ပါက ထိုလူနာ သုံးလအတွင်း သွေးချို ကောင်းကောင်း ထိန်းနိုင် မထိန်းနိုင် သို့မဟုတ် အချိုစား သောင်းကျန်း မသောင်းကျန်း၊ ဆီးချိုဆေး မှန်မှန်သောက်မသောက်ကို သိနိုင်ပြီ။ ဒါကို Hb A1c တိုင်းသည် ဟု ခေါ်သည်။
သို့သော် မြန်မာပြည်တွင် Hb A1c သည် ရွှေနန်းထက်က တော်ဝင်သဇင်ပန်း ဖြစ်နေသည်။
A1c မတိုင်းဖြစ်ကြခြင်းမှာ
၁။ စရိတ်စက
၂။ ဓာတ်ခွဲခန်းသို့ တကူးတက သွားရခြင်း တို့ကြောင့် ဖြစ်သည်။
ယခုအခါ သွေးချိုတိုင်းစက် လို ဆေးခန်းမှာပင် တိုင်းနိုင်သည့် A1c Meter စက်များ ပေါ်လာပြီ။
မြန်မာနိုင်ငံမှာတော့ ကျယ်ကျယ်ပြန့်ပြန့် မသုံးဖြစ်ကြသေး။
ထိုစက် အသုံးတွင်ကျယ်လာပါက လူနာများ ပိုအကျိုးရှိမည်။
၅။
ဘာလို့ သွေးချို ကို ထိန်းဖို့လိုတာလဲ
၁။ ကျောက်ကပ် မပျက်အောင်
၂။ နှလုံးရောဂါ မဖြစ်အောင်
၃။ လေမဖြတ်အောင်
သွေးချို အပြင် ဘာတွေကိုပါ ထိန်းဖို့ လိုအပ်သလဲ။
၁။ သွေးပေါင်
၂။ သွေးတွင်းအဆီ။
ဆီးချိုသွေးချို လူနာတော်တော်များများက ဆီးချိုဆေး နဲ့ သွေးကျဆေး စွဲသောက်ရမယ်မှန်း လက်ခံကြပြီ။
ထိုဆေးများနည်းတူ အရေးကြီးသော ဆေးမှာ သွေးတွင်း မကောင်းသည့် ကိုလက်စထရောအဆီကို ချပေးသည့် သွေးတွင်း အဆီကျဆေး(statins) ဖြစ်သည်။
မှတ်သားရမည်မှာ သွေးတွင်းအဆီကျဆေးသည် ပိန်ဆေး မဟုတ်ပါ။
သွေးကြောနံရံတွေကို ထူစေ၊ ကျဥ်းစေ၊ ပိတ်စေသည့် ကိုလက်စထရော အဆီခဲများကို သွေးတွင်းအဆီကျဆေး က လျော့နည်းစေသည်။ အကျိုးကျေးဇူးကား နှလုံးသွေးကြောပိတ်ခြင်း(Heart Attack)၊ ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်ခြင်း(Stroke)တို့ကို ကာကွယ်ပေးသည်။
သွေးတွင်းအဆီချဆေးကို ညနေဘက်တွင် သောက်က အာနိသင်ပိုကောင်းစေသည်။ အဘယ်ကြောင့်ဆိုသော် ကိုလက်စထရော ချက်သည့် အင်ဇိုင်းက ညဘက်တွင် အလုပ်လုပ်ခြင်း ဖြစ်ရာ ဆေးကို ညနေဘက် သောက်က ထိုအင်ဇိုင်းကို ကိုလက်စထရော မချက်နိုင်အောင် ကောင်းကောင်း ဟန့်တားနိုင်သည်။
မှတ်သားရန်။
ဆီးချိုသွေးချို လူနာသည်
သွေးချို
သွေးပေါင်
သွေးတွင်းအဆီ တို့ကို ဂရုစိုက် ထိန်းညှိရမည်။
၆။
မနက်စောစော အစာမစားခင် သွေးချိုတိုင်းတာကို လူနာတော်တော်များများ လုပ်ကြပါတယ်။
ဒါပေမယ့် စားပြီး နှစ်နာရီ သွေးချိုတိုင်းတာကိုတော့ လုပ်ခဲကြပါတယ်။
လူကောင်းတွေ အစာတခုစားပြီး နှစ်နာရီ နေ သွေးချိုတိုင်း ၁၄၀ မကျော်ပါဘူး။
၁၄၀ ကျော်ပြီ ဆိုရင် ခင်ဗျား လမ်းပိုလျှောက်ဖို့ လိုနေပါပြီ၊
