Zarni Win Telehealth

Zarni Win Telehealth Sharing medical knowledge

ဝဲ       ဒီနေ့တော့ အကုန်လုံးနဲ့ သိပ်မစိမ်းတဲ့ အရေပြားရောဂါ တစ်ခုအကြောင်း ပြောရအောင်ဗျာ။               ဝဲဟာ လူကြီး လူငယ် ...
17/10/2024

ဝဲ
ဒီနေ့တော့ အကုန်လုံးနဲ့ သိပ်မစိမ်းတဲ့ အရေပြားရောဂါ တစ်ခုအကြောင်း ပြောရအောင်ဗျာ။

ဝဲဟာ လူကြီး လူငယ် ဆင်းရဲချမ်းသာ လူမျိုးဘာသာ မ‌ရွေးဖြစ်နိုင်တဲ့ အရေပြားရောဂါ တစ်ခု ဖြစ်ပါတယ်။ ညစ်ပတ်တာ သန့်ရှင်းတာနဲ့လည်း မဆိုင်ပါဘူး။ သန့်သန့်ရှင်းရှင်း နေထိုင်လည်း ဝဲဖြစ်နိုင်ပါတယ်။ ဘယ်လိုနေနေ ဝဲဖြစ်နိုင်တယ်ဆိုတော့ ဝဲက ဘာလို့ဖြစ်ရတာလဲ ဆိုတာ နည်းနည်းစိတ်ဝင်စားဖို့ မကောင်းဘူးလား။ ဝဲ(Scabies) ဟာ ရောဂါပိုးမွှားနဲ့ မှိုတွေကြောင့်ဖြစ်တာမဟုတ်ပဲ ဝဲပိုးကောင်ကြောင့်ဖြစ်တာပါ။ အဲဒီတော့ ဘယ်လောက်ပဲ တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါစေဦး၊ ဝဲပိုးကောင်နဲ့ ထိတွေ့မိရင်ကို ဝဲဖြစ်နိုင်ပါတယ်။ ဝဲဟာ Sarcoptes scabiei လို့ခေါ်တဲ့ ဝဲပိုးကောင်ကြောင့် ဖြစ်တာပါ။ ဝဲပိုးကောင်ဟာ အကောင် အတော် သေးပါတယ်။ အပ် ထိပ်အဖျား အရွယ်အစားလောက်ပဲ ရှိတတ်တာကြောင့် သာမန်မျက်စိနဲ့ သတိထားမိဖို့ ခဲယဉ်းပါတယ်။

ဝဲပိုးကောင်ဟာ အရေပြားချင်း တိုက်ရိုက် ထိတွေ့မိရာကနေ အများဆုံး ကူးစက်ပါတယ်။ အထူးသဖြင့် တစ်အိမ်ထဲနေသူတွေ အိပ်ယာတစ်ခုတည်းတူတူ အိပ်သူတွေမှာ ကူးစက်လွယ်ပါတယ်။ သာမန် လက်ဆွဲနှုတ်ဆက်ရုံ ဖက်ရုံနဲ့တော့ ဝဲပိုးကောင် ကူးစက်နိုင်ခြေ နည်းပါတယ်။ အရေပြားခြင်း ထိတွေ့မိချိန် ကြာလေ ဝဲပိုးကောင်း ကူးစက်ဖို့ အခွင့်အရေများလေပဲ ဖြစ်ပါတယ်။ ဝဲပိုးကောင်ရှိနေတဲ့ အိပ်ယာခင်း၊ ခေါင်းအုံးစွပ်၊ မျက်နှာသုတ်ပုဝါ စတာတွေ ကနေပြီးတော့လည်း ဝဲပိုးကောင် ကူးစက်တတ်ပါသေးတယ်။ တစ်ခု သိထားသင့်တာက ဝဲဖြစ်နေတဲ့ ခွေးတွေ ကြောင်တွေကနေတစ်ဆင့် လူကို ဝဲ မကူးစက်နိုင်ပါဘူး။ ခွေးတွေ ကြောင်တွေမှာ ဖြစ်တဲ့ ဝဲပိုးကောင် နဲ့ လူတွေမှာဖြစ်တဲ့ ဝဲပိုးကောင်ဟာ မတူကြပဲ တိရိစ္ဆာန်တွေမှာ ဖြစ်တဲ့ ဝဲပိုးကောင်ဟာ လူရဲ့ အ‌ရေပြားပေါ်မှာ အသက်မရှင်နိုင်ကြပါဘူး။

