Ask Dr. Hein - Health Q&A

Ask Dr. Hein - Health Q&A ✨ Your Health, Our Priority.

 #တုပ်ကွေးရာသီ ရောက်တော့မည်တုပ်ကွေး/ ရာသီတုပ်ကွေး/ ဖလူ  (Flu/ Seasonal influenza) ဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာ...
04/05/2025

#တုပ်ကွေးရာသီ ရောက်တော့မည်

တုပ်ကွေး/ ရာသီတုပ်ကွေး/ ဖလူ (Flu/ Seasonal influenza) ဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေဖြစ်စေတဲ့ ကူးစက်တတ်သော ရောဂါတစ်ခုဆိုတာ သိပြီးကြပြီးဖြစ်မှာပါ။
တုပ်ကွေးဗိုင်းရပ်စ်ပိုးက ခန့်မှန်းခြေအားဖြင့် လူဦးရေရဲ့ ၂၀% အထိ နှစ်စဉ် ကူးစက်ခံနေရတယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။
လက္ခဏာတွေကတော့
* အဖျား သို့မဟုတ် ဖျားသလိုခံစားရခြင်း
* ခေါင်းကိုက်ခြင်း
* ကြွက်သားများ နာကျင်ခြင်း
* နေမကောင်းသလို ခံစားရခြင်း
* နှာရည်ယိုခြင်း
* လည်ချောင်းနာခြင်း
* ချောင်းဆိုးခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာများအပြင်
တုပ်ကွေးဖြစ်ပွားသော လူကြီးအချို့နဲ့ ကလေးများမှာ အန်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်းကဲ့သို့သော အူလမ်းကြောင်းနှင့်သက်ဆိုင်သော လက္ခဏာများကိုလည်း ခံစားရနိုင်ပါတယ်။ နေမကောင်းသလိုခံစားရတာတွေကရက်သတ္တပတ်အနည်းငယ်ကြာ ဆက်လက်ဖြစ်ပေါ်တာမျိုး ဖြစ်တတ်ပါတယ်။
ကူးစက်ပြီးလက္ခဏာများ မပြတာမျိုးလည်း ရှိနိုင်ပါတယ်။

လက္ခဏာပိုမိုပြင်းထန်ပြီး၊ တုတ်ကွေး နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရနိုင်သူတွေကတော့-
* သက်ကြီးရွယ်အိုများ
* နာတာရှည်ရောဂါသည်များ
* ကိုယ်ဝန်ဆောင် အမျိုးသမီးများ
* ငါးနှစ်အောက် ကလေးများ ဖြစ်သဖြင့် ဂရုပြုပေးရန်လိုပါတယ်။

တုပ်ကွေး၏ နောက်ဆက်တွဲအဖြစ် အဆုတ်ရောင်ခြင်းသည် အဖြစ်များသော ပြဿနာတစ်ခုဖြစ်ပြီး နှလုံးကြွက်သားရောင်ခြင်း (myocarditis) နှင့် ဦးနှောက်ရောင်ခြင်း (encephalitis) ကဲ့သို့သော အခြားပြင်းထန်သော အခြေအနေများကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။

တုပ်ကွေးကြောင့် ခန့်မှန်းခြေ နှစ်စဉ် လူ ၁၀၀,၀၀၀ မှာ၁၃.၈ယောက် သေဆုံးနေတယ်ဆိုတော့ မနည်းတဲ့ပမာဏပါပဲ။

တုပ်ကွေးကာကွယ်ခြင်းနည်းလမ်းများထဲမှာတော့ ကာကွယ်ဆေးထိုးခြင်းဟာ အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး အထူးသဖြင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေမြင့်မားသူတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ ထိုးနှံသင့်ပါတယ်။

ကာကွယ်ဆေးထိုးခြင်းအပြင် အခြားကာကွယ်ရေး နည်းလမ်းတွေက စာဖတ်သူတို့ သိပြီးကြတဲ့အတိုင်းပဲ
* လက်ဆေးပါ
* မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ကို မထိပါနှင့်။
တုပ်ကွေးလက္ခဏာများ ခံစားနေရပါက အခြားသူများနှင့် ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ပါ-
* နှာစေး၊ချောင်းဆိုးလျှင် လက်ကိုင်ပဝါဆောင်ပါ။
* နေအိမ်အဆောက်အဦးကို လေဝင်လေထွက် ကောင်းမွန်အောင် ပြုလုပ်ပါ။
* လူစုလူဝေးများသောနေရာများတွင် Social Distancing လုပ်ပါ။ mask တပ်ပါ။
မကြာခင်မှာပဲ တုတ်ကွေးအဖြစ်များသော ရာသီရောက်တော့မှာဖြစ်လို့ ဂရုပြုမိအောင် သတိပေးလိုက်ပါတယ်။

Ref:European Centre for Disease Prevention and Control
#ရာသီတုပ်ကွေး

ငလျင်မူးခြင်း သို့မဟုတ် ငလျင်အလွန်မူးဝေခြင်း ဝေဒနာစု 😵‍💫🌀Earthquake drunk syndrome သို့မဟုတ် Post-earthquake dizziness s...
31/03/2025

ငလျင်မူးခြင်း သို့မဟုတ် ငလျင်အလွန်မူးဝေခြင်း ဝေဒနာစု 😵‍💫🌀

Earthquake drunk syndrome သို့မဟုတ် Post-earthquake dizziness syndrome (PEDS) ဂျပန်လို “Jishin-Yoi” (地震酔い) ဆိုတာ ငလျင်လှုပ်ပြီးနောက် လူအချို့မှာ မူးဝေနေခြင်း သို့မဟုတ် ခန္ဓာကိုယ်ကမတည်ငြိမ်ဘဲ ဆက်လှုပ်ရှားနေသကဲ့သို့ ခံစားရခြင်းဖြစ်ပါတယ်။
သူကဘာနဲ့တူသလဲဆို ကားမူးသလိုလို
အရက်မူးနေသလိုမျိုးပါ။
ခေါင်းထဲမှာ ရှိတဲ့ ခန္ဓာကိုယ်ဟန်ချက် (balance) ကို တာဝန်ယူတဲ့ ပဲ့ထိန်းစနစ် (vestibular system) ပျက်ယွင်းသွားတာနဲ့သက်ဆိုင်ပါတယ်။

ဖြစ်စေတဲ့အကြောင်းရင်းတွေကတော့
📌ဦးနှောက်က ငလျင်လှုပ်နေစဉ် အတွင်းမှာ ပုံမှန်မဟုတ်တဲ့ ပြင်းထန်တဲ့ အာရုံခံစနစ်တွေကြောင့်ရယ်
📌နားအတွင်းရဲ့ ဟန်ချက်ထိန်းတဲ့နေရာမှာ ကြာရှည်သက်ရောက်မှုဖြစ်သွားတာကြောင့်ရယ်
📌စိုးရိမ်ပူပန်မှု နဲ့ စိတ်ဖိစီးမှု စသော စိတ်ပိုင်းဆိုင်ရာ အချက်များကြောင့် ဖြစ်ပါတယ်။

လက္ခဏာများကတော့
🤒မူးဝေခြင်း
🤒ဟန်ချက်မညီ မတည်ငြိမ်ခြင်း
🤒ယိမ်းထိုးလှုပ်ယမ်းနေသကဲ့သို့ခံစားရခြင်း
🤒ပျို့အန်ချင်စိတ်ဖြစ်ခြင်း တို့ပဲဖြစ်ပါတယ်။

ဘာလုပ်ရမလဲ
💁‍♂️စိတ်ချရသောနေရာတွင် နားနေပါ
💁‍♂️ရုတ်တရက်လှုပ်ရှားခြင်းမျိုး ရှောင်ကြဉ်ပါ
💁‍♂️ရေဓါတ်မခန်းခြောက်အောင် ရေများများသောက်ပါ💧
💁‍♂️ဖုန်း၊ တီဗွီစသော screen အချိန်ကြာမြင့်စွာကြည့်ခြင်း ရှောင်ကြဉ်ပါ🚫

ဘယ်အချိန်မှာ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်သလဲ
👉လက္ခဏာများ တစ်ပတ်ကျော်ကြာပါက
👉အလွန်အမင်း ခေါင်းကိုက်ခြင်း၊
👉ငလျင်လှုပ်ခတ်မှုကြောင့် (သို့မဟုတ်) ဖြစ်ရပ်၏ ဖိစီးမှုဒဏ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း၊ စိုးရိမ်သောကများခြင်း၊ အိပ်မပျော်ခြင်း စသော Post Traumatic Stress Disorder (PTSD) လို့ ခေါ်တဲ့
" ပြင်းထန် စိတ်ဖိစီးမှု ဒဏ်သင့် ဝေဒနာ " လက္ခဏာများဖြစ်ပေါ်ပါက နီးစပ်ရာ ဆေးရုံဆေးခန်း အမြန်ဆုံး သွားပါ။

မြန်မာနိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံ အမြန်ဆုံး အဆင်ပြေကြပါစေ လို့ ဆုတောင်းလျက်…

#ငလျင်
#ငလျင်မူးခြင်း
#မြန်မာငလျင်







#ဟိန်းဆေးခန်း

‘ခေတ်ကာလအရ မေ့ထားလို့ မဖြစ်တော့တဲ့ အမေတွေရဲ့ စိတ်ကျန်းမာရေး’ ‘ပြာသိုလပြည့် အမေများနေ့’ မှာ အမေတွေကို ချစ်ခြင်းမေတ္တာတွေ ...
15/01/2025

‘ခေတ်ကာလအရ မေ့ထားလို့ မဖြစ်တော့တဲ့ အမေတွေရဲ့ စိတ်ကျန်းမာရေး’

‘ပြာသိုလပြည့် အမေများနေ့’ မှာ အမေတွေကို ချစ်ခြင်းမေတ္တာတွေ ဖော်ပြကြတယ်၊ အမေတွေရဲ့ ဂုဏ်နဲ့ ပေးဆပ်မှုကို အမွှန်းတင်ကြတယ်၊ အမေဆိုတာ အိမ်တစ်အိမ် မိသားစု တစုရဲ့ အကြီးမားဆုံး ထောက်တိုင် တခုဖြစ်သလို သားသမီးတွေအတွက် စိိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ပေးနိုင်တဲ့ လူသားတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အမေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေကိုရော ကျွန်တော်တို့ ထည့်တွေးမိကြရဲ့လား? အမေတစ်ယောက်အနေနဲ့ ဘယ်လို စိတ်ခံစားချက်တွေ ရှိနေမလဲ အမေတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ကြလဲ ဆိုတဲ့ အချက်ကိုရော ကျွန်တော်တို့ သတိထားမိကြရဲ့လား?