၁၈၀ ကျော်ပြီဆိုရင် သွေးချိုဆီးချို ရောဂါထဲကို ချင်းနင်းဝင်ရောက်နေပါပြီ။
၂၀၀ ကျော်ပြီဆိုရင်တော့ ခင်ဗျား တတ်နိုင်ရင် Hb A1c စစ်ပြီး သုံးလအတွင်း သွေးချို ပမာဏကို ဆန်းစစ်သင့်ပါတယ်။ A1c 6.5 % ကျော်နေရင် ဆီးချိုဆေးသောက်ဖို့ လိုပါလိမ့်မယ်။
သွေးချိုဆီးချို လူနာတွေ မှာ အစာစားပြီး နှစ်နာရီ သွေးချို စစ်တာ ဘာလို့ အရေးကြီးသလဲ။
၁။ ကိုယ်စားမိတာကို ပြန်ဆင်ခြင်ဖြစ်ပါတယ်။
၂။ ဆေးသောက်နေတာ ထိရောက်မှု ရှိ/မရှိ၊ ဆေးတိုးဖို့ လိုမလို ကို သိရှိပါတယ်။
၃။ ကိုယ်တွင်းက Insulin ထုတ်နိုင်စွမ်း ကျန်သေးရဲ့လား၊ အပြင်ကနေ Insulin ထိုးကူပေးဖို့ လိုသလားကို စောစောစီးစီး ခန့်မှန်းနိုင်ပါတယ်။
သွေးချိုဆီးချိုလူနာတွေမှာ အစားစားပြီး နှစ်နာရီအကြာ သွေးချိုတိုင်းရင် ၁၈၀ အောက် ရောက်နေမှ ကောင်းပါတယ်။
ကြိုတင်ပြင်ဆင်ပြီး မတိုင်းပါနဲ့။
ကြုံရာကျပန်းနေ့(randomly) တိုင်းပါ။
လူနာတွေ တိုင်းကြည့်လို့ ၁၈၀ အထက် ကျော်နေရင်
ပထမဆုံး လမ်းပိုလျှောက်ကြည့်ပါ၊
ဒုတိယ အစာလျှော့စားကြည့်ပါ။
တပတ်တကြိမ် တိုင်းတဲ့ အစာစားပြီး ၂ နာရီ သွေးချို အမှတ်က ၁၈၀ အထက်မှာ တလတိတိ ဆက်ရှိနေရင်ကတော့ မိမိပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပါ။
၇။
ဘယ်တော့ အင်ဆူလင် စထိုးမလဲ
နိုင်ငံခြားတိုင်းပြည်တွေက ရှင်းတယ်၊
သောက်ဆေး နှစ်မျိုး သောက်ပြီး သုံးလ နေလို့မှ Hb A1c 7% အောက် မရောက်ရင် အင်ဆူလင် ထိုးပါတော့တဲ့။
Insulin threshold ကို နှိမ့်လာတယ်။
ဘာကြောင့်လဲ
လူတွေကို အချိုရှောင်ပါ၊ လျှာပေါ်တင်ကြည့်လို့ ချိုတာ မှန်သမျှ ရှောင်ပါ ပြောရတာ လွယ်ပေမယ့် တကယ်လိုက်လုပ်ဖို့က အင်မတန် ခက်ခဲတယ်။
နောက်တခုက Quality of life ပေါ့၊ ဘဝ နေပျော်ဖို့၊ ဆီးချိုဆေးတွေလည်း အများကြီး သောက်ရတယ်၊ စားချင်တာလည်း မစားရဘူး၊ ဆီးချိုကျသလားဆိုတော့လည်း မကျဘူး၊ ဒါဆို ဘဝက တော်တော်ခါးသွားပြီ။
နောက်တချက်က သွေးချိုတော်တော်ဆိုးနေတာ ကြာရင် မြင်သာအောင် ပြောရင် ကိုယ်တွင်း ဆဲလ်တွေ၊ ကလီစာတွေက သကြားရည် ကြာကြာစိမ်ထားသလို ဖြစ်ပြီး သံချေးကိုက်ကုန်မှာပဲ။ ဒါကို Glucose toxicity လို့ ခေါ်ပါတယ်။
အင်ဆူလင် ထိုးခြင်းဖြင့် စားချင်တာလေးစားနဲ့ ဘဝကြီးက ပြန်စိုပြေသွားတယ်။
လူနာ တော်တော်များများ အင်ဆူလင် စထိုးရမှာ ကြောက်ပေမယ့် ထိုးပြီး တလလောက်နေရင်တော့ သူတို့ ဘဝ ပြန်လည်သာယာလာတဲ့အတွက် အင်ဆူလင်ကို ကျေးဇူးတင်ကြပါတယ်။
