01/10/2024
အူရောင်ငန်းဖျား (Typhoid Fever)
ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတဲ့ ထောင်သောင်းမကသော ရောဂါပိုးမွှားတွေဟာ ခန္ဓာကိုယ်အထဲကိုရောက်ဖို့ အချိန်ပြည့် နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။ မျက်စိနဲ့မမြင်ရပေမယ့် ရောဂါပိုးမွှားတွေဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အပြည့်ပါပဲ။ ဘာလို့ ခန္ဓာကိုယ်ထဲ အလွယ်တစ်ကူ မရောက်နိုင်လဲဆိုတော့ အရေပြားလိုမျိုး သဘာဝ အကာအကွယ်တွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မေးခိုင်ပိုးလိုမျိုး၊ ခွေးရူပြန်ရောဂါပိုးလိုမျိုး၊ အသည်းရောင်အသားဝါ ဘီ၊ စီ လိုမျိုး ရောဂါပိုးအများအပြားဟာ အရေပြားပြဲသွားတဲ့ အချိန်မှာမှ ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ရောဂါဖြစ်စေတာ ဖြစ်ပါတယ်။
အရေပြားကလွဲရင် နောက်ထပ်ရောဂါပိုး ဝင်ရောက်နိုင်တဲ့ နေရာတွေကတော့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်းရှိနေတဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ နား၊ လိင်အင်္ဂါ၊ စအို စတဲ့ အပေါက်တွေကနေ ဝင်နိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ သဘာဝအပေါက်တွေမှာလည်း ရောဂါပိုးမွှား စစ်ထုတ်တဲ့ လုပ်ငန်းစဉ်တွေ ရှိပြီးသားပဲ ဖြစ်ပါတယ်။ ဥပမာ - မျက်စိမှာဆိုရင် မျက်ခွံနဲ့အုပ်ထားတယ်၊ မျက်ရည်ထွက်တတ်တယ်၊ နှာခေါင်းမှာဆိုရင် နှာခေါင်းမွှေးတွေက ဖုန်မှုန့်နဲ့ ရောဂါပိုးတွေကို အသက်ရှူလမ်းကြောင်းထဲ မရောက်သွားအောင် တားထားပေးတယ်၊ ပါးစပ်မှာဆိုရင်လည်း ပိတ်ထားလို့ရတဲ့ နှုတ်ခမ်းရှိတယ်၊ တံတွေးရှိတယ် စသည်ဖြင့်ပေါ့လေ ပြင်ပ ပစ္စည်းတွေ ခန္ဓာကိုယ်ထဲ တိုက်ရိုက်မရောက်အောင် ကာကွယ်ပေးတဲ့ အကာအကွယ်တွေက သဘာဝအတိုင်း ရှိပြီးသားပါပဲ။ ဒါပေမယ့်ပေါ့လေ ခန္ဓာကိုယ်ရဲ့ သဘာဝ ဝင်ပေါက်တွေကတစ်ဆင့် ရောဂါပိုးတွေကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ ခန္ဓာကိုယ်ထဲ ရောက်အောင်ပို့မိ တတ်ကြပါသေးတယ်။ အဖြစ်အများဆုံးက ပါးစပ်ပေါက်ပေါ့ဗျာ။ အထူးသဖြင့် အစာစားရင်းနဲ့ သော်လည်းကောင်း၊ ရေသောက်ရင်း သော်လည်းကောင်း အစားအသောက်နဲ့အတူ ရောဂါပိုးတွေက ခန္ဓာကိုယ်ထဲ ရောက်လာရတာမျိုး ရှိပါတယ်။ စားရင်းသောက်ရင်း ရောက်လာမယ့် ရောဂါပိုးတွေကို ကာကွယ်တဲ့ အကာအကွယ်လည်း ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ထပ်ရှိပါသေးတယ်။ အစာအိမ်ထဲက အစာခြေအရည်ပါ။ အစာခြေအရည်ဟာ အက်စစ်တစ်မျိုးဖြစ်ပြီး