ခေတ်ကာလက ပြောင်းလဲလာတဲ့အခါမှာ အမေတွေဟာ အိမ်ကနေ အပြင်ကို ထွက်လာရတယ်၊ မှီခိုဆိုတဲ့ အနေအထားတခုကနေ အိမ်ထောင့်တာဝန် တစိတ်တပိုင်းကို ယူလာရတယ်၊ မိသားစုရဲ့ စားဝတ်နေရေးအတွက် တဖက်တလမ်းကနေ ကူညီဖို့ ကြိုးစားလာရတယ်။ ဒီအချိန်မှာ စိိတ်ဖိစီးမှုတွေ များလာနိုင်တယ်၊ ကိုယ့်ကိုကိုယ် စိတ်ပိုင်းဆိုင်ရာ အားဖြင့် ဂရုစိုက်မှုတွေ နည်းလာတယ်၊ တခါတရံမှာ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ စိတ်ဖြေဖျောက်နည်းတွေကို သုံးဖြစ်လာတယ်၊ ဒီလိုနဲ့ပဲ အမေတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ပိုမို ကြီးထွားလာနိုင်ပါတယ်။ ဒါတွေမဖြစ်ရအောင် ဘယ်လို ကာကွယ်ကြမလဲ?

Nurturing Hertitude ဆိုတဲ့ စကားလုံးလေး တခုရှိတယ်၊ မြန်မာလို ပြောရမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ ကျန်းမာရေးအတွက် မှန်ကန်သောနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း (self-love, self-care) ကို မွေးမြူတည်ဆောက်ခြင်း လို့ ပြောရမှာပါ။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာအပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အလေးထားပြီး အမျိုးသမီးတွေ ပိုကျန်းမာအောင် ဂရုတစိုက် နေထိုင်ဖြစ်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ Nurturing Hertitude ကို ပြုစုပျိုးထောင်ခြင်းအားဖြင့် ဘယ်လို ကောင်းကျိုးတွေ ရနိုင်မလဲ?

(၁) စိတ်ဖိစီးမှုကို ကျော်လွှားနိုင်မယ်

အိမ်မှာ နေရတဲ့ အမေတွေမှာပဲ ဖြစ်ဖြစ် အပြင်ထွက်ပြီး အလုပ်လုပ်ရတဲ့ အမေတွေ အမျိုးသမီးတွေမှာပဲ ဖြစ်ဖြစ် စိတ်ဖိစီးမှုဆိုတာ ရှိနိုင်ပါတယ်။ စိတ်ဖိစီးမှုရဲ့ နောက်ဆက်တွဲ ပြဿနာတွေ အနေနဲ့ နှလုံး၊ သွေးတိုးနဲ့ တခြားသော ရောဂါတွေ ဖြစ်နိုင်သလို ကိုယ်ခံအားကိုလည်း ကျစေနိုင်ပါတယ်။ ဒီလို စိတ်ဖိစီးမှုကို ဖြေဖျောက်ရာမှာ နည်းလမ်းများစွာ ရှိပြီး Unhealthy Habits တွေနဲ့ စိတ်ဖိစီးမှု ဖြေဖျောက်တာမျိုးက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သောနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းကသာ ထိရာက်တဲ့ နည်းလမ်းတခုဖြစ်ပါတယ်။

(၂) ကျန်းမာရေးကို လေ့လာလိုက်စားဖြစ်မယ်

မှန်ကန်သောနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းကသာ အမျိုးသမီးတွေအတွက် ကိုယ့် ကျန်းမာရေးကို ဂရုစိုက်ဖြစ်ဖို့အတွက် ပိုတွန်းအားဖြစ်စေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်တာ၊ အာဟာရ ပြည့်ဝပြီး ကျန်းမာတဲ့ အစားအစာကို စားတာ၊ လုံလောက်စွာ အိပ်စက်တာ ၊ စတာတွေ အပြင် စိတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ အနားယူမှုနဲ့ အပန်းဖြေမှုတွေကို ပြုလုပ်တာတွေဟာ မိခင်တွေ၊ အမျိုးသမီးတွေအတွက် ပိုမို ကျန်းမာစေဖို့ အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။

(၃) လောကဓံရဲ့ ရိုက်ချက်တွေကို ခံနိုင်ရည်ရှိလာမယ်

Resilience လို့ ခေါ်တဲ့ ခံနိုင်ရည် စိတ်ဓါတ်ဟာ အမျိုးသမီးတွေ၊ မိခင် တွေမှာ မရှိမဖြစ်လိုအပ်လာတဲ့ အရည်အချင်းတခု ဖြစ်လာပါပြီ။ မမျှော်လင့်ထားတဲ့ ကံဆိုးမှုတွေ၊ အခက်အခဲတွေ ၊ ပြဿနာတွေကို နေ့စဥ် ကြုံတွေ့လာရတဲ့အခါမှာ စိတ်ဓါတ်ကြံ့ခိုင်မှုနဲ့ ခံနိုင်ရည် ရှိမှုဆိုတာ အရေးကြီးလာပါတယ်။ အကောင်းမြင်တတ်တဲ့ စိတ် ၊ အပြုသဘောဆောင်တဲ့ အတွေးတွေဟာ ခံနိုင်ရည် စိတ်ဓါတ် မွေးမြူရာမှာ အရေးကြီးတဲ့ အချက်တွေ ဖြစ်ပါတယ်။ အဆိုးဆုံးတွေကို ရင်ဆိုင်ရချိန်မှာတောင် မှန်ကန်သောနည်းလမ်းနဲ့ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းကသာ ကျော်လွှားနိုင်ပြီး ပြန်ထနိုင်ဖို့ ၊ပိုကောင်းတဲ့ အားအင်တွေနဲ့ ရှေ့ဆက်နိုင်ဖို့ ဆိုရင် မိခင်တွေဟာ အများကြီး သန်မာဖို့ လိုအပ်ပါတယ်။

(၄) နွေးထွေးတဲ့ လူမှုပတ်ဝန်းကျင် တခု ရလာမယ်

အလုပ်လုပ်ရတဲ့ မိခင်တွေမှာ စိတ်ရှုပ်စရာ ၊ စိတ်ဖိစီးစရာ ကိစ္စတွေများတာကြောင့် သားသမီးကို ဂရုမစိုက်ဖြစ်တာ၊ လင်ယောက်ျားအပါအဝင် မိသားစုဝင်တွေနဲ့ အခန့်မသင့် စကားများတာတွေ ရှိတတ်ပါတယ်။ ဒီလို ပြဿနာတွေများလာတဲ့အခါ မိခင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာလည်း အဆင်မပြေတော့သလို မိသားစု၊ ပတ်ဝန်းကျင်နဲ့လည်း ဝေးကွာလာသလို ဖြစ်တတ်ပါတယ်။ အကောင်းမြင်စိတ်အားဖြင့် ကိုယ့်ရဲ့ မိသားစုအပေါ် တန်ဖိုးထားမှု မြင့်တက်လာတဲ့အခါ ဒီလို ပဋိပက္ခတွေကို တတ်နိုင်သလောက် ရှောင်ရှားဖြစ်လာသလို နွေးထွေးတဲ့ အသိုက်အဝန်းတခုကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

(၅) Self-care များများလုပ်ဖြစ်မယ်

မိခင်အများစုဟာ သားသမီးအတွက်ကို အချိန်ပြည့် ပူပန်တတ်ကြ၊ ဂရုစိုက်တတ်ကြပေမယ့် ကိုယ့်ကိုယ်တိုင် အတွက်တော့ မေ့လျော့လေ့ရှိတတ်ကြပါတယ်။ အထူးသဖြင့် Me-time လို့ ကိုယ်ပိုင်အချိန်ကို မထားဖြစ်ကြတာကြောင့် အချိန်ကြာလာတာနဲ့ အမျှ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအားဖြင့် နွမ်းနယ်ပြီး အားနည်းလာတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုလည်း ချစ်ဖို့ လိုသလို ၊ စိတ်ပိုင်းဆိုင်ရာကို အနားရစေမယ့် Self care တွေကို ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါတွေကလည်း Nurturing Hertitude ရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ဒီလို ကောင်းကျိုးတွေကို ရစေဖို့အတွက် မိခင်တွေ ပြုလုပ်သင့်တဲ့ အရာတွေကတော့