မြန်မာပြည်မှာရော အင်ဆူလင် ဘယ်အချိန် စထိုးကြသလဲ။
မြန်မာပြည်မှာ ဆီးချိုဆေး သုံးမျိုးသောက်လို့မှ သွေးချို တိုင်းတာတွေ ပုံမလာရင် အင်ဆူလင် စဖို့ တိုက်တွန်းပါတယ်။
နောက် တချက်က Hb A1c အဖြေက 10 ထက် များနေရင်လည်း အင်ဆူလင် ညွှန်ကြပါတယ်။
တကယ်တော့ အစာစားပြီး နှစ်နာရီနေ ဖောက်ကြည့်တဲ့ သွေးချိုအမှတ်က ၂၅၀ ကို ခဏခဏ ကျော်နေရင်ကို အင်ဆူလင်ကို မျက်စပစ်သင့်နေပြီ။
အင်ဆူလင်
ဆီးချိုသက် ကြာလာတာနဲ့အမျှ ကိုယ်ခန္ဓာ တွင်းက အင်ဆူလင် ထုတ်နိုင်အား ကျလာပါတယ်။ အပြင်ကနေ အင်ဆူလင် ဖြည့်ပေးဖို့ လိုလာပါတယ်။
လူနာအများစုက အင်ဆူလင်ကို ကြောက်ကြ မုန်းကြတယ်၊ အဓိကက အပ်ကြောက်တာပါ။
ဒါပေမယ့် Insulin ဘောပင် ပေါ်ပြီး တခါသုံးအပ်တွေ ပေါများ လာတဲ့အခါ၊ တခါထိုးရုံနဲ့ တနေ့တာ ခံတဲ့ အင်ဆူလင် အမျိုးအစားတွေ ရှိလာတဲ့အခါ မယ် အင်ဆူလင်က တအားကြောက်စရာ မကောင်းတော့ပါ။
အင်ဆူလင် စောစောထိုးတာနဲ့ နောက်ကျမှ(မဖြစ်မနေ တအားနောက်ကျပြီဆိုမှ) ထိုးတာနဲ့ ဘာတွေကွာသလဲ။
၁။ စောစောထိုးတဲ့သူတွေက အပ်ကို စောထိတွေ့ရပေမယ့် ဘဝကို ပိုနေပျော်ပါတယ်၊ Quality of life ပိုကောင်းတယ်ပေါ့ဗျာ၊ အင်ဆူလင်မထိုးတဲ့ ဆီးချိုလူနာက အချို ရှောင်နေရချိန်မှာ အင်ဆူလင် လူနာက အင်ဆူလင် အတိုးအလျှော့ကစားပြီး အစာပိုစားလို့ရ၊ အချိုစားလို့ရပါတယ်။
၂။ အင်ဆူလင် စောထိုးတဲ့ လူနာက ကိုယ်ခန္ဓာ သကြားဆိပ်သင့်တာ(Glucose toxicity) ဖြစ်တဲ့အချိန် ပိုနည်းပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ ဝင်ရောက်မှု ပိုနည်းပါတယ်။
၃။ အင်ဆူလင် ထိုးတဲ့သူက အသားအရည် ပိုမိုစိုပြည်ပါတယ်၊ စိတ်ပျိုကိုယ်နုပါတယ်။
ဒါကြောင့် အင်ဆူလင်ကို မကြောက်ကြပါနဲ့။
နိဂုံးချုပ် ပြောချင်တာကတော့
ဆီးချိုသွေးချို က သူဌေးနိုင်ငံတွေလည်း ဖြစ် ၊ ဆင်းရဲသားနိုင်ငံတွေလည်း ဖြစ်နေတဲ့ ရောဂါ။
တီဘီ၊ ငှက်ဖျားလို မဖွံ့ဖြိုးတဲ့ နိုင်ငံ(ငမွဲနိုင်ငံတွေ)ပဲ ကွက်ဖြစ်တာ မဟုတ်ဘူး။
သူဌေးတွေပါ ဖြစ်တာဆိုတော့ ဆေးအသစ်အကောင်းတွေ ထွင်မှာ၊ ပေါ်မှာပဲ။
အဲတော့ ဘာအရေးကြီးသလဲ ဆိုတော့ ရှင်သန်နေဖို့ပဲ။ ခု အင်ဆူလင် ထိုးနေရလို့လည်း စိတ်မညစ်နဲ့။ နောင်တနှစ် နှစ်နှစ်နေရင် ပါးစပ်ကနေ သောက်လို့ရတဲ့ ဒါမှမဟုတ် လျှာအောက်ငုံလိုက်ရုံနဲ့ အစွမ်းပြတဲ့ အင်ဆူလင် ပေါ်လာနိုင်တယ်။
Be strong. Let's survive together.
အမရ
၂၇၊ ၁၀၊ ၂၀၂၃။