အစာအိမ်နံရံတွေကပဲ ခံနိုင်ရည်ရှိတဲ့အထိ ပြင်းထန်ပါတယ်။ တော်ရုံရောဂါပိုးတွေကတော့ အစာအိမ်ထဲရောက်တာနဲ့ အစာခြေရည်နဲ့တွေ့ပြီး ပျက်စီးကုန်တာပါပဲ။ ဒါပေမယ့် အစာအိမ်ထဲ ရောက်လာပြီး အစာခြေရည်နဲ့လည်း မပျက်စီးပဲ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးတွေလည်း အများအပြားရှိပါသေးတယ်။ အဲဒီရောဂါပိုးတွေထဲမှာမှ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တဲ့ အူရောင်ငန်းဖျားရောဂါအကြောင်း ဒီနေ့ပြောပြပါ့မယ်။
အူရောင်ငန်းဖျားရောဂါပိုးဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို ပါးစပ်ပေါက်ကတစ်ဆင့် ဝင်ရောက်ပြီးတော့ မစင်စွန့်ရာကနေ အဓိကပြန်ထွက်ပြီး အပေါ့သွားတာ ကနေပြီးတော့လည်း အနည်းငယ် ပြန်ထွက်နိုင်ပါတယ်။ ပြန်ထွက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲက အပြီးထွက်သွားပြီး ရောဂါပိုးမရှိတော့ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ပြန်ထွက်ပြီး နောက်တစ်ယောက်ကို ထပ်ကူးစက်စေတာ ဖြစ်ပါတယ်။ မစင်စွန့်တာနဲ့ ဆီးသွားတာကနေတစ်ဆင့် ရောဂါပိုး ပြန်ထွက်တယ်ဆိုကတည်းက ကျွန်တော်တို့ စတင်ကူးစက်ခံရတာကလည်း ရောဂါပိုးရှိတဲ့ မစင် ဒါမှမဟုတ် ဆီးကို ပါးစပ်ထဲ ထည့်မိတာကနေ ကူးစက်တာလို့ သဘောပေါက်နိုင်ပါတယ်။ ဘယ်သူကမှတော့ မစင်မစားဘူး၊ ဆီးမသောက်ဘူးဆိုတာက အသိသာကြီးပဲလေနော့။ အဲ့တော့ ဒီရောဂါပိုးက ဘယ်လိုကျွန်တော်တို့ ခန္ဓာကိုယ်ထဲရောက်လာမလဲဗျာ။ မစင်စွန့်၊ ဆီးသွားပြီး ဆပ်ပြာနဲ့လက်မဆေးတဲ့ ရောဂါပိုးရှိနေသူက ပြင်ဆင်ချက်ပြုတ်တဲ့ အစားအစာကိုသော်လည်းကောင်း ဖျော်ရည်သော်လည်းကောင်း သောက်မိရာကနေ ရောဂါပိုးရနိုင်သလို ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုကို ကိုင်မိထားပြီး ဆပ်ပြာနဲ့ လက်မဆေးပဲ အစာစားမိရင်လည်း ရောဂါပိုး ရနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးကို ခန္ဓာကိုယ်ထဲ ရောက်အောင် ကျွန်တော်တို့ ကိုယ်တိုင်ပဲ ပို့မိတာလို့ ပြောတာဖြစ်ပါတယ်။
အူရောင်ငန်းဖျား ရဲ့ ရောဂါလက္ခဏာတွေဟာ တစ်ခြားရောဂါတွေနဲ့ သိသိသာသာ ထူးခြားကွဲပြားတာမျိုး မရှိတတ်ပါဘူး။ ဒါပေမယ့် သတိထားမိရင် သိသာမယ့် တစ်ချက် ရှိပါတယ်။ အဲဒါကတော့ အဖျားဆက်တိုက် တက်တာပါ။ အူရောင်ငန်းဖျားရဲ့ အစောပိုင်း လက္ခဏာအနေနဲ့ စစဖျားချင်းမှာ နည်းနည်းပဲဖျားပေမယ့် တဖြည်းဖြည်းနဲ့ အဖျားဆက်တိုက် တက်ပါတယ်။ အဖျားတစ်ချက် ပြန်ကျတာမျိုး မရှိတတ်ပါဘူး။ စဖျားကတည်းက ဆက်တိုက်ပဲ အဖျားတက် တတ်ပါတယ်။ ကျန်တဲ့လက္ခဏာတွေအနေနဲ့ ချမ်းတုန်နေမယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်လက်နာပြီး ခြေလက်တွေ မသယ်ချင်ဖြစ်နေမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ အန်မယ်၊ အရေပြားမှာ အနီကွက်တွေ ပေါ်လာတာမျိုး ဖြစ်ပါတယ်။ အူရောင်ငန်းဖျားမှာ အဖြစ်နည်းပေမယ့် ချောင်းဆိုးတာ၊ အစားသောက်ပျက်တာနဲ့ ချွေးစေးပြန်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ထိရောက်တဲ့ ကုသမှုမခံယူရဘူး ဆိုရင်တော့ ရက်အနည်းငယ်အတွင်းမှာ အူလမ်းကြောင်း ပြဿနာတွေ ခံစားရလာနိုင်ပါတယ်။ အဲဒါတွေကတော့ အပြင်းအထန် ဗိုက်နာမယ်၊ အစာအိမ်ရောင်မယ်၊ အူလမ်းကြောင်းက ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်တစ်ခုလုံး ပြန့်သွားပြီး ပိုးဆိပ်တက်တဲ့ အခြေအနေကို ရောက်ရှိပြီး သတိမကောင်းတာ၊ စကား ကောင်းကောင်း မပြောနိုင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပိုးဆိပ်ပြန့်တဲ့ အခြေအနေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်အခြေအနေဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ သတိထားကြည့်သင့်တာက လျှာမှာ အလွှာတစ်ထပ် ဖြူနေတတ်တာပါ။ လျှာဖြူနေတာက အူရောင်ငန်းဖျားရဲ့ လက္ခဏာလို့ ပုံသေပြောလို့မရပေမယ့် အဖျားကလည်း ဆက်တိုက်တက်မယ်၊ ဝမ်းလည်းပျက်၊ အန်လည်းအန်၊ ဗိုက်လည်းနာပြီး လျှာလည်း အလွှာတစ်ထပ် ဖြူနေတယ်ဆိုရင်တော့ အူရောင်ငန်းဖျား ဖြစ်နိုင်ပါတယ်။
အူရောင်ငန်းဖျားရောဂါကို ရောဂါရာဇဝင် နဲ့ ရောဂါလက္ခဏာ အပေါ်မူတည်ပြီး ခန့်မှန်းလို့ရနိုင်ပေမယ့် ရောဂါအတည်ပြုဖို့ အတွက်တော့ သွေးစစ်ကြည့်ဖို့ လိုပါတယ်။ သွေးစစ်ဖို့ ဓါတ်ခွဲခန်း မလွယ်ကူတဲ့ နေရာဒေသတွေမှာတော့ ရောဂါလက္ခဏာအပေါ် မူတည်ပြီးတော့ပဲ ကုသမှု ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
အူရောင်ငန်ဖျားရောဂါဟာ ပဋိဇီဝဆေး သောက်ဖို့ သေချာပေါက် လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဆရာဝန်က သင့်တော်တဲ့ ပဋိဇီဝဆေးတွေ သောက်ဖို့ ညွှန်ကြားတဲ့ အခါမှာလည်း အချိန်မှန်မှန် သေသေချာချာသောက်ဖို့ လိုအပ်ပါတယ်။
နောက်ထပ်လိုအပ်တဲ့ ကုသမှုတစ်ခုကတော့ ခန္ဓာကိုယ်ကို ရေဓါတ် ပြန်ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းနေပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့ အခါမှာ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အန်တာတွေကြောင့် ခန္ဓာကိုယ်က ရေဓါတ်တွေ ဆုံးရှုံးရပါတယ်။ ဒါကြောင့် ရေဓါတ်ပြန်ဖြည့်ပေးဖို့ လိုအပ်လာတာဖြစ်ပါတယ်။ သိပ်မပြင်းထန်သေးတဲ့ အူရောင်ငန်ဖျားရောဂါဟာ ပဋိဇီဝဆေး သောက်ရုံ၊ ဓါတ်ဆားသောက်ရုံ နဲ့ သက်သာနိုင်ပေမယ့် ရောဂါပြင်းထန်နေရင်တော့ ထိုးဆေး လိုအပ်လာနိုင်ပါတယ်။