(၁) တရားထိုင်ခြင်း

တရားထိုင်တယ်လို့ ပြောလိုက်ရင် အများစုက ဘာသာရေးအရလို့ ဆက်နွယ်ပြီး မြင်တတ်ကြပေမယ့် တရားထိုင်တယ်ဆိုတာဟာ Mindfulness ကို လေ့ကျင့်ခြင်း တမျိုးဖြစ်ပြီး အခုလက်ရှိ ပစ္စုပ္ပန်ကာလကို တန်ဖိုးထားမြင်တတ်စေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါတင်မကပဲ စိတ်ဖိစီးမှုတွေကို လည်း လျှော့ချပေးနိုင်ပြီး စိတ်ကို တည်ငြိမ်စေတာကြောင့် အာရုံစူးစိုက်မှုကို ပိုကောင်းစေတာကြောင့် အလုပ်လုပ်နေတဲ့ မိခင်တွေ ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ ဒါတင်မကပဲ တရားထိုင်ခြင်းဟာ ကောင်းမွန်စွာ အိပ်စက်စေခြင်း၊ နာကျင်မှု နည်းစေခြင်းအပြင် ခန္ဓာကိုယ် ကျန်းမာရေးအတွက်လည်း များစွာကောင်းကျိုး ပြုနိုင်ပါတယ်။

(၂) သဘာဝ အလှတရားတွေနဲ့ အချိန်ကုန်ဆုံးခြင်း

သဘာဝဟာ လှပမှုတွေနဲ့ ပြည့်ဝနေသလို လူသားတွေအတွက် စိတ်အေးချမ်းမှု၊ ကြည်လင်မှုတွေကို ပေးနိုင်ပါတယ်။ အထူးသဖြင့် စိတ်ဖိစီးမှုများနေချိန်မှာ သဘာဝလေကို ရှုရှိုက်တာ၊ စိမ်းစိုတဲ့ နေရာမှာ လမ်းလျှောက်တာ၊ အပင် ရေလောင်းတာ စတာတွေက စိတ်ဖိစီးမှုကို သက်သာစေသလို စိတ်ကို ကြည်လင်ပျော်ရွှင်စေပြီး အကောင်းမြင်စိတ်ကိုလည်း အားပေးပါတယ်။ ဒါ့ကြောင့် သဘာဝကို ခံစားရှုမြင်တတ်ခြင်းကလည်း မိခင်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုသနည်းတခုလို့ ပြောရမှာပါ။ ဒါကိုလည်း မကြာခဏ ပြုလုပ်ပေးဖို့ လိုပါတယ်။

(၃) ဝါသနာအတွက် အချိန်ပေးခြင်း

အမေတွေဟာ သားသမီး ဘာဝါသနာပါလဲဆိုတာကိုပဲ အာရုံစိုက်လေ့ရှိကြပြီး တခါတလေမှာ ကိုယ့်ရဲ့ ဝါသနာကို မေ့လျော့နေကြပါတယ်။ တကယ်တော့ ကိုယ်ရဲ့ ဝါသနာပါတဲ့ အရာတခုခုကို အချိန်ပေးပြီး ပြုလုပ်ခြင်းကလည်း စိတ်ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုတတ်ပါတယ်။ မကျန်းမာတဲ့ နည်းလမ်းတွေ ဖြစ်တဲ့ အရက်သောက်တာ၊ ဆေးလိပ်သောက်တာ၊ ဆေးဝါးသုံးစွဲတာ စတဲ့ နည်းလမ်းတွေနဲ့ အချိန်ဖြုန်းမယ့်အစား သိုးမွှေးထိုးတာ၊ စာဖတ်တာ၊ ဟင်းချက်တာ၊ ပန်းချီဆွဲတာ ၊ စျေးဝယ်ထွက်တာ ၊ ရုပ်ရှင်ကြည့်တာ စတဲ့ ကိုယ်ဝါသနာပါတာ တခုခုကိုလည်း အမြဲ ပြုလုပ်ပေးတာက စိတ်ထွက်ပေါက်တခု အနေနဲ့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

(၄) ကိုယ့်ကိုကိုယ် အကောင်းပြောဆိုခြင်း

Positive self talk ဟာ နေ့စဥ်ဘဝမှာ အရေးကြီးတဲ့ အရာတခု ဖြစ်ပါတယ်။ ကိုယ့်ကိုကိုယ် အကောင်းပြောဆိုခြင်းအားဖြင့် ကိုယ်တိုင်အပေါ် ချစ်ခင်စိတ်၊ လေးစားတန်ဖိုးထားစိတ်တွေ ပိုများလာစေနိုင်ပြီး စိတ်ဓါတ်ကျတာ ၊ အားငယ်တာ၊ ဘဝကို အရှုံးပေးချင်စိတ် ဖြစ်လာတာတွေကို သိသိသာသာ သက်သာစေမှာ ဖြစ်ပါတယ်။ တခါတရံမှာ အဆင်မပြေမှု အရမ်းများနေချိန် ၊ ရင်ဖွင့်ဖော် မရှိတဲ့ အချိန်တွေမှာ ကိုယ့်ကိုကိုယ် postive self talk ပြုလုပ်ခြင်းအားဖြင့် ပြန်လည်အားမွေးရမှာ ဖြစ်ပါတယ်။

(၅) ကျေးဇူးတင်တတ်ခြင်း

အခုလက်ရှိ ပိုင်ဆိုင်ရတာတွေကို ကျေးဇူးတင်တတ်ခြင်းကလည်း အကောင်းမြင်စိတ်ကို တိုးပွားစေနိုင်တဲ့ နည်းလမ်းတမျိုး ဖြစ်ပါတယ်။ တခါတရံမှာ ဘဝမှာ လိုချင်တာတွေ မဖြစ်တဲ့အခါ ၊ ကိုယ်မျှော်မှန်းထားတဲ့ အရာတွေက ကိုယ့်အတွက် ခက်ခဲလွန်းတဲ့အခါမှာ အားမလို အားမရစိတ်၊ စိတ်ဓါတ်ကျမှုတွေ ရှိကြမှာပါ။ ဒါတွေကို အမျိုးသမီးတွေ၊ မိခင်တွေ အနေနဲ့လည်း အနည်းနဲ့ အမျှ ရင်ဆိုင်ရဖွယ် ရှိသလို ဒီအချိန်မှာ ကိုယ့်လက်ရှိရရှိနေတဲ့ အရာတွေကို ကျေးဇူးတင်ပြီး အကောင်းမြင်စိတ် မွေးဖို့ လိုအပ်ပါတယ်။

အမျိုးသမီးတွေ အထူးသဖြင့် မိခင်တွေဟာ သားသမီးဇော ၊ မိသားစုဇောနဲ့ အလုပ်ထဲကို စိတ်နှစ်မိရာကနေ ကြာလာတဲ့အခါမှာ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုမပြုမိတာတွေ ရှိလာနိုင်ပါတယ်။ ဒီအချိန်မှာ စိတ်ကျန်းမာရေးအပြင် ခန္ဓာကိုယ် ကျန်းမာရေးကိုပါ သက်ရောက်မှု ရှိလာနိုင်ပါတယ်။ အခု ဒီစာကို ဖတ်နေသူဟာ အမေတစ်ယောက််ကို ချစ်ရတဲ့ သားသမီးတစ်ယောက်ပဲ ဖြစ်ဖြစ် ကိုယ်တိုင်က အမေနေရာကို ရောက်နေတဲ့ အမျိုးသမီး တစ်ယောက်ပဲ ဖြစ်ဖြစ် အခုပြောခဲ့တဲ့ နည်းလမ်းတွေက အသုံးဝင်မယ်လို့ မျှော်လင့်ရင်း မျှဝေလိုက်ရပါတယ်။

References

https://www.promotingwomenshealth.com/blog/the-benefits-of-mindfulness-for-womens-health.html #:~:text=Promoting%20Emotional%20Well%2Dbeing,can%20increase%20their%20self%2Dawareness
https://www.discoverycommons.com/senior-living-blog/how-maintaining-a-positive-mindset-helps-aging-women-live-healthier-and-happier/


#တရားထိုင်ခြင်း #ကျေးဇူးတင် #ပြာသိုလပြည့် #အမေနေ့ #စိတ်ကျန်းမာရေး

မြန်မာနိုင်ငံနဲ့ အနီးတဝိုက်မှာ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် ရှိနေပြီလား? ဒီရက်ပိုင်း 🇨🇳 တရုတ်နိုင်ငံရဲ့ အသက်...
10/01/2025

မြန်မာနိုင်ငံနဲ့ အနီးတဝိုက်မှာ Human Metapneumovirus (HMPV) ဗိုင်းရပ်စ် ရှိနေပြီလား?