ဝဲပိုးကောင်ဟာ အရေပြားပေါ်ကို ကူးစက်ရောက်ရှိလာပြီ ဆိုတာနဲ့ အရေပြားမှာ တွင်းတူးပါတယ်။ အဲဒီတွင်းထဲမှာ နေထိုင် စားသောက်ပြီး မစင်စွန့်၊ ဥ ဥပါတယ်။ အရေပြားထဲကို ရောက်လာပြီးရင်လည်း ငြိမ်ငြိမ်မနေပြန်ပါဘူး။ အရေပြားထဲမှာ လှိုင်ခေါင်းတူးပြီး လျှောက်သွားတတ် ပါသေးတယ်။ အရေပြားတွင်းထဲက ဝဲပိုးကောင်ရဲ့ ဥတွေ အကောင်ပေါက်လာရင်တော့ အရေပြား အပေါ်ဘက်ကို ပြန်တက်လာပြီး အရွယ်ရောက်တဲ့အထိ အရေပြားအပေါ်ဘက်မှာ နေပါတယ်။ အရွယ်ရောက်ပြီး ဝဲပိုးကောင်ဟာ နောက်တစ်နေရာ သို့မဟုတ် နောက်လူတစ်ယောက်ကို ထပ်ကူးစက်စေပါတယ်။ ဝဲပိုးကောင်ကူးစက်နေတဲ့ လူတစ်ယောက်မှာ ဝဲပိုးကောင် ၁၀ကောင်ကနေ ၁၅ ကောင်လောက်အထိရှိနေတတ်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ဝဲပိုးကောင် အကြိုက်ဆုံးနေရာတွေကတော့ လက်ချောင်း/ခြေချောင်းကြားနေရာ၊ လက်ကောက်ဝတ် အတွင်းပိုင်း၊ တံတောင်ဆစ်အတွင်းပိုင်း၊ ချိုင်း(ဂျိုင်း)ကြား၊ ခြေဖဝါး၊ ပေါင်ကြား၊ တင်ပါး၊ ချက်တစ်ဝိုက်၊ အမျိုးသားတွေမှာ ကပ်ပယ်အိတ် နဲ့ အမျိုးသမီးတွေမှာ နို့သီးခေါင်း အနီးတစ်ဝိုက် နေရာတွေပဲ ဖြစ်ပါတယ်။

ဝဲ လို့လွယ်လွယ်ကူကူခေါ်လိုက်ပေမယ့် ဝဲက အမျိုးအစား ၃ခုလောက်အထိ ရှိပါတယ်။ ပုံမှန် အယားဖုတွေဖြစ်တဲ့ဝဲ(Classic Scabies)၊ အရေပြားပြင်လိုက်ကြီး ခြောက်သွေ့ကွာထွက်တတ်တဲ့ဝဲ(Norwegian or Crusted Scabies) နဲ့ အနီရောင်ရည်ကြည်ဖုတွေထွက်တတ်တဲ့ဝဲ(Nodular Scabies) ဆိုပြီးရှိပါတယ်။ အရေပြားပြင်လိုက်ဖြစ်တဲ့ဝဲ(Crusted Scabies) မှာတော့ ဝဲကောင်ရေ သန်းနဲ့ချီပြီး ရှိတတ်ပါတယ်။ ရည်ကြည်ဖုအနီရောင်တွေထွက်တဲ့ဝဲ(Nodular Scabies) ကတော့ ကလေးတွေမှာ ပိုဖြစ်တတ်ပြီး လိင်အင်္ဂါ၊ ပေါင်ခြံ နဲ့ ချိုင်း(ဂျိုင်း)ကြားတွေမှာ ဖြစ်တတ်ပါတယ်။

ဝဲရဲ့ အထင်ရှားဆုံး လက္ခဏာ တစ်ခုကတော့ ယားတာပါ။ အရေပြားထဲမှာ ဝဲပိုးကောင်ရှိနေရင် အရေပြားက အယားဖုလေးတွေ ဖြစ်စေပြီး တုံ့ပြန်ပါတယ်။ ဝဲပိုးကောင်ရှိနေသရွေ့ယားနေတော့တာပါပဲ။ အတော်ယားပါတယ်။ အရေပြားပေါက်ပြဲလောက်အောင် ကုတ်မိတဲ့အထိ ယားပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ ယားတာ ပိုပြင်းထန်ပါတယ်။ အိပ်မရတဲ့အထိ ယားတာပါ။ နောက်ထင်ရှားတဲ့ လက္ခဏာတစ်ခုကတော့ ဝဲပိုးကောင်ရှိတတ်တဲ့ နေရာတွေမှာ တွေ့ရလေ့ရှိတဲ့ အယားဖုတွေ အတန်းလေးတွေပါ။ ဝဲပိုးကောင် အရေပြားထဲမှာ လှိုင်ခေါင်းတူးလို့ဖြစ်လာတဲ့ အယားဖုတွေဟာ အပ်ချည်မျှင်လို အတန်းလိုက်လေး ဖြစ်နေတတ်ပါတယ်။ ဝဲရဲ့နောက်ဆက်တွဲ အနေနဲ့ကတော့ အရမ်းယားလွန်းလို့ အရေပြားတွေ ပေါက်ပြဲတဲ့အထိကုတ်ဖဲမိပြီး အနာတွေဖြစ်တာပါပဲ။ ပိုးဝင်သွားတဲ့ အနာတွေဟာ ပြည်တည်နေတတ်ပါသေးတယ်။

