16/04/2026
"အလောင်းအစား" ဆိုတာ အနိုင်ရတဲ့အခါ အောင်နိုင်သူတစ်ယောက်ရဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းပြီး၊ ရှုးနိမ့်တဲ့အခါမှာတော့ မခံချင်စိတ်ကို နှိးဆွပေးတတ်တဲ့ သဘောရှိပါတယ်။ ဥပမာ- စာမေးပွဲအောင်ရင် ဆုလာဘ်ရမယ်ဆိုပြီး ကြိုးစားတာမျိုးပေါ့။ ဒါပေမဲ့ "လောင်းကစား" ကတော့ ရရှိမယ့် ငွေကြေးအကျိုးအမြတ်ပေါ်မှာပဲ အခြေခံပါတယ်။
လောင်းကစားစွဲလမ်းခြင်း (Gambling Addiction) ဆိုတာ ငွေကြေးဆုံးရှုံးမယ်ဆိုတာကို သိသိကြီးနဲ့ မရပ်တန့်နိုင်ဘဲ ထပ်ခါတလဲလဲ ပြုလုပ်မိတဲ့ စွဲလမ်းမှုတစ်ခုဖြစ်ပါတယ်။ ဒီစွဲလမ်းမှုက လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုကို ဘယ်လိုပြောင်းလဲပစ်သလဲဆိုရင် -
၁။ စိတ်အာရုံ အမြဲလွင့်နေခြင်း
ကိုယ်ရဲ့ စိတ်ထဲမှာ "ဘယ်လိုပြန်နိုင်မလဲ" ဆိုတဲ့ အတွေးကပဲ ကြီးစိုးနေတတ်ပါတယ်။ အလုပ်လုပ်နေချိန် ဒါမှမဟုတ် မိသားစုနဲ့ ရှိနေချိန်မှာတောင် နောက်တစ်ကြိမ် ဘယ်လိုလောင်းမလဲ၊ အရင်းအနှီးအတွက် ပိုက်ဆံဘယ်ကရှာမလဲဆိုတာကိုပဲ တစိမ့်စိမ့် စဉ်းစားနေမိပါတယ်။
၂။ ဆုံးရှုံးမှုကို ပြန်လိုက်ခြင်း (Chasing Losses)
ဒါဟာ အန္တရာယ်အရှိဆုံး အချက်ပါ။ ရှုးသွားတဲ့ငွေကို နှမြောပြီး "နောက်တစ်ပွဲသာ နိုင်လိုက်ရင် အရင်းပြန်ရပြီ" ဆိုတဲ့ မျှော်လင့်ချက်အမှားနဲ့ ထပ်လောင်းမိတာပါ။ ရလဒ်ကတော့ အကြွေးသံသရာထဲ ပိုပြီး နစ်မွန်းသွားရုံသာ ရှိပါတယ်။
၃။ လူမှုရေးနှင့် မိသားစုဆက်ဆံရေး ပျက်ပြားခြင်း
လောင်းကစားသမားတစ်ယောက်ဟာ သူရဲ့စွဲလမ်းမှုကို ဖုံးကွယ်ဖို လိမ်ညာမှုတွေ စတင်လုပ်ဆောင်လာတတ်ပါတယ်။ မိသားစုကို ပေးရမယ့်အချိန်တွေ လျော့နည်းလာသလို၊ မိတ်ဆွေတွေဆီကနေ အကြောင်းပြချက်မျိုးစုံနဲ့ ငွေချေးလာပါတယ်။ နောက်ဆုံးမှာတော့ အနီးကပ်ဆုံးသူတွေရဲ့ ယုံကြည်မှုတွေ ပျက်ပြားပြီး အထီးကျန်ဘဝကို ရောက်ရှိသွားတတ်ပါတယ်။
၄။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ
နိုင်တဲ့အချိန်မှာ စိတ်တက်ကြွလွန်းပြီး (Euphoria)၊ ရှုးတဲ့အချိန်မှာတော့ အလွန်အမင်း စိတ်ဓာတ်ကျခြင်း၊ ဒေါသထွက်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ခြင်းတွေကို ပြင်းထန်စွာ ခံစားရပါတယ်။ ဒီသံသရာထဲက ရုန်းမထွက်နိုင်တဲ့အခါ စိုးရိမ်စိတ်လွန်ကဲတာနဲ့ စိတ်ကျရောဂါတွေပါ ခံစားလာရနိုင်ပါတယ်။
ငွေကြေးဆုံးရှုးလို အိမ်ပြန်ရမှာကို ကြောက်တာ၊ ချစ်ရသူတွေရဲ့ မျက်နှာကို မကြည့်ရဲတာ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိတော့ဘူးလို ထင်လာတာမျိုးတွေဟာ စိတ်ဒဏ်ရာအဖြစ် ကျန်ရစ်တတ်ပါတယ်။
ပြုပြင်ဖို့ ကြိုးစားချိန်မှာ ကြုံရမယ့် အခက်ခဲဆုံး အတားအဆီးတွေက ဘာတွေလဲ....