ဒီရက်ပိုင်း 🇨🇳 တရုတ်နိုင်ငံရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ 🦠 ဗိုင်းရပ်စ်အကြောင်းကို ဆိုရှယ်မီဒီယာမှာရော သတင်းတွေမှာပါ လူပြောများနေကြတာ အားလုံး အသိဖြစ်မှာပါ။ ကိုဗစ်မှာ ကြုံခဲ့ရတဲ့ အခြေအနေတွေကြောင့် အားလုံးက ဗိုင်းရပ်စ်လို့ ပြောရင် လန့်နေကြတယ်ဆိုတော့ ဒီဗိုင်းရပ်စ် အကြောင်းကိုလည်း သိချင်ကြမယ် ထင်ပါတယ်။ အခုဆိုရင် 🦠 ဒီဗိုင်းရပ်စ်က 🇨🇳 တရုတ်နဲ့ 🇮🇳 အိန္ဒိယမှာ ဖြစ်နေပြီ ဆိုတော့ ပထဝီဝင် အနေအထားအရဆိုရင် မြန်မာနိုင်ငံနဲ့ မဝေးဘူးလို့ ပြောလို့ရသလို အခြေအနေ အကြောင်းကြောင်း ကြောင့် ရွှေ့ပြောင်းသွားလာနေရသူ မြန်မာတွေ အနေနဲ့လည်း ဒီဗိုင်းရပ်စ်အကြောင်းကို ကြိုတင် သတိပြုမိကြဖို့ ရည်ရွယ်ပြီး မျှဝေချင်တာ ဖြစ်ပါတယ်။

အခု ပြောမယ့် လက်တလော တရုတ်မှာ ဖြစ်နေတဲ့ ဗိုင်းရပ်စ်ရဲ့ နာမည် အပြည့်အစုံကတော့ Human Metapneumovirus (HMPV) Virus လို့ ခေါ်ပါတယ်။ တကယ်တော့ ဒီ HMPV ဗိုင်းရပ််စ်ဟာ အခုမှ ပေါ်လာတဲ့ 🦠 ဗိုင်းရပ်စ် အသစ်တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်လောက်ထဲက နယ်သာလန်နိုင်ငံမှာ ဒတ်ချ် သိပ္ပံပညာရှင်တွရှင်တွေ တွေ့ရှိခဲ့ပြီး ဒီကြားထဲမှာလည်း တချို့နိုင်ငံတွေမှာ ကူးစက်မှုတွေ ရှိနေခဲ့တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ် တမျိုးပါပဲ။ အထူးသဖြင့် ❄️ အေးတဲ့ရာသီ ဆောင်းရာသီမှာ အဓိကဖြစ်သလို အခုလို အချိန်ကာလက ဗိုင်းရပ်စ် ကူးစက်မှုနှုန်းအများဆုံး ကာလ ဖြစ်ပါတယ်။

👨🏻‍⚕️ တောင်အာဖရိက နိုင်ငံရဲ့ ကူးစက်ရောဂါဆိုင်ရာ အမျိုးသားတက္ကသိုလ်က ပါမောက္ခချုပ် တဦးဖြစ်သူ Professor Cheryl Cohen ကတော့ ဒီ HMPV ဗိုင်းရပ်စ်ဟာ ပုံမှန်ဆောင်းတွင်းမှာ တွေ့နေကြ ၊ ကူးစက်နေကြ ဗိုင်းရပ်စ်တွေထဲက တမျိုးဖြစ်ပြီး နှစ်ပေါင်းများစွာထဲက ရှိနေခဲ့တာကြောင့် အထူးစိုးရိမ်စရာ မလိုကြောင်း သူ့ရဲ့ အင်တာဗျူး တခုမှာ ဖြေကြားထားပါတယ်။ ဒါပေမယ့် ဒီ HMPV ဗိုင်းရပ်စ်ဟာ 👦🏻👧🏻 ကလေးငယ်တွေ အထူးသဖြင့် အသက် (၅) နှစ်အောက် ကလေးငယ်တွေနဲ့ အသက်အရွယ်ကြီးတဲ့ ၆၅ နှစ်အထက် 👨‍🦳👩‍🦳 လူကြီးတွေမှာ ရောဂါလက္ခဏာ ပြင်းထန်နိုင်တာကြောင့် ပေါ့ဆလို့တော့ မရပါဘူး။

🦠 HMPV ဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့မိတဲ့ လူတိုင်းကို ကူးစက်နိုင်ပြီး 👧🏻👦🏻 ကလေးငယ်တွေ၊ အသက်ကြီးတဲ့ အဘိုးအဘွားတွေနဲ့ ကိုယ်ခံအားနည်းသူတွေ၊ ပန်းနာရင်ကြပ်နဲ့ နာတာရှည် လေပြွန်ကျဥ်းရောဂါ ရှိသူတွေမှာ ပိုပြီး ကူးစက်နိုင်ချေ များပါတယ်။ အထူးသဖြင့် အခု လက်တလော တရုတ်နိုင်ငံမှာ ရောဂါလက္ခဏာတွေ့ရှိသူတွေဟာ ကလေးငယ်တွေ အများစုဖြစ်နေတာကို တွေ့ရှိရပါတယ်။ လေ့လာမှုတွေအရ ကလေးတွေမှာ ဖြစ်တဲ့ အသက်ရှုလမ်းကြောင်း ရောဂါကူးစက်ခံရမှုတွေထဲက ၁၀ ကနေ ၂၀ ရာခိုင်နှုန်းဟာ HMPV ဗိုင်းရပ်စ်ကြောင့် ဖြစ်တယ်လို့ တွေ့ရှိထားပြီး ဒီကလေးတွေထဲက ၅ ရာခိုင်နှုန်းကနေ ၁၆ ရာခိုင်နှုန်းက 🫁 အဆုတ်ယောင်လက္ခဏာတွေကို တွေ့ရတယ်လို့ တွေ့ရှိထားပါတယ်။

လေ့လာမှုတွေ အရ အရွယ်ရောက်ပြီးလူတစ်ယောက်ဟာ HMPV Virus ကို အနည်းဆုံး တစ်ကြိမ်ခန့် ကူးစက်ခံရပြီး ဖြစ်သလို ပထမဆုံး အကြိမ်ကူးစက်မှုကနေ immunity (ကိုယ်ခံအား) ရပြီးသား ဖြစ်တာကြောင့် နောက်တစ်ကြိမ် ကူးစက်ခံရချိန်ဟာ ပထမအကြိမ်လောက် ရောဂါ လက္ခဏာ ပြင်းထန်လေ့မရှိတော့ပါဘူး။ ဒါပေမယ့် ကလေးငယ်တွေ အထူးသဖြင့် အသက် ၅ နှစ်အောက်မှာတော့ HMPV ဗိုင်းရပ်စ်ကို ပထမဆုံး ကူးစက်ခံရခြင်း ဖြစ်နိုင်တာကြောင့် ရောဂါလက္ခဏာတွေ ပိုပြင်းထန်လေ့ရှိကြောင်း တွေ့ရှိထားကြပါတယ်။

HMPV ဗိုင်းရပ်စ် ရဲ့ ရောဂါ လက္ခဏာများ

HMPV ဗိုင်းရပ်စ် ရဲ့ ရောဂါလက္ခဏာ တွေဟာ အားလုံးသိကြတဲ့ ရာသီတုပ်ကွေး၊ အအေးမိတာနဲ့ ဆင်တူသလို အများအားဖြင့် ချောင်းဆိုးခြင်း၊ 😪နှာစေးခြင်း၊ နှာပိတ်ခြင်း၊ 🤒ဖျားနာခြင်း၊ လည်ချောင်းနာခြင်း စတာတွေ ဖြစ်တတ်ပြီး များသောအားဖြင့် ၂ ရက်ကနေ ၅ ရက် အတွင်း သက်သာသွားလေ့ရှိပါတယ်။ တကယ်လို့ အသက်ရှုကြပ်တာ၊ အသက်ရှုနေစဉ် တရွှီးရွှီးမြည်တာ၊ လေပြွန်ရောင်ခြင်းနဲ့ အဆုတ်ရောင်ခြင်းရဲ့ လက္ခဏာတွေ ခံစားရတာ၊ ပန်းနာရင်ကြပ် ရောဂါလက္ခဏာ တွေ ဆိုးရွားလာတာ စတာတွေ ဖြစ်ခဲ့ရင်တော့ စိုးရိမ်ရနိုင်ဖွယ် ရှိတာကြောင့် ဆေးကုသမှုခံယူဖို့ အရေးတကြီး လိုအပ်နိုင်ပါတယ်။

HMPV ဗိုင်းရပ်စ် ကူးစက်ပုံနဲ့ ကာကွယ်ရန် နည်းလမ်းများ

🦠 HMPV ဗိုင်းရပ်စ် ကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေးကတော့ လက်တလော မရှိသေးဘူး ဆိုပေမယ့် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ များစွာ ရှိပါတယ်။ ဒီ ဗိုင်းရပ်စ်ဟာ တခြားသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်တွေလိုမျိုးပဲ လေထုကနေ တဆင့် ကူးစက်နိုင်တာကြောင့် ရောဂါပိုးရှိသူနဲ့ တိုက်ရိုက် ထိတွေ့မိတာ (ဥပမာ နမ်းရှုံ့ခြင်း၊ ပွေ့ဖက်ခြင်း ၊ လက်ဆွဲနှုတ်ဆက်ခြင်း) ကြောင့် ကူးစက်နိုင်သလို ရောဂါပိုးရှိသူရဲ့ နှာချေ ချောင်းဆိုး ရာကနေလည်း ဗိုင်းရပ်စ်တွေ လေထုထဲ ပျံ့နှံ့ပြီး ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် ဒီဗိုင်းရပ်စ်ဟာ ရောဂါကူးစက်ခံရသူရဲ့ အနီးအနားက အသုံးဆောင် ပစ္စည်းတွေမှာလည်း ကပ်တွယ်နေနိုင်ပါတယ်။ အထူးသဖြင့် ဖျားနာနေသူကို အနီးပြုစုသူများ၊ အတူနေ မိသားစုမှာ ရောဂါကူးစက်ခံထားရသူများ အနေနဲ့ အချင်းချင်း ရောဂါ ကူးစက်နိုင်ချေ များတာကြောင့် အထူးဂရုပြုဖို့ လိုပါတယ်။

👉 HMPV Virus ကိုကာကွယ်နိုင်ဖို့ အတွက်

✅ လက်ကို စက္ကန့် ၂၀ ခန့် ဆပ်ပြာနဲ့ သေချာ ဆေးကြောပါ

✅နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ပါ

✅ နှာစေး ချောင်းဆိုးတဲ့အခါတိုင်း ပါးစပ်နဲ့ နှာခေါင်းကို ဖုံးအုပ်ဖို့ မမေ့ပါနဲ့

✅ တခြားသူများနဲ့ အသုံးအဆောင်ပစ္စည်း များ မျှဝေသုံးစွဲခြင်းကို အထူးဂရုပြုပါ

✅ ဖျားနာခြင်း ခံစားရပါက အိမ်မှာပဲ အနားယူပါ

✅ရောဂါပိုးကပ်တွယ်နေနိုင်တဲ့ တံခါးလက်ကိုင်ဖု အပါအဝင် ကြမ်းပြင်နဲ့ စားပွဲမျက်နှာပြင် စတာတွေကို သန့်စင်ပေးပါ

👉 HMPV ဗိုင်းရပ်စ် ကူးစက်ခံရရင် ဘယ်လို ကုသမလဲ?