ဝဲဟာ မကုရင် မပျောက်ပါဘူး။ ဆေးဝါးကုသမှု မခံယူမချင်း ဝဲရှိနေမှာဖြစ်ပြီး တခြားလူတွေကို ကူးစက်နေစေမှာဖြစ်ပါတယ်။ ဝဲဟာ အရှင်းပျောက်အောင် ကုလို့ရတဲ့ ရောဂါဖြစ်ပြီး ကာကွယ်ဖို့အတွက်ကတော့ ဝဲဖြစ်နေသူရဲ့ အရေပြားနဲ့ တိုက်ရိုက်ထိတွေ့မှုမရှိအောင် သတိထားရမှာပဲဖြစ်ပါတယ်။ ကုသမှုရဲ့ အဓိကရည်ရွယ်ချက်က ဝဲပိုးကောင်ကို ရှင်းထုတ်ဖို့ဖြစ်ပြီး လိမ်းဆေး သောက်ဆေး နဲ့ ကုသရပါတယ်။ ပုံမှန်ဝဲကတော့ လိမ်းဆေးလောက်နဲ့ လုံလောက်လေ့ရှိပေမယ့် Crusted Scabies မှာတော့ သောက်ဆေးပါလိုအပ်ပါတယ်။ ကုသမှုခံယူပြီးလို့ ဝဲပိုးကောင်မရှိတော့ရင်တောင် နည်းနည်းပါးပါး ယားတာတော့ ၂ပတ်လောက်အထိ ကျန်နေတတ်ပါတယ်။ ဒါကြောင့် ဝဲဖြစ်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြပြီးကုသမှု ခံယူမှသာ ရောဂါရော ရောဂါလက္ခဏာပါ အရှင်းပျောက်ကင်းနိုင်မှာဖြစ်ပါတယ်။

Zarni Win Telehealth.

ကြွက်နို့ (Warts)       ခြေထောက်မှာပေါက်ရင် ပိုဆိုးသေးဗျာ။ ခဲလုံးခုနေသလို လမ်းလျှောက်လို့မကောင်းဘူး။ လက်သည်းညှပ်နဲ့ ညှပ်...
11/10/2024

ကြွက်နို့ (Warts)
ခြေထောက်မှာပေါက်ရင် ပိုဆိုးသေးဗျာ။ ခဲလုံးခုနေသလို လမ်းလျှောက်လို့မကောင်းဘူး။ လက်သည်းညှပ်နဲ့ ညှပ်ထုတ်လည်း ၃-၄ရက် နေရင်ပြန်ပြန်ကြီးလာတယ်။ နက်နက်ကလေး သွေးထွက်တဲ့အထိ ညှပ်ထုတ်တောင် ပြန်ကြီးလာသေးတယ်ဗျာ။ အရှင်းပျောက်အောင် ဘယ်လိုလုပ်ကြမလဲ။ ဒီနေ့တော့ ကြွက်နို့အကြောင်းပြောရအောင်ဗျာ။

ကြွက်နို့ဆိုတာ Human Papillomavirus (HPV) အုပ်စုထဲမှာပါတဲ့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ အရေပြားပေါ်က အဖုလေးတွေကို ခေါ်တာပါ။ HPV ဆိုတာကို အမျိုးသမီးတွေ ကြားဖူးကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကလည်း HPV အုပ်စုထဲကပါပဲ။ HPV ဟာ မျိုးကွဲပေါင်း ၁၅၀ ကျော်ရှိပါတယ်။ အဲဒီထဲကမှ တချို့က ကြွက်နို့ ဖြစ်စေပါတယ်။ ကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်နဲ့ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်က HPV အုပ်စုတစ်ခုထဲမှာ ပါပေမယ့် မျိုးကွဲ မတူကြပါဘူး။