အူရောင်တာ ပြင်းထန်နေတဲ့ အခြေအနေမှာ ပါးစပ်က သောက်လိုက်တဲ့ ဆေးတွေဟာ အူလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲရောက်ရှိဖို့ ခက်ခဲလာတာကြောင့် သွေးကြောထဲ တိုက်ရိုက်ထည့်ပေးဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။ ပဋိဇီဝဆေး ထိုးဖို့ လိုအပ်လာရင်တော့ ဆေးရုံတက်ပြီး ကုသမှုခံယူမှပဲ အဆင်ပြေနိုင်ပါတယ်။ အူရောင်တာ ပြင်းထန်ဆိုးရွားလွန်းတဲ့ အခြေအနေတွေမှာ ဆိုရင်တော့ ပိုးဝင်ပြီးပျက်စီးနေတဲ့ အူအစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
အူရောင်ငန်းဖျားရောဂါမဖြစ်ရအောင် သေသေချာချာ ချက်ပြုတ်ထားတဲ့ အစားအစာတွေပဲစားပါ။ သောက်ရေသန့် သောက်ပါ။ သောက်ရေသန့်မရနိုင်ရင် ရေကို ကျိုချက်ပြီးသော်လည်းကောင်း ပိုးသတ်ပြီးသော်လည်းကောင်း သန့်ရှင်းအောင်ပြုလုပ်ပြီးမှ သောက်ပါ။ ရေသန့်ရေခဲပဲ စားပါ။ အစားအစာ ပြင်ဆင်ချက်ပြုတ်မှု မလုပ်ခင်၊ အစာမစားခင်၊ အပေါ့အလေးသွားပြီးတိုင်း မှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။ အသီးအရွက်တွေကို အစိမ်းစားတော့မယ်ဆိုရင် သတိထားပါ။ ဖြစ်နိုင်ရင် အစိမ်းစားမယ့် အသီးအနှံတွေကို အခွံခွာပြီးမှ စားပါ။ နို့အစိမ်း သောက်တာ၊ နို့အစိမ်းကနေ ပြုလုပ်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။ ကြိုချက်ထားတဲ့နို့၊ ပိုးသတ်ထားတဲ့နို့ ကိုသာသောက်ပါ။
အူရောင်ငန်ဖျား ဖြစ်နေတဲ့လူတွေအနေနဲ့ကတော့ ဆရာဝန်ညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေကို ညွှန်ကြားတဲ့အတိုင်း သေသေချာချာသောက်ပါ။ မကြာခဏ လက်ဆေးပါ။ တစ်ခြားလူကို ကူးစက်တာမျိုး မဖြစ်စေဖို့အတွက် အစားအသောက် ပြင်ဆင်ချက်ပြုတ်တာမျိုး မလုပ်ပါနဲ့။
အူရောင်ငန်းဖျား ဖြစ်နေတဲ့လူတွေ အနေနဲ့ နလန်ထ မြန်စေဖို့အတွက် အစာပျော့ပျော့ပဲ စားသင့်ပါတယ်။ ပြင်းထန်အူရောင်ငန်းဖျားမှာတော့ အူရောင်တာ ပြင်းထန်တဲ့အတွက် ပါးစပ်ကနေဘာမှ မကျွေးတော့ပဲ သွေးကြောထဲကိုပဲ လိုအပ်တဲ့ အဟာရနဲ့ရေဓါတ်တွေဖြည့်ပေးတာမျိုး လုပ်ပေးဖို့လိုပါတယ်။ ဒါဟာ ဆေးရုံဆေးခန်းတွေမှာ ကုသပေးတဲ့ ဆေးထိုး၊ ဆေးချိတ် လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ပါတယ်။ အူရောင်ငန်းဖျားဖြစ်သူတွေ စားသင့်တဲ့အစာတွေအနေနဲ့ကတော့ -