HMPV ဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတယ် ရောဂါလက္ခဏာတွေက သိပ်ပြီး မပြင်းထန်ဘူးဆိုရင်တော့ အိမ်မှာ အနားယူတာ၊ အရည်များများသောက်တာတွေနဲ့ သက်သာနိုင်သလို ရောဂါလက္ခဏာအလိုက် တချို့သော over the counter (OTC) ဆေးဆိုင်တွင် အလွယ်တကူ ဝယ်ယူနိုင်သော ဆေးဝါးများကို သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ရောဂါကူးစက်ခံရသူက ကလေးငယ် ဒါမှမဟုတ် အသက်အရွယ်ကြီးရင့်တဲ့ လူကြီးတွေ ဖြစ်မယ်၊ ဒါမှမဟုတ် ရောဂါလက္ခဏာ ပြင်းထန်မယ်ဆိုရင်တော့ အန္တရာယ်ရှိတာကြောင့် 🏥 ဆေးရုံဆေးခန်းကို ပြဖို့ လိုပါတယ်။

👉 ရောဂါ ပြင်းထန်သူတွေမှာ အခြေအနေ အရ အောက်စီဂျင် ပေးရတာ၊ သွေးကြောထဲသို့ အရည်သွင်းရတာ နဲ့ စတီးရွိုက်ဆေးတွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်အရ လိုအပ်နိုင်ပါတယ်။ HMPV ဗိုင်းရပ်စ်ဟာ ဗိုင်းရပ်စ် ဖြစ်တာကြောင့် ပဋိဇီဝ ပိုးသတ်ဆေးတွေ ပေးပေမယ့် အကျိုးထူးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တခါတရံမှာ ဗိုင်းရပ်စ် ကူးစက်ခံရရာကနေ နောက်ဆက်တွဲ အနေနဲ့ ဘက်တီးရီးယား ပိုးကူးစက်ခံရတာတွေလည်း ရှိနိုင်တာကြောင့် ဒီလို အခြေအနေမှာတော့ ဆရာဝန် ရဲ့ ညွှန်ကြားချက်အရ ပိုးသတ်ဆေးတွေ လိုကောင်းလိုလာနိုင်ပါတယ်။

👨🏻‍⚕️ HMPV ဗိုင်းရပ်စ်ဟာ စိုးရိမ်ဖွယ်ရာ ဗိုင်းရပ်အသစ်မဟုတ်ဘူးလို့ ပြောကြပေမယ့် လက်ရှိအချိန်မှာ လေ့လာမှုတွေ ပြုလုပ်နေကြဆဲ ဖြစ်သလို နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ အဆုတ်နဲ့ လေပြွန်ဆိုင်ရာ ပြဿနာတွေ ရှိနေနိုင်သလို နားပိုးဝင်ခြင်း ကဲ့သို့သော အခြေအနေတွေလည်း ရှိနေနိုင်တာကြောင့် အခုလို ရာသီဥတုမှာ သတိပြုကြိုတင်ကာကွယ်ထားခြင်းက စိတ်အချရဆုံးဖြစ်ကြောင်း ဗဟုသုတ အနေနဲ့ မျှဝေလိုက်ရပါတယ်။

References
https://www.iol.co.za/news/south-africa/hmpv-not-mysterious-or-new-virus-nicd-says-virus-not-unique-to-china-and-has-been-present-in-south-africa-6ff31141-7e2b-4212-8f35-223edf9fa42d
https://my.clevelandclinic.org/health/diseases/22443-human-metapneumovirus-hmpv
https://www.cdc.gov/human-metapneumovirus/about/index.html
https://www.sciencemediacentre.org/expert-comments-about-hmpv-human-metapneumovirus-following-media-reports-about-cases-in-china/
#ရောဂါပိုး #အသက်ရှုလမ်းကြောင်း #တရုတ်

🇲🇲 (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ 🇲🇲77𝚝𝚑 Independence Day of Myanmar 2025ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် မြန်မာသက္ကရာဇ် ...
04/01/2025

🇲🇲 (၇၇) ကြိမ်မြောက် လွတ်လပ်ရေးနေ့ 🇲🇲

77𝚝𝚑 Independence Day of Myanmar 2025
ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် မြန်မာသက္ကရာဇ် ၁၃၀၉-ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉-ရက် (ခရစ်သက္ကရာဇ် ၁၉၄၈-ခုနှစ်၊ ဇန်နဝါရီလ ၄-ရက်) တနင်္ဂနွေနေ့ နံနက် (၄) နာရီမိနစ် (၂၀) အချိန်တွင် လွတ်လပ်၍ အချုပ်အခြာအာဏာပိုင်သော နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့ပြီး မြန်မာတစ်မျိုးသားလုံး မမေ့အပ်တဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်လေးဖြစ်ပါတယ်။
လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့ကြတဲ့ သူရဲကောင်းများအား အောက်မေ့တမ်းတရင်း
January 4, 2025 ရက်နေ့မှာ ကျရောက်တဲ့
(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အားဂုဏ်ယူဝမ်းမြောက်စွာဖြင့် ကြိုဆိုဂုဏ်ပြုလျက် .... 🇲🇲
The Union of Myanmar became an independent and sovereign country on Sunday, the 9th day of the full moon of Pyatho, 1309 Myanmar calendar (January 4, 1948 Christian calendar) at 4:20 a.m., a sacred day that the entire Myanmar nation will never forget.
In memory of the heroes who fought for independence
We proudly welcome the (77)th Independence Day, which falls on January 4, 2025. .... 🇲🇲
#လွတ်လပ်ရေးနေ့ #
#၇၇ကြိမ်မြောက်လွတ်လပ်ရေးနေ့

🇲🇲🇲🇲♥️

Happy New Year 2025!🌟✨အပြည်ပြည်ဆိုင်ရာ နှစ်သစ်ကူးနေ့မှ စ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေကြောင်း ...
01/01/2025

Happy New Year 2025!🌟✨
အပြည်ပြည်ဆိုင်ရာ နှစ်သစ်ကူးနေ့မှ စ၍ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
#နှစ်သစ်ဆုတောင်း #ကျန်းမာရေး #စိတ်ချမ်းသာ #ကိုယ်ကျန်းမာ

“ ကရင်နှစ်သစ်ကူးနေ့ ”🇳🇱◾ ကရင်သက္ကရာဇ်🇳🇱 (၂၇၆၄) ခုနှစ် ပြာသိုလဆန်း (၁)ရက် တနင်္လာနေ့ (ဒီဇင်ဘာလ ၃၁ ရက်, ၂၀၂၄ ခုနှစ်) မှာ က...
30/12/2024

“ ကရင်နှစ်သစ်ကူးနေ့ ”🇳🇱
◾ ကရင်သက္ကရာဇ်🇳🇱 (၂၇၆၄) ခုနှစ် ပြာသိုလဆန်း (၁)ရက် တနင်္လာနေ့ (ဒီဇင်ဘာလ ၃၁ ရက်, ၂၀၂၄ ခုနှစ်) မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ ဖားစည်သံတညံညံနဲ့ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တကွ မြန်မာနိုင်ငံသားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
#ကရင်နှစ်သစ်ကူး🇳🇱 #ဖားစည် #ပြာသိုလဆန်း၁ရက်

ကူးစက်မြန်တဲ့ နိုရိုဗိုင်းရပ်စ် ရန်ကနေ ဘယ်လို ရှောင်ကွင်းကြမလဲ? ဒီရက်ပိုင်း ခပ်စိပ်စိပ် ပြန်ကြားလာရတာကတော့ 🦠  #နိုရိုဗို...
28/12/2024