ကြွက်နို့ဟာ ဗိုင်းရပ်စ်နဲ့ တိုက်ရိုက်ထိတွေ့ခြင်း မှသော်လည်းကောင်း တစ်ဆင့်ခံထိတွေ့ခြင်း မှသော်လည်းကောင်း ကူးစက်နိုင်ပါတယ်။ တိုက်ရိုက်ထိတွေ့တယ် ဆိုတာက ကြွက်နို့ကို မိမိလက်နဲ့ တိုက်ရိုက်ကိုင်မိတာ၊ မိမိအရေပြားနဲ့ တိုက်ရိုက်ထိမိတာကို ဆိုလိုတာဖြစ်ပြီး တစ်ဆင့်ခံထိတွေ့တယ်ဆိုတာက ကြွက်နို့ ထိတွေ့ထားတဲ့ မျက်နှာသုတ်ပုဝါ၊ ခြေသုတ်ခုံ၊ ဘလိတ်ဓါး စတာတွေနဲ့ ထိတွေ့မိခြင်းကို ပြောတာဖြစ်ပါတယ်။ ကြွက်နို့ဟာ လူတစ်ယောက်ကနေ နောက်တစ်ယောက် ကူးစက်စေနိုင်သလို မိမိကိုယ် မိမိလည်း ပြန်ကူးစက် တတ်ပါသေးတယ်။ ဥပမာဗျာ ခြေထောက်မှာ ကြွက်နို့ပေါက်တယ်ဆိုပါစို့၊ အဲဒီကြွက်နို့ကို လက်နဲ့ကိုင်တယ် ပြီးတော့ မိမိခန္ဓာကိုယ်မှာပဲ တစ်ခြားနေရာတစ်ခုကို ထပ်ကိုင်မိတယ်၊ မဟုတ်လည်း ယားလို့ကုတ်မိတယ်ပေါ့၊ ထပ်ကိုင်မိ၊ ကုတ်တဲ့နေရာက အရေပြားကလည်းပေါက်ပြဲနေမယ်ဆိုရင် ကြွက်နို့ပွားတတ်ပါတယ်။ ဗိုင်းရပ်စ်ဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရေပြားဆိုတဲ့ အကာအကွယ်ကြီးကို သူ့ဘာသာ ဖြတ်ကျော်ပြီး မဝင်ရောက်နိုင်ပါဘူး။ အရေပြား ပေါက်ပြဲနေမှသာ ဝင်ရောက်နိုင်တာ ဖြစ်ပါတယ်။

ကြွက်နို့ကို ပေါက်တဲ့ပုံစံ၊ ပေါက်တဲ့နေရာ နဲ့ ဗိုင်းရပ်စ်မျိုးကွဲ အမျိုးအစား အပေါ်မူတည်ပြီး အမျိုးအစား ထပ်ခွဲခြားကြပါသေးတယ်။ ခြေဖဝါးမှာပေါက်တဲ့ကြွက်နို့၊ လက်မှာပေါက်တဲ့ကြွက်နို့၊ မျက်နှာပေါက်တဲ့ကြွက်နို့၊ လိင်အင်္ဂါမှာပေါက်တဲ့ ကြွက်နို့ စသည်ဖြင့် ထပ်ခွဲခြားလို့ ရပါသေးတယ်။ ပုံစံလည်းအမျိုးမျိုးရှိတတ်ပါတယ်။ တချို့ကြွက်နို့က နာပါတယ်၊ တချို့မနာပါဘူး။ ကြွက်နို့အမျိုးအစားတွေက ခွဲခြားပြီး သိလည်း ဘာမှ သိပ်မထူးလို့ အကျယ်မပြောတော့ပါဘူး။

ကြွက်နို့တွေက ပုံမှန်တော့ အန္တရာယ် မရှိတတ်ပါဘူး။ ၆၅ ရာခိုင်နှုန်းသော ကြွက်နို့တွေဟာ ၂နှစ်အတွင်း သူ့ဘာသာ ပြန်ပျောက်သွားတတ်ပါတယ်။ ကိုယ်ခံအား ကောင်းနေဖို့တော့ လိုတာပေါ့နော်။ ကိုယ်ခံအား အားနည်းနေရင်တော့ မပျောက်ပါဘူး။ ကြွက်နို့ဟာ အန္တရာယ်တော့မရှိပေမယ့် စိတ်ကသိကအောက် ဖြစ်ရတာတော့ အမှန်ပါပဲ။ ကြွက်နို့ပေါက်ပြီဆိုရင် အဲဒီအဖု မာမာလေးကိုပဲ သွားသွားကိုင်မိနေပြီး စိတ်ထဲ ခိုးလိုးခုလု ဖြစ်နေတတ်ပါတယ်။ ခြေဖဝါးမှာပေါက်တဲ့ ကြွက်နို့ဆိုရင်တော့ ပိုပြီး ဒုက္ခပေးပါသေးတယ်။ လမ်းလျှောက်တိုင်း၊ မတ်တပ်ရပ်တိုင်း အောင့်တောင့်တောင့်နဲ့ နေရခက်ပါတယ်။