• ဒိန်ချဉ် - ဒိန်ချဉ်မှာ ပရိုဘိုအိုတစ်ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်ပြီး အူလမ်းကြောင်း ပြသနာတွေအတွက် ကောင်းမွန်တဲ့ အစာတစ်မျိုးဖြစ်ပါတယ်။
• ဖရဲသီး၊ စပျစ်သီး - အူရောင်ငန်းဖျားရောဂါမှာ အစာကြေလွယ်တဲ့ အစားအစာတွေသာ စားဖို့ လိုအပ်ပါတယ်။ ဖရဲသီး နဲ့ စပျစ်သီးတို့မှာ ရေဓါတ်လည်းကြွယ်ဝစွာပါဝင်သလို Vitamin C, A နဲ့ B6 တို့လည်း ကြွယ်ဝစွာပါဝင်တာကြောင့် မြန်မြန် နလန်ထစေဖို့အတွက် အထောက်အကူ ပြုပါတယ်။
• အာလူးပြုတ် - အူရောင်ငန်းဖျားရောဂါမှာ ကစီဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အာလူးမှာ ကစီဓါတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အူရောင်ငန်းဖျား ဖြစ်နေသူတွေအတွက် သင့်တော်တဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။ အာလူးမှာ သံဓါတ်၊ ပိုတက်စီယမ် နဲ့ ဗီတာမင်စီတို့လည်း ပါဝင်တာကြောင့် အူရောင်ငန်းဖျား မြန်မြန် နလန်ထဖို့အတွက် အထောက်အကူပြုပါတယ်။
• ဆန်ပြုတ် - အစာကြေလွယ်ပြီး ကစီဓါတ်ကြွယ်ဝတဲ့ အတွက် အူရောင်ငန်းဖျားဖြစ်သူတွေ စားသင့်တဲ့ အစာတစ်မျိုးပဲ ဖြစ်ပါတယ်။
• ငှက်ပျောသီးမှည့် - ငှက်ပျောသီးဟာလည်း အစာကြေလွယ်ပြီး အဟာရဓါတ်ကြွယ်ဝတဲ့ အစာတစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်စီ၊ ပိုတက်စီယမ် နဲ့ အခြား ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အူရောင်ငန်းဖျားဖြစ်သူတွေ မြန်မြန်နလန်ထအောင် စားပေးသင့်တဲ့ အစာတစ်မျိုးပဲ ဖြစ်ပါတယ်။
• အုန်းရေ - အုန်းရေဟာ ပိုတက်စီယမ်၊ မက်ဂနီဆီယမ် နဲ့ ဆိုဒီယမ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားလည်း ကောင်းစေသလို ရေဓါတ် ပြန်ဖြည့်ပေးဖို့အတွက်လည်း အသုံးဝင်ပါတယ်။
အူရောင်ငန်းဖျားဖြစ်နေသူတွေဟာ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ စတာတွေကို အစိမ်းစားတာရှောင်သင့်ပါတယ်။ အူရောင်နေတဲ့အတွက် အူလမ်းကြောင်းမှာ ပိုပြီး ဝန်ပိစေနိုင်လို့ပဲဖြစ်ပါတယ်။ အခြောက်ခံထားတဲ့ အသီးတွေ၊ ဘယ်ရီသီးတွေ၊ နာနတ်သီး နဲ့ ကီဝီသီးတို့မှာ အမျှင်ဓါတ်တွေ ကြွယ်ဝတာကြောင့် အစာကြေဖို့လည်း ကြာပါတယ်။ ဒါကြောင့် အူရောင်နေတဲ့ အခြေအနေတွေမှာ ရှောင်သင့်ပါတယ်။ အစေ့အဆံတွေ၊ ပဲပင်ပေါက်တွေလည်း အစာကြေဖို့ ကြာတာကြောင့် ရှောင်သင့်ပါတယ်။ ငရုတ်ကောင်း၊ အစပ် နဲ့ အဆီများတဲ့ အစာတွေလည်း အူရောင်ငန်ဖျား ဖြစ်နေချိန်မှာ ရှောင်သင့်ပါတယ်။
Zarni Win Telehealth.