ကူးစက်မြန်တဲ့ နိုရိုဗိုင်းရပ်စ် ရန်ကနေ ဘယ်လို ရှောင်ကွင်းကြမလဲ?
ဒီရက်ပိုင်း ခပ်စိပ်စိပ် ပြန်ကြားလာရတာကတော့ 🦠 #နိုရိုဗိုင်းရပ်စ် ( ) တွေ အရမ်းကူးစက်နေကြတယ်၊ အထူးသဖြင့် 👶👧🏻👦🏻 ကလေးတွေမှာ ဝမ်းပျက် ဝမ်းလျှောနဲ့ အန်တာတွေ အရမ်းများလာတယ် ဆိုတဲ့ သတင်းတွေပါပဲ။ နိုရိုဗိုင်းရပ်စ် ဆိုတာက အခုမှ ပေါ်တဲ့ ဗိုင်းရပ်စ် အသစ်တော့ မဟုတ်ပေမယ့် ကူးစက်နှုန်းက အရမ်းများပြီး လက္ခဏာတွေက သိသာတာကြောင့် ပေါ့ဆလို့ မရတဲ့ ကူးစက်ရောဂါလို့ ပြောလို့ရပါတယ်။ တချို့နေရာတွေမှာလည်း ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေ ရှိနေပြီဆိုတော့ နိုရိုဗိုင်းရပ်စ် အကြောင်းနဲ့ ဒီ ဗိုင်းရပ်စ် ရန်ကနေ ဘယ်လို ကာကွယ်နိုင်မလဲဆိုတဲ့ အကြောင်းကို မျှဝေပေးချင်ပါတယ်။
👉 လေ့လာတွေ့ရှိမှုတွေအရ နိုရိုဗိုင်းရပ်စ် ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် တစ်နှစ်ကို လူဦးရေ ၆၈၅ သန်းလောက် ကူးစက်ခံရပြီး ဒီထဲမှာ သန်း ၂၀၀ ခန့်က ကလေးတွေ ဖြစ်တာကို တွေ့ရပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့် ကလေးတွေမှာ ကူးစက်မှုနှုန်းနဲ့ ရောဂါလက္ခဏာက ပိုပြင်းထန်တာကြောင့် အထူးသတိထားဖို့ လိုတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေးတွေဟာ ကိုယ်ခံအားနည်းပြီး ရောဂါလက္ခဏာတွေကို ခံနိုင်ရည် နည်းပါးတာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးတွေကလည်း ကလေးတွေမှာ ပိုတွေ့ရနိုင်တာ ဖြစ်ပါတယ်။
👉 နိုရိုဗိုင်းရပ်စ် ဟာ ကိုဗစ်လိုပဲ မျိုးကွဲတွေ အများကြီးရှိတဲ့ ဗိုင်းရပ်စ် အမျိုးအစားဖြစ်ပါတယ်။ အကြမ်းအားဖြင့် အုပ်စု ၁၀ ခုနဲ့ မျိုးကွဲ ၄၈ မျိုးထိရှိပါတယ်။ များသောအားဖြင့် ရာသီဥတု အေးတဲ့ လတွေမှာ ပိုအဖြစ်များတယ် ဆိုပေမယ့် ဒေသပေါ်မှာ မူတည်ပြီး တစ်နှစ်ပတ်လုံး ဖြစ်တဲ့ ကူးစက် ရောဂါ လို့ ပြောလို့ရပါတယ်။ အီကွေတာနဲ့ပိုင်းခြားသတ်မှတ်မယ်ဆိုရင်
အီကွေတာ အထက်ကနိုင်ငံတွေမှာ နိုဝင်ဘာနဲ့ဧပြီလကြားမှာ ဖြစ်လေ့ရှိပြီး အီကွေတာ အောက်ကနိုင်ငံတွေမှာတော့ ဧပြီနဲ့စက်တင်ဘာကြားမှာ ဖြစ်လေ့ရှိပါတယ်။
နိုရိုဗိုင်းရပ်စ် ဝင်တဲ့အခါမှာ အစာအိမ်နဲ့အူလမ်းကြောင်းကို ရောင်ရမ်းစေနိုင်ပြီး အဓိက လက္ခဏာတွေကတော့
🤮အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်း၊ 😵‍💫မူးဝေခြင်းတို့ ဖြစ်နိုင်ပြီး တခါတစ်ရံမှာ ခေါင်းကိုက်ခြင်း ၊
🤒 ဖျားနာခြင်းနဲ့ ခန္ဓာကိုယ် ကိုက်ခဲနာကျင်ခြင်းတွေကို ခံစားရနိုင်ပါတယ်။
ကလေးရော လူကြီးမှာပါ ဖြစ်နိုင်တယ် ဆိုပေမယ့်
📍လူကြီးတွေမှာ ဝမ်းလျှောခြင်းကို ပိုတွေ့ရတတ်ပြီး
📍ကလေးတွေမှာတော့ အန်တဲ့ လက္ခဏာကို ပိုခံစားရလေ့ ရှိပါတယ်။
များသောအားဖြင့် ဒီလက္ခဏာတွေကို
📌ရောဂါပိုးကူးစက်ခံရပြီးနောက် ၁၂ နာရီကနေ ၄၈ နာရီအတွင်း မှာ စတင်ခံစားရလေ့ရှိပြီး
📌၁ ရက်ကနေ ၃ ရက်အတွင်းမှာတော့ အများအားဖြင့် သက်သာသွားလေ့ရှိပါတယ်။
ဒါပေမယ့် ရောဂါလက္ခဏာတွေ ပျောက်ကင်းသွားသည့်တိုင်အောင် ဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲမှာ ရှိနေဆဲ ဖြစ်သလို တခြားသူဆီကို ကူးစက်နိုင်စွမ်းလည်း ရှိနေပါသေးတယ်။
👨🏻‍⚕️ ဒါဆိုရင် နိုရိုဗိုင်းရပ်စ် က ဘယ်လို ကူးစက်နိုင်တာလဲ?
နိုရိုဗိုင်းရပ်စ် ဟာ အစားအစာကြောင့်ကူးစက်တဲ့ ( -borne illness) ဖြစ်ပါတယ်။ ရောဂါပိုးကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်ကနေ 🦠 ဗိုင်းရပ်စ် သန်းပေါင်းများစွာ ကွာကျနိုင်ပြီး ထိုသူနဲ့ အနီးကပ် နေထိုင်သူတွေ၊ ရောဂါပိုးရှိသူကို ပြုစုစောင့်ရှောက်သူတွေ၊ အစားအသောက် မျှဝေစားသောက်သူတွေမှာ ကူးစက်နိုင်ချေ ရှိပါတယ်။
ဒါ့အပြင် မသန့်ရှင်းတဲ့ အစားအစာတွေ စားမိတာ၊ အစားကို သေချာ သန့်စင်ခြင်း ချက်ပြုတ်ခြင်းမရှိတာကစလို့ အစားအသောက် ပြင်ဆင်တဲ့ အသုံးအဆောင် အိုးခွက် ပန်းကန်တွေ သန့်ရှင်းမှု မရှိရာကနေလည်း နိုရိုဗိုင်းရပ်စ် ကူးစက်နိုင်ပါတယ်။
🦑🦪🦀ပင်လယ်စာ အစိမ်းစားသူတွေနဲ့ အပြင်စာ အစားများတဲ့သူတွေမှာ အထူးဂရုပြုရမှာ ဖြစ်သလို ကလေးတွေကို အနီးကပ် စောင့်ရှောက်သူတွေအနေနဲ့လည်း သန့်ရှင်းမှုကို အလေးထားရမှာ ဖြစ်ပါတယ်။
ဒီလို ကူးစက်လွယ်တဲ့ နိုရိုဗိုင်းရပ်စ် ရဲ့ နောက်ထပ် အရေးကြီးဆုံး အချက်ကတော့ နောက်ဆက်တွဲ ဆိုးကျိုး အနေနဲ့ ရေဓါတ်ခမ်းခြောက်ခြင်းကို ခံစားရနိုင်တာ ဖြစ်ပါတယ်။ အဓိက လက္ခဏာက ဝမ်းလျှောခြင်းနဲ့ အန်ခြင်းကို အကြိမ်များစွာ ခံစားရနိုင်တာကြောင့် ဆုံးရှုံးသွားတဲ့ 💦 ရေဓါတ်ကို အချိန်မှီ ပြန်လည် မဖြည့်နိုင်ဘူးဆိုရင် ရေဓါတ်ခမ်းခြောက်ခြင်း ကို ခံစားရနိုင်ပြီး ဒါဟာ နိုရိုဗိုင်းရပ်စ် ကြောင့် သေဆုံးခြင်း ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တခုလည်း ဖြစ်ပါတယ်။
👉 ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေ အနေနဲ့
📌 ဆီးသွားနည်းတာ
📌 ဆီးအရောင်ရင့်တာ
📌 အာခေါင်ခြောက်တာ
📌 မူးဝေတာ၊ အားနည်းတာ
📌 ခေါင်းကိုက်တာ အပြင်
📌 ကလေးတွေမှာ မျက်ရည်မထွက်ပဲ ငိုတာ
📌 ဂျီကျတာ
📌 မှိန်းတာနဲ့
📌 အချိန်ကြာကြာ အိပ်စက်တာ
📌 လန်းဆန်းမှု မရှိတာတွေ ဖြစ်နိုင်ပါတယ်။
ဒီလို လက္ခဏာတွေ တွေ့ရပြီဆိုရင်တော့ ဒါဟာ အရေးကြီးတဲ့ အခြေအနေ ဖြစ်တာကြောင့် 🏥 ဆေးရုံဆေးခန်းကို အချိန်မှီပြပေးဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် 👧🏻👦🏻 ကလေးငယ်တွေ၊ 👨‍🦳🧑🏻‍🦳 အသက်ကြီးတဲ့ အဘိုးအဘွားတွေနဲ့ ရောဂါအခံရှိတဲ့ သူတွေမှာ ရောဂါလက္ခဏာကို ခံနိုင်ရည်အားနည်းတာကြောင့် အန္တရာယ် ပိုကြီးနိုင်ပါတယ်။
ဒီလို နောက်ဆက်တွဲ ဆိုးကျိုးတွေရှိတာကြောင့် အကောင်းဆုံးကတော့ နိုရိုဗိုင်းရပ်စ် ကို မဖြစ်ခင်ထဲက ကြိုတင် ကာကွယ်နိုင်ဖို့ လိုပါတယ်။
🦠 နိုရိုဗိုင်းရပ်စ် ကို ကာကွယ်ဖို့အတွက် ကာကွယ်ဆေး မရှိသေးသလို အခုချိန်ထိ ပျောက်အောင်ကုသတဲ့ ဆေးလည်း မရှိသေးပါဘူး။ ဒါ့ကြောင့် ရောဂါ လက္ခဏာသက်သာအောင်ပဲ အလေးထား ကုသရတာ ဖြစ်ပါတယ်။ အဓိကကတော့
ဓါတ်ဆားရည်များများသောက်တာ၊ အနားယူတာ တွေ ပြုလုပ်ပေးဖို့လိုပါတယ်။ လက္ခဏာတွေ သက်သာသွားသည့်တိုင်အောင် တခြားသူတွေကို ကူးစက်နိုင်ခြေရှိတာကြောင့် ၄၈ နာရီ အတွင်း အိမ်မှာပဲ အနားယူသင့်ပါတယ်။
နိုရိုဗိုင်းရပ်စ် ကို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းတွေကတော့
✅ လက်ကို မကြာခဏ ဆေးကြောသန့်စင်ပါ ၊ ဆေးကြောရာမှာ ဆပ်ပြာနဲ့ အနည်းဆုံး စက္ကန့် ၂၀ ခန့် ဆေးဖို့လိုပါတယ်
✅ အစားအသောက်တွေကို ပြင်ဆင်ချက်ပြုတ်ရာမှာ စနစ်တကျ သန့်ရှင်းမှုကို အထူးသတိပြုပါ
✅ အထူးသဖြင့် ပင်လယ်စာတွေကို သေချာ ကျက်အောင် ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်
✅ သံသယဖြစ်ဖွယ် လက္ခဏာများ ရှိသူနှင့် အနီးကပ်နေထိုင်ရာတွင် အထူးဂရုပြုပါ
✅ နေ့စဥ် အသုံးအဆောင် ပစ္စည်းတွေနဲ့ တခြားသူနဲ့ မျှဝေသုံးစွဲရတဲ့ အရာတွေကို သန့်ရှင်းအောင် ထားပါ
👨🏻‍⚕️ တကယ်လို့ နိုရိုဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် အန်တာ ၂ ရက်အထက် ကြာမယ်၊ ဝမ်းလျှောတာ ၁ ပတ် ကျော်လာမယ်၊ ရေဓါတ်ခမ်းခြောက်ခြင်းရဲ့ လက္ခဏာတွေကို ကြုံတွေ့ရမယ် အားအင်ချိနဲ့ပြီး မလှုပ်ရှားချင်လောက်အောင် ဖြစ်နေမယ် ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အချိန်မှီ ကုသဖို့ အရေးကြီးပါတယ်။ နိုရိုဗိုင်းရပ်စ် ဟာ ကူးစက်နှုန်း အလွန်များသလို အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်တဲ့အထိ ဖြစ်နိုင်တာကြောင့် ကြိုတင်သတိပြုနိုင်စေဖို့ ဗဟုသုတအနေနဲ့ မျှဝေလိုက်ရပါတယ်။
Reference
https://www.cdc.gov/norovirus/about/index.html
https://my.clevelandclinic.org/health/diseases/17703-norovirus
https://www.mayoclinic.org/diseases-conditions/norovirus/symptoms-causes/syc-20355296
#နိုရိုဗိုင်းရပ်စ် #အူ‌ရောင်ခြင်း #လက်ဆေးခြင်း #အစာမှတစ်ဆင့်ကူးစက်သောရောဂါ

လေပွ ၊ လေအောင့်၊ ဝမ်းသွားမမှန်တဲ့  #အူလမ်းကြောင်းလှုပ်ရှားမှုမူမှန်တဲ့လက္ခဏာစု Irritable bowel syndrome ( ) ရှိတဲ့သူနဲ့ ...
27/12/2024

လေပွ ၊ လေအောင့်၊ ဝမ်းသွားမမှန်တဲ့ #အူလမ်းကြောင်းလှုပ်ရှားမှုမူမှန်တဲ့လက္ခဏာစု Irritable bowel syndrome ( ) ရှိတဲ့သူနဲ့ #အူသိမ်ထဲမှာဘက်တီးရီးယားပွားများခြင်းရောဂါရှိတဲ့သူ Small Intestinal Bacterial Overgrowth ( ), ရှိတဲ့သူတွေအတွက် အစားအသောက်နည်းအားဖြင့် ရေတိုချက်ချင်းသက်သာစေတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။
ဒါကတော့ Low FODMAP Diet တွေစားခြင်းပါ။
ဆိုတာဘာလဲ၊
FODMAP ဆိုတာက
◼Fermentable
◼Oligo-saccharides
◼Disaccharides (Lactose - နို့သကြားဓါတ်)
◼Mono-saccharides (Fructose - အသီးအနှံများမှရသော သဘာဝသကြားဓါတ်)
◼And
◼Polyols (Sugar Alcohol) ဆိုတာတွေကိုအတိုကောက်ပြန်လည်သုံးနှုန်းထားတဲ့အခေါ်အဝေါ်ဖြစ်ပါတယ်။
High FODMAPs ဆိုတာ အူလမ်းကြောင်းကနေ အကုန်မချေဖျက်နိုင်၊ မစုပ်ယူနိုင်တဲ့ သကြားနဲ့ကစီဓါတ် အစုလိုက်ဖြစ်ပြိး IBS ရှိတဲ့သူတွေမှာ လက္ခဏာတွေပိုဆိုး စေနိုင်တဲ့ အစားအစာဖြစ်ပါတယ်။
FODMAPs တွေ အူသိမ်ထဲရောက်တဲ့အခါ သူတို့က ဖြည်းဖြည်းပဲ ရွေ့ပြီး ရေတွေကို ဆွဲယူပါတယ်။ သူတို့တွေ အူမကြီးထဲရောက်တော့ FODMAPs တွေကို အူထဲက ဘက်တီးရီးယားတွေက အချဥ်ဖောက်လိုက်တဲ့အခါ ဓါတ်ငွေ့တွေ ထွက်လာပါတယ်။ ဒီအပိုထွက်လာတဲ့ ဓါတ်ငွေ့ (gas) တွေနဲ့ရေ တွေက အူနံရံတွေကို ဆွဲဆန့်လိုက်တဲ့အတွက် လေထိုး၊ လေအောင့်၊ ဗိုက်ပွ၊ ဗိုက်ရစ် ဖြစ်တာပါပဲ။ ဒါကြောင့် IBS ရှိတဲ့လူနာတွေရဲ့ အူလမ်းကြောင်းက နဂိုကမှအထိမခံဖြစ်ရတဲ့အထဲ ဆွဲဆန့်ခံလိုက်ရတာကြောင့် နာကျင်မှုဝေဒနာ သူများထက် ပိုဆိုးတာပဲဖြစ်ပါတယ်။
FODMAPs တွေကို အစားအစာ တော်တော်များများမှာ တွေ့နိုင်ပြီး အများစုကတော့ နေ့တိုင်း high FODMAPs စားလည်း ဘာမှမဖြစ်ကြပါဘူး။
ဒီ FODMAP ဟာ အစားအသောက်တိုင်းမှာပါနေတာတော့မဟုတ်ပေမဲ့
တော်တော်များများမှာရှိနေပြီးသားပါ။
🔺များများပါရင် High FODMAP foods
🔺နည်းနည်းပဲပါရင် Low FODMAP foods
တိရစ္ဆာန်ကရတဲ့နို့ (Dairy-based milk)နဲ့ ဒိန်ချဥ် ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေ၊ Cereal တွေ
ကဖင်းဓါတ်နဲ့ ပဲနီလေး၊ Artichokes၊ ကညွတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ပန်းသီး၊ ချယ်ရီသီး၊ သစ်တော်သီး နဲ့မက်မွန်သီးတွေဟာ High FODMAP အစားအစာတွေပါ။
ဒါတွေက ကျန်းမာရေးအတွက်မကောင်းဘူးလားဆိုတော့ အဲ့လိုမဟုတ်ပါဘူး။💢
ဘယ်သူတွေစားသင့်တာလဲ။
Low FODMAP အစားအစာဆိုတာအပေါ်မှာ ပြောခဲ့တဲ့ IBS နဲ့ SIBO ရောဂါတွေရဲ့ ကုသမှုဓါတ်စာဖြစ်ပြီး စစခြင်းမှာ အစားရှောင်ရတာတွေများတဲ့အဆင့်ပါတဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ဆရာဝန်တွေ အာဟာရပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
အလွန်အမင်းပိန်ချုံးနေတဲ့သူတွေ၊ ကိုယ်အလေးချိန်သာမန်အောက်နည်းနေသူတွေ ကတော့ ကိုယ့်သဘောနဲ့ကိုယ် Low FODMAP ကို မစားသင့်ပါဘူး။
ဒီတော့ Low FODMAP Diet အတွက် ရွေးချယ်လို့ရတဲ့အစားအသောက်တွေကို အုပ်စုတူရာဖွဲ့ပြီးဖော်ပြပေးလိုက်ပါတယ်။

