
22/10/2023
ဟင်းတွေကို ခဏခဏနွှေးပြီးစားသင့်ရဲ့လား?
အစားအသောက်တွေကို အလေအလွင့်မရှိစေဖို့ပဲဖြစ်ဖြစ်၊ ဟင်းတွေ အများကြီးချက်ပြီး စားမကုန်တော့တဲ့အခါပဲဖြစ်ဖြစ် ပိုလျှံနေတဲ့ ဟင်းတွေကို ပြန်နွှေးပြီးစားတတ်ကြပါတယ်။
ဟင်းတွေ အနံ့အရသာပျက်ပြီး မသိုးသရွေ့ ပြန်နွှေးစားလို့ ရတယ်ဆိုပြီး တွေးနေရင်တော့ သင့်ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေမယ့် အဆိပ်အတောက်တွေကို မသိဘဲ စားမိနေသလို ဖြစ်မယ်နော်။
ပြန်မနွှေးရဘူးဆိုလို့ ကျန်သမျှဟင်းတွေတိုင်းကို မစားပဲ လွှင့်ပစ်ရမယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့အစားအစာတွေကတော့ ချက်ပြုတ်ပြီးသားကို ပြန်အပူပေးလိုက်တဲ့အခါ ဘက်တီးရီးယားနဲ့ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတ်ပေါင်းတွေအဖြစ် ပြောင်းလဲသွားတတ်တာကြောင့်ပါ။
ဒါဆိုရင်တော့ ဘယ်အစားအစာတွေက ဘာကြောင့်ပြန်နွှေးမစားသင့်တာလဲဆိုတာ သိသွားအောင် ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် ပြန်နွှေးမစားသင့်တဲ့ အစားအစာ (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အာလူး
ချက်ပြုတ်ပြီးသား အာလူးကို အခန်းအပူချိန်မှာထားပြီး ဒုတိယအကြိမ် အပူထပ်ပေးလိုက်တဲ့အခါ Botulinum ဆိုတဲ့ အစာအဆိပ်သင့်စေတဲ့ ဘက်တီးရီးယားကို ဖြစ်ပေါ်လာစေပါတယ်။ စားလို့မကုန်သေးတဲ့ အာလူးတွေကို လွှင့်မပစ်ချင်ရင်တော့ နောက်တစ်ခါ ထပ်မနွှေးဘဲ ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး ပြန်စားလို့ရပါတယ်။
(၂) မှို
မှိုကတော့ အားလုံးထဲမှာ ပြန်နွှေးပြီး မစားသင့်ဆုံးပါပဲ။ မှိုမှာ ပရိုတင်းနဲ့ ရေဓာတ်များစွာ ပါဝင်တာကြောင့် နောက်တစ်ကြိမ်အပူပေးခြင်းက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေအဖြစ် ပြောင်းလဲသွားစေတဲ့အတွက်ကြောင့်ပါ။ ဒါကြောင့် မှိုကို ချက်ပြီးတာနဲ့ ချက်ချင်းစားလိုက်တာက ကျန်းမာရေးအတွက် ပိုအကျိုးရှိစေပါတယ်။
(၃) ကြက်ဥ၊ ဘဲဥ
ကြက်ဥ၊ ဘဲဥကလည်း ပရိုတင်းကြွယ်ဝတဲ့ အစားအစာတွေဖြစ်တာမို့ ပြုတ်ပြီးသားပဲဖြစ်ဖြစ်၊ ချက်ပြီးသားပဲဖြစ်ဖြစ် ပြန်နွှေးပြီးစားခြင်းက အစာချေစနစ်ကို ထိခိုက်စေနိုင်ပါတယ်။ ချက်ပြုတ်ပြီးသား ပရိုတင်းပါဝင်မှုများတဲ့ အစားအစာတွေကို ပြန်နွှေးပြီးစားတာထပ် အအေးခံထားပြီး စားသင့်ပါတယ်။
(၄) ဟင်းသီးဟင်းရွက်
နိုက်ထရိတ်ပါဝင်မှုများတဲ့ သကြားမုန်လာနဲ့ ဟင်းနုနွယ်ရွက်၊ တရုတ်နံနံ အစရှိတဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို အပူပြန်ပေးလိုက်တဲ့အခါ နိုက်ထရိတ်ကနေ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်အဖြစ်သို့ ပြောင်းလဲသွားနိုင်တာကြောင့် တစ်ကြိမ်ထပ်ပိုပြီး မနွှေးသင့်ပါဘူး။ အရည်သောက်ဟင်းရည်တွေမှာ ထည့်လေ့ရှိတဲ့ တရုတ်နံနံကိုလည်း ပြန်နွှေးတဲ့အခါ ဖယ်ထားပြီးမှ နွှေးသင့်ပါတယ်။
(၅) ကြက်သား
ပရိုတင်းအရင်းအမြစ်တစ်ခုဖြစ်တဲ့ ကြက်သားကိုလည်း ချက်ပြုတ်ထားပြီးရင် ထပ်ခါထပ်ခါ အပူပြန်မပေးသင့်ပါဘူး။ အခန်းအပူချိန်အတိုင်းရှိနေရာကနေ အပူပေးပြီး ပြန်နွှေးလိုက်တဲ့အခါ ကြက်သားမှာ ပါဝင်တဲ့ ပရိုတင်းဓာတ်တွေက ပြောင်းလဲသွားတတ်ပြီး အစာမကြေဖြစ်တတ်ပါတယ်။
ဒါဆိုရင်တော့ ဘယ်ဟင်းတွေကို ပြန်နွှေးပြီး မစားသင့်ဘူးလဲဆိုတာလည်း သိသွားလောက်ကြပြီလို့ မျှော်လင့်ပါတယ်။ “အစာလည်း ဆေး၊ ဆေးလည်း အစာ” ဆိုတဲ့အတိုင်း ခန္ဓာကိုယ်အတွက် အင်အားဖြစ်စေမယ့် အစားအစာတွေကို ချက်ပြုတ်ရင်း ပျော်ရွှင်ကျန်းမာတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ 🥰