ပြုပြင်ဖို့ စိတ်ပိုင်းဖြတ်တဲ့အခါ ပတ်ဝန်းကျင်ရဲ့ "မယုံကြည်မှု" က အကြီးမားဆုံး စိန်ခေါ်မှုပါ။ "မင်းကတော့ ခွေးမြှီးကောက် ကျည်ထောက်စွပ်ပါပဲ၊ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး" လို အပြောခံရတဲ့အခါ ဝမ်းနည်းတာ၊ ဒေါသထွက်တာနဲ့ ဘဝကို လက်လျှော့ချင်တာမျိုး ဖြစ်တတ်ပါတယ်။
တချိန်တုန်းက အမှားတွေလုပ်ခဲ့မိလို ဆိုးတဲ့သူတယောက်အဖြစ် မှတ်ယူခံထားရတဲ့အခါ ကိုယ်ရဲ့အမှားတွေကို ပြောင်းလဲပြီး အရင်လိုကောင်းမွန်စွာနေထိုင်ဖို့ ကြိုးစားရတဲ့အခါ လွယ်ကူတာမျိုးတော့ ဘယ်ဟုတ်ပါ့မလဲ။ တကယ်ကို မလွယ်ကူတဲ့ ခရီးတစ်ခုပါ။ ဒါပေမဲ့ သတိရပါ...
တစ်လောကလုံးက မယုံကြည်ရင်တောင် သင်ကတော့ သင့်ကိုယ်သင် ယုံကြည်မှု အစပျိုးဖို လိုအပ်ပါတယ်။ စွဲလမ်းမှုတိုင်းရဲ့ အဆုံးသတ်ဟာ တခြားသူတွေရဲ့ လက်ထဲမှာ မဟုတ်ဘဲ သင့်ရဲ့ "ဖြတ်တောက်ဖို ဆုံးဖြတ်တဲ့စိတ်" ထဲမှာပဲ ရှိပါတယ်။
ကိုယ်ကိုယ်ကို အချိန်ပေးပါ။ လုပ်ရပ်တွေက အမြင်တွေကို ပြောင်းလဲပေးသွားပါလိမ့်မယ်။
မိသားစုဝင်တွေက ဘယ်လိုကူညီပေးနိုင်မလဲ?
လောင်းကစားဖြတ်ဖိုဆိုတာ စိတ်ဓာတ်ခိုင်မာရုံနဲ့ မလုံလောက်ဘဲ ပတ်ဝန်းကျင်ရဲ့ ဖေးမမှုနဲ့ စနစ်တကျ ကုသမှု လိုအပ်ပါတယ်။
အပြစ်တင် ဝေဖန်တာထက် သူတို့ ရင်ဆိုင်နေရတဲ့ အခက်အခဲကို နားထောင်ပေးပြီး အားပေးကူညီပေးပါ။
လိုအပ်ပါက ကျွမ်းကျင်သူနှင့် တိုင်ပင်ပါ: လောင်းကစားစွဲလမ်းသူတစ်ယောက်ဟာ လူဆိုးတစ်ယောက်မဟုတ်ဘဲ "ထိန်းချုပ်ရခက်တဲ့ အလေ့အထတစ်ခု" ခံစားနေရသူဖြစ်တာကြောင့် Counselor (နှစ်သိမ့်ဆွေးနွေးသူ) များနဲ့ တိုင်ပင်ဆွေးနွေးပေးပါ။
Narrative Power က သင့်ရဲ့ ခက်ခဲတဲ့ ခရီးလမ်းမှာ နားထောင်ပေးမယ့် "ဖေးမသူ" အဖြစ် အမြဲရှိနေပါတယ်။
📩 အပြောင်းအလဲတစ်ခုကို အတူတူစတင်ဖို့ ကျွန်တော်တိုဆီ စာပိုလိုက်ပါ။