ပရိုတင်း (အသားဓါတ်) အတွက်
- ကြက်ဥ၊ ကြက်သား၊ ကြက်ဆင်သား
- ဝက်သားနှင့်အမဲသား
- ငါး ( တူနာ၊ ဆယ်လ်မွန်၊ haddock၊ cod)
- ပဲပြား၊ တို့ဟူး (firm tofu) တွေစားလို့ရပါတယ်။
သစ်သီးတွေမှာဆိုရင် မမှည့်သေးငှက်ပျောသီးအစိမ်း၊ စတော် ဘယ်ရီသီး၊ စပျစ်သီး၊ နာနတ်သီး၊ လိမ္မော်သီး၊ သခွားမွှေးသီး၊ ကီဝီနှင့် blueberry စတာတွေရွေးချယ်လို့ရပါတယ်။
ဟင်းသီးဟင်းရွက်ထဲမှာဆိုရင်
- ငရုတ်ပွ၊ မုန်လာဥနီ၊ သခွားသီး၊ ခရမ်းသီး၊ ပဲစိမ်း၊ ဆလပ်ရွက်၊ ကိုက်လန်၊ ဟင်းနုနွယ် နဲ့ zucchini (ဘူးသီးအနွယ်ဝင်အသီးငယ်) တွေက Low FODMAP ဖြစ်ပါတယ်။
ဆန်မှာဆိုရင် ဆန်ဖြူ၊ ဆန်လုံးညို၊ ဂျက်စမင်ဆန်၊ basmati ဆန်
Gluten မပါတဲ့ပေါင်မုန့်၊ pasta oat ဂျုံ ၊ Quinoa ပြောင်းနဲ့လုပ်တဲ့ချာပါတီ ဒါတွေပါဝင်တဲ့အစားအစာတွေလည်းစားနိုင်ပါတယ်။
အစေ့အဆံ မှာ မက်မန်းစေ့၊ ချီယာစေ့၊ ပဲနီလေး ၊ ဖရုံစေ့၊ သစ်ကြားစေ့၊ မက်ဂဒေးမီးယားစေ့ တွေစားလို့ရတယ်။

မုန့်ပဲသရေစာ မှာ ဆန်နဲ့လုပ်တဲ့မုန့်တွေ စားလို့ရတယ်။
ပြောင်းဖူးပေါက်ပေါက်ဆုပ်၊ အာလူးကြော်၊ dark chocolate တွေလည်းရတယ်။

သောက်ဖို့ကတော့ ရေက အကောင်းဆုံးပါ။
Tea တွေသောက်ချင်ရင် green Tea နဲ့ တစ်ခြား herbal tea တွေသောက်ပါ။
ကော်ဖီသောက်ချင်လွန်းတယ်ဆိုရင်လည်း ကဖင်းဓါတ်နည်းနည်းသာပါတာမျိုး အာသာပြေသောက်ပါ။
Low FODMAP Diet လုပ်တော့မယ်ဆိုရင် သူ့မှာ အဆင့် (၃) ဆင့်ရှိပါတယ်။
🟢Elimination phase (ရှောင်တဲ့အဆင့်)
ကိုယ်စားမိနေတဲ့ high FODMAP food တွေကို ရှောင်မယ်။
ဒီအချိန်ကာလမှာတော့ ရွေးစားစရာနည်းကောင်းနည်းသွားနိုင်ပါတယ်။
ဒါပေမဲ့ ဒီ high FODMAP food တွေကိုလျော့လိုက်တာနဲ့ ကိုယ့်အူထဲမှာ ဖြစ်နေတဲ့ ဝေဒနာတွေ သက်သာလာပါလိမ့်မယ်။
ဒါပေမဲ့ ရှောင်တယ်ဆိုတာလည်း ကိုယ့်အူကိုအနားယူလို့ရအောင် ခဏအချိန်ယူတာမျိုးဖြစ်ပါတယ်။
အချိန်ကာလကြာမြင့်စွာရှောင်စားနေစရာတော့မလိုပါဘူး။
များသောအားဖြင့် အနည်းဆုံး ၂ ပတ် နဲ့ ၆ ပတ်ထက် မပိုတတ်ပါဘူး။
တောက်လျှောက်ခံစားနေရတဲ့ဝေဒနာတွေပြေလျော့သွားဖို့အတွက် အစားအသောက်ကို သတိထားရွေးစားတဲ့အဆင့်ဖြစ်ပါတယ်။
🟢Reintroduction phase (စမ်းစားတဲ့အဆင့်)
တစ်ယောက်နဲ့တစ်ယောက်ကလက်ခံနိုင်စွမ်းမတူတာဖြစ်တဲ့အတွက် ဘယ်ဟာစားရင်ခံနိုင်ပြီး ဘယ်ဟာစားရ င်ဗိုက်ကကိစ္စပြန်ဖြစ်လဲဆိုတာကိုစမ်းသပ်ပေးရတဲ့အဆင့်ဖြစ်ပါတယ်။
ယေဘုယျအားဖြင့် ၈ ပတ်လောက်တော့ ကြာတတ်ပါတယ်။
ဒီတော့ ဥပမာ - နွားနို့လား၊ အသီးလား တစ်ခုရွေး
ပြီးရင် စစမ်းတဲ့အချိန်ကို ပမာဏနည်းနည်းပဲစား ပြီးရင် နောက်ထပ် ၂ ရက် ၃ ရက်လောက်ကို နည်းနည်းစီထပ်တိုးစားပြီးစမ်းကြည့်
ဥပမာ − ဒီနေ့ ပန်းသီးတစ်စိတ်စားရင် နောက်နေ့ တစ်ခြမ်းစားကြည့်
၃ ရက်မြောက်ရင် တစ်လုံးစားကြည့်
ကိုယ့်ဗိုက်ကဘယ်လိုတုံ့ပြန်လဲ?
နာတာ၊ ကျင်တာ၊ ဝမ်းအခြေအနေ ဒါတွေကို စာအုပ်ထဲမှာ ချရေးမှတ် ဒီလိုလုပ်ရတာဖြစ်ပါတယ်။
ဒီအဆင့်က စနစ်ကျရတယ်။ စိတ်ရှည်ရတယ်။ ဒါကြောင့် တတ်ကျွမ်းတဲ့ဆရာဝန်တွေ၊ အစာအာဟာရပညာရှင်တွေနဲ့ ဆွေး‌နွေးပြီး လမ်းညွှန်မှုယူနိုင်ရင်ပိုထိရောက်ပါတယ်။
🟢Maintenance phase (ချိန်ညှိပြီးဆက်လက်စားသုံးတဲ့အဆင့်)
ဒုတိယအဆင့်မှာ ဘယ်ဟာကို ဘယ်လောက်ပမာဏတော့ ကိုယ့်အူဟာလက်ခံနိုင်တယ်ဆိုတာကိုသိသွားပြီဖြစ်လို့ ဒီအတိုင်းအတာနဲ့ အရသာရှိပြီး ခံတွင်းတွေ့အောင် ရွေးချယ်စားမယ်။ အာဟာရစုံအောင်လည်းစားမယ်။
ဒါပေမဲ့ ကိုယ့်ရဲ့ လက်ခံနိုင်စွမ်းဟာ အချိန်ပေါ်မူတည်ပြီးပြောင်းလဲနိုင်တာဖြစ်လို့
တန်ဆေးလွန်ဘေးမဖြစ်အောင် ချိန်ညှိစားသုံးသွားတဲ့အဆင့်ဖြစ်ပါတယ်။
Low FODMAP Diet ဟာ ရေတိုမှာ ကိုယ်တိုင်စမ်းကြည့်လို့ရတဲ့နည်းဖြစ်ပါတယ်။
ဒါပေမဲ့ အဆင့်တစ်ခုချင်းစီမှာ အချိန်ဘယ်လောက်ယူမယ်။ ဘယ်အချိန်မှာရပ်ပြီး ဘယ်အချိန်အသစ်စမ်းစားကြည့်ရမယ်ဆိုတာမျိုးက ပုံသေနည်းနဲ့သွားတာမဟုတ်ပါဘူး။
ဒါကြောင့် ကိုယ်က IBS လက္ခဏာတွေကဖြစ်၊ တစ်ချိန်လုံး လေအောင့်၊ လေထိုး၊ ဝမ်းမမှန်တဲ့အတွက် အစားအစာကို ကုသမှု တစ်ခုအနေနဲ့ တတ်ကျွမ်းနားလည်တဲ့ဆရာဝန်နဲ့ပြသပြီး လမ်းညွှန်မှုခံယူနိုင်ရင်ပိုကောင်းပါတယ်။
Low FODMAP အစားအစာက လူတော်တော်များများအတွက် အကျိူးရှိတယ်ဆိုပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး၊ Low FODMAP အစားအသောက်ကို သေချာဂရုစိုက်စားနေလျက်နဲ့ ၆ ပတ် ကျော်တဲ့ အထိ လက္ခဏာတွေက မသက်သာဘူးဆိုလျှင် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်၊ အာဟာရပညာရှင်များနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အားလုံးပဲ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
အူလမ်းကြောင်းလှုပ်ရှားမှုမမှန်တဲ့လက္ခဏာစု Irritable Bowel Syndrome - IBS အတွက်မျှဝေထားတာလေး ဖတ်လိုသူများအတွက်
https://m.facebook.com/story.php?story_fbid=122121399254408959&id=61562268779224
နာတာရှည်အူလမ်းကြောင်းရောင်ရမ်းခြင်းရောဂါ Inflammatory Bowel Syndrome - IBD အတွက်မျှဝေထားတာလေး ဖတ်လိုသူများအတွက်
https://m.facebook.com/story.php?story_fbid=122121751094408959&id=61562268779224
#အာဟာရ #အူလမ်းကြောင်း #ကျန်းမာရေး

ที่อยู่

Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ask Dr. Hein - Health Q&Aผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ การปฏิบัติ

ส่งข้อความของคุณถึง Ask Dr. Hein - Health Q&A:

แชร์