ကြက်နို့ကုသနည်းတွေအမျိုးမျိုးရှိပါတယ်။ အဲဒီထဲကမှ မိမိဘာသာ လုပ်လို့ရတာလေး ၂ခုကို ပြောပြပါ့မယ်။ အဲဒီ ၂နည်းနဲ့မှ မကောင်းရင်တော့လည်း ဆရာဝန်နဲ့တိုင်ပင်ပေါ့‌ဗျာ။
ပထမဦးဆုံး အလွယ်ဆုံးနည်းကတော့ တိပ်ကပ်တာပါ။ ကြွက်နို့ရှိတဲ့နေရာကို အရင်ဆုံး နည်းနည်းနူးသွားအောင် ရေနွေးနွေးလေးနဲ့ ၁၀မိနစ်လောက် စိမ်ပါ။ ပြီးရင် လက်သည်းခြေသည်းတိုက်တဲ့ ကော်ပတ် အနုလေးနဲ့ နည်းနည်းလေးပွတ်လိုက်ပါ။ ပြီးရင် တိပ်ကပ်ထားပါ။ ခဲရောင်ကြိုးတိပ်(Duct Tape) ကပ်ရင် ပိုကောင်းပါတယ်။ ကပ်အားပိုကောင်းလို့ပါ။ ၃-၄ ရက်ခြား တစ်ခါလောက် တိပ်ခွာပြီး အစက ပြန်လုပ်ပေးပါ။ အချိန်တော့ နည်းနည်းယူရပါတယ်။ ၄ ပတ်လောက် အတွင်း အရှင်း ကောင်းသွားနိုင်ပါတယ်။
နောက်တစ်ခုက Salicylic Acid ပါတဲ့ ကြွက်နို့ခွာတဲ့ဆေးအရည်၊ ဂျယ်၊ ပလာစတာ သုံးတာပါ။ ဆေးဆိုင်တွေမှာ အလွယ်တစ်ကူ ဝယ်လို့ရပါတယ်။ ဆေးမသုံးခင် ရေနွေးစိမ်တာနဲ့ ကော်ပတ်တိုက်တာလေး လုပ်ပေးနိုင်ရင် ပိုထိရောက်ပါတယ်။ တစ်ခုသတိထားဖို့လိုတာက ကော်ပတ်တိုက်တိုင်း အသစ်တစ်ခုသုံးပါ၊ သုံးပြီးတာနဲ့ သေသေချာချာ စွန့်ပစ်ပါ။ ကော်ပတ်မှာရှိသွားတဲ့ ဗိုင်းရပ်စ်က တခြားတစ်ယောက်ကို ကူးစက်နိုင်ပါတယ်။ ဒီနည်းကလည်း အချိန်ယူရတာဖြစ်တဲ့အတွက် စိတ်ရှည်ဖို့လိုပါတယ်။ အရှင်းပျောက်ဖို့အတွက် လပိုင်းလောက်အထိကြာတတ်ပါတယ်။

မိမိဘာသာ ကုသလို့မှ မကောင်းရင်၊ ကြွက်နို့က နာနေရင်၊ သွေးထွက်ရင်၊ အရေအတွက် အများကြီး ဖြစ်လာရင်၊ ကိုယ်ခံအား နည်းနေရင်၊ မျက်နှာ နဲ့ လိင်အင်္ဂါတွေမှာ ကြွက်နို့ပေါက်လာရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ဆရာဝန်က ကြွက်နို့ကို ခွဲစိတ်ဖြတ်ထုတ်တာ၊ နိုက်ထရိုဂျင်အရည်နဲ့ကုသပေးတာ(Cryosurgery)၊ လျှပ်စစ်သုံးလောင်ကျွမ်းဖြတ်ထုတ်တာ(Electrosurgery)၊ လေဆာနဲ့ဖြတ်ထုတ်တာ၊ သမားသုံးလိမ်းဆေးတွေနဲ့ ကုသမှုပေးတာ၊ ကြွက်နို့ဖြစ်နေတဲ့နေရာကို တိုက်ရိုက် ဆေးထိုးကုသတာတို့ လုပ်ပေးနိုင်ပါတယ်။

ကြွက်နို့မဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ?။
• ကြွက်နို့ကို မကိုင်ပါနဲ့။
• မျက်နှာသုတ်ပုဝါ၊ အင်္ကျီအဝတ်အစား၊ လက်သည်းညှပ်၊ မုတ်ဆိတ်ရိတ်ဓါး စတာတွေကို မျှဝေသုံးစွဲတာမျိုးရှောင်ပါ။
• ခြေသည်း လက်သည်း မကိုက်ပါနဲ့။
• အရေပြားကို ရေဓါတ်ပြည့်ဝနေပါစေ။ အရေပြားခြောက်ပြီး ကွဲနေတဲ့အခါမှာ HPV ဗိုင်းရပ်စ် ဝင်ရောက်နိုင်ဖို့ လွယ်လို့ပါ။
• အပြင်ထွက်တိုင်း အမြဲတမ်း ဖိနပ်စီးပါ။

Zarni Win Telehealth.

ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ (သို့) Bell’s Palsy        သွေးတိုးလည်းမရှိ ဆီးချိုလည်းမရှိ ဆေးလိပ်လည်းမသောက် ကျန်းမာရေ...
09/10/2024

ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ (သို့) Bell’s Palsy
သွေးတိုးလည်းမရှိ ဆီးချိုလည်းမရှိ ဆေးလိပ်လည်းမသောက် ကျန်းမာရေးကောင်းနေတဲ့ လူငယ်လူရွယ်တစ်ယောက် နေမကောင်းလည်းမဖြစ်ပဲနဲ့ ရုတ်တရက် မျက်နှာတစ်ခြမ်း ရွဲ့သွားတယ်ဆိုရင် မိတ်ဆွေသူငယ်ချင်းတွေက တအံ့တသြ နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ လေဖြတ်သွားတယ်ဆိုပြီး တီးတိုးပြောနေတာမျိုး ကြားဖူးကြမှာပါ။ မျက်နှာတစ်ခြမ်းရွဲ့တာနဲ့ပဲ လေဖြတ်တယ်လို့ ပြောနိုင်ပြီလား၊ တခြားရော ဘာဖြစ်နိုင်သေးလဲ နည်းနည်းလောက် ပြောရအောင်ဗျာ။

ကျွန်တော်တို့ရဲ့ မျက်နှာကို ထိန်းချုပ် အာရုံခံတဲ့ အာရုံကြောဟာ နားအရှေ့ဘက် နေရာကနေ ထွက်လာပြီး ယပ်တောင်ပုံစံလိုမျိုး မျက်နှာတစ်ခြမ်းလုံးကို ဖြန့်ကြက်ထားပါတယ်။ ဘယ် ညာ အစုံလိုက်ရှိတာဖြစ်ပြီး နှစ်ဖက်လုံးမှာ အာရုံကြော ဖြန့်ကြက်ထားပုံခြင်း အတူတူပါပဲ။ Facial Nerve လို့ ခေါ်ပါတယ်။ ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ(Bell’s Palsy) မှာ အဲဒီအာရုံကြောဟာ ဘယ်ဘက်မှာသော်လည်းကောင်း ညာဘက်မှာသော်လည်းကောင်း တစ်ခြမ်းက အလုပ်မလုပ်တော့တဲ့အခါ ကျွန်တော်တို့ဟာ အဲဒီအာရုံကြောဖြန့်ကြက်ထားတဲ့ မျက်နှာတစ်ခြမ်းကို ထိန်းချုပ်လို့မရတော့ပါဘူး။ ဒါကြောင့် မျက်လုံးတစ်ဖက် ပိတ်မရတာ၊ နှုတ်ခမ်းတစ်ခြမ်းကို ထိန်းချုပ်လို့ မရပဲ အောက်ကျနေတာတွေ ဖြစ်နေတတ်ပါတယ်။ မျက်နှာအမူအယာ အမျိုးမျိုးမှာလည်း အာရုံကြော အလုပ်မလုပ်တဲ့ တစ်ဘက်က မျက်နှာသေကြီးဖြစ်နေပြီး ကောင်းတဲ့ တစ်ဘက်မှာသာ ပြုံးတယ်၊ ရယ်တယ်၊ မဲ့တယ် စတဲ့ မျက်နှာ အမူအယာတွေ လုပ်နိုင်တော့တာကြောင့် ကြည့်လိုက်ရင် မျက်နှာတစ်ခြမ်းရွဲ့သလို ဖြစ်နေတာပါ။

ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ(Bell’s Palsy) ဟာ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်း သေသေချာချာ မသိရပေမယ့် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး အာရုံကြော ရောင်ရမ်းတဲ့ အခြေအနေနဲ့ ဆက်စပ်နေနိုင်တယ်လို့ ယူဆကြပါတယ်။ အသက်အရွယ်မရွေး ဖြစ်နိုင်ပြီး ကျား မ မရွေး အသက် ၁၅ နှစ်ကနေ အသက် ၆၀ အတွင်း မှာ ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးခါနီး ၃လအတွင်းနဲ့ မီးဖွားပြီး ၁ပတ်အတွင်းမှာ ပိုဖြစ်နိုင်ပါတယ်။ ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ(Bell’s Palsy) ဟာ ဆီးချိုရောဂါရှိသူတွေ၊ သွေးတိုးရှိသူတွေ၊ ကိုယ်ဝန်ဆိပ်တက်ရောဂါရှိသူတွေ၊ ကိုယ်ခံအားကမောက်ကမ ရောဂါရှိသူတွေ၊ အဝလွန်သူတွေ၊ ရေယုန်ပေါက်သူတွေ မှာ ပိုဖြစ်တတ်ကြပါတယ်။ လူအယောက် ၆၀ မှာ ၁ ယောက်ကတော့ တစ်သက်မှာ တစ်ခါတော့ ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ(Bell’s Palsy) ဖြစ်ဖူးကြပါတယ်။ ဒီရောဂါဟာ အအေးမိတဲ့အချိန်၊ ကိုယ်ခံအားနည်းတဲ့အချိန်၊ အိပ်ရေးပျက်တဲ့အချိန်၊ မျက်နှာအာရုံကြော ထိခိုက်ရောင်ရမ်းတဲ့အချိန် တွေမှာ စဖြစ်တတ်ပါတယ်။

ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ (Bell’s Palsy) ရဲ့ လက္ခဏာတွေဟာ ရုတ်တရက် ပေါ်လာတတ်ပါတယ်။ ညအိပ်ယာဝင်တုန်းကအကောင်း မနက်နိုးလာတော့ မျက်နှာတစ်ခြမ်းရွဲ့နေတာ၊ မျက်လုံးတစ်ဘက် ပိတ်မရတာတွေ ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ ရှားတော့ရှားပေမယ့် ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့တဲ့ရောဂါ (Bell’s Palsy) ဟာ မျက်နှာ နှစ်ဘက်လုံးမှာလည်း ဖြစ်နိုင်ပါတယ်။ မျက်နှာတစ်ခြမ်းရွဲ့တာအပြင်ကို
- သွားရည် ယိုနေတာ
- မေးရိုးနဲ့ နားအနောက်မှာ နာနေတာ
- အရသာခံနိုင်မှု အားနည်းနေတာ
- မျက်လုံး ခြောက်တာ၊ အာ ခြောက်တာ
- နား အူတာ
- အသံကျယ်ကျယ် မခံနိုင်တာ
- စကားပြော ခက်တာ
- အစားအသောက် ခက်တာ တွေဖြစ်တတ်ပါတယ်။

ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့တဲ့ရောဂါ(Bell’s Palsy) ဟာ ကုသမှု မခံယူရင်တောင်မှ ၁လအတွင်း ပြန်ကောင်းသွားတတ်ပါတယ်။ ကုသမှု ခံယူရင်တော့ အချိန်တိုတိုနဲ့ ပြန်ကောင်းသွားနိုင်ပါတယ်။ ရှားပါးပေမယ့် တချို့မှာတော့ မျက်နှာအမူအယာ ပုံမှန်ပြန် မဖြစ်တော့တာတွေလည်း ရှိတတ်ပါတယ်။

ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ(Bell’s Palsy) နဲ့ လေဖြတ်ရောဂါဟာ မတူကြပါဘူး။ အကြမ်းဖျင်းအနေနဲ့ ခွဲခြားနိုင်တာကတော့ ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ(Bell’s Palsy) က မျက်နှာကို ထိန်းချုပ်အာရုံခံတဲ့ အာရုံကြော ရောင်ရမ်းပြီး အလုပ်မလုပ်တာကြောင့်ဖြစ်ပြီး မျက်နှာတစ်ခြမ်းကိုပဲ ထိခိုက်ပါတယ်။ လေဖြတ်တာကတော့ ဦးနှောက်ရဲ့ အစိတ်အပိုင်း အချို့ ပုပ်သွားတာကြောင့်ဖြစ်ပြီး မျက်နှာအပြင် တခြား ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း ထိခိုက်တတ်ပါတယ်။ ရုတ်တရက်မျက်နှာတစ်ခြမ်းရွဲ့ရောဂါ(Bell’s Palsy) ရဲ့ လက္ခဏာတွေဟာ နာရီပိုင်းကနေ ရက်ပိုင်းအတွင်း ပေါ်လာတာဖြစ်ပြီး လေဖြတ် လက္ခဏာတွေကတော့ စက္ကန့်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် ပေါ်လာတတ်ပါတယ်။ ပိုပြီးတိကျတဲ့ ရောဂါရှာဖွေမှုတွေ ပြုလုပ်ဖို့အတွက်ကတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးကုသမှု ခံယူဖို့လိုအပ်ပါတယ်။

Zarni Win Telehealth.

ဘီလူးစီးခြင်း(Sleep Paralysis)       အိပ်ပျော်နေတုန်းရုတ်တရက်နိုးသွားတယ်။ လှုပ်မရ ပြုမရ နဲ့ ရင်ဘတ်ပေါ် တစ်ခုခု ဖိထားသလို...
07/10/2024

ဘီလူးစီးခြင်း(Sleep Paralysis)
အိပ်ပျော်နေတုန်းရုတ်တရက်နိုးသွားတယ်။ လှုပ်မရ ပြုမရ နဲ့ ရင်ဘတ်ပေါ် တစ်ခုခု ဖိထားသလိုမျိုး ဖြစ်နေပြီး ထလို့လည်း မရနေဘူး။ စကားပြောလို့လည်းမရ အော်ခေါ်လို့လည်းမရ။ ဘေးနားမှာ ရှိတဲ့လူကိုလည်း အကူအညီတောင်းလို့မရ။ အိပ်မက်နေတာလည်း မဟုတ်ပဲ ပတ်ဝန်းကျင်ကိုလည်း သိနေသလိုဖြစ်နေတယ်။ နောက်မှ လှုပ်လို့ရသွားပြီး အိပ်ယာက ထလို့ရသွားတယ်။ နိုးလာတော့လည်း လူက မိုင်၂၀လောက် ပြေးထားရသလို ပင်ပန်းနွမ်းနယ်နေတယ်။ ဒါမျိုးတွေ ကြုံဖူး ကြားဖူးကြမှာပါ။ အရပ်အခေါ်ကတော့ ဘီလူးစီးတယ်၊ ထမင်းလုံး တစ္ဆေခြောက်တယ်ပေါ့။ ဒါတွေဟာတစ်ကယ်ပဲ သဘာဝလွန်ဖြစ်ရပ်တွေလား တစ်ကယ်ပဲခံစားရတာလား ဆိုတဲ့အကြောင်းကို ဒီ‌နေ့ပြောရအောင်ဗျာ။

အိပ်ပျော်နေတုန်းဖြစ်တဲ့ ကိစ္စအကြောင်းပြောမှာဆိုတော့ အိပ် တယ်ဆိုတဲ့အကြောင်းကို နည်းနည်းလေး သဘောပေါက်အောင်အရင်ပြောရပါ့မယ်။ ညဘက်အိပ်ယာဝင်တယ်၊ အိပ်ပျော်သွားတယ်၊ မနက်နိုးလာတယ်။ ဒါပဲပေါ့။ ဟုတ်ပါတယ်။ ဒါပေမယ့် အိပ်ပျော်သွားတယ် ဆိုတဲ့ကိစ္စမှာ ကျွန်တော်တို့က အိပ်ပျော်သွားပြီး ဘာမှမသိတော့ပေမယ့် အိပ်ပျော်နေချိန် ခန္ဓာကိုယ်က ဘာတွေကျော်ဖြတ် ပြောင်းလဲတယ်ဆိုတဲ့ အကြောင်းကို ပြောမှာပါ။ အိပ်ပျော်သွားပြီးနောက် ကျွန်တော်တို့မှာ အိပ်ချိန်စက်ဝန်း(Sleep Cycle) တွေ ဖြစ်ပေါ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ကြာချိန်တွေ ကွဲပြားနိုင်ပေမယ့် လူတိုင်းတော့ အိပ်ချိန်စက်ဝန်းတွေ ဖြစ်ပေါ်ပါတယ်။ လူတစ်ယောက်ဟာ တစ်ညမှာ အိပ်ချိန်စက်ဝန်း(Sleep Cycle) ၄ကြိမ်ကနေ ၆ကြိမ်အထိ ဖြတ်ကျော်ကြရလေ့ ရှိပါတယ်။

အိပ်ချိန်စက်ဝန်း(Sleep Cycle) မှာ မျက်စိမလှုပ်တဲ့အဆင့်(Non-Rapid Eye Movement : NREM) နဲ့ မျက်စိလှုပ်တဲ့အဆင့်(Rapid Eye Movement : REM) ဆိုပြီး ၂ခု အဓိက ပါဝင်ပါတယ်။ မျက်စိမလှုပ်တဲ့အဆင့်(NREM)ကိုမှ ၁၊ ၂၊ ၃ ထပ်ခွဲခြားလို့ရပြီး အိပ်ချိန်စက်ဝန်း(Sleep Cycle) အပြည့်အစုံ မှာတော့ မျက်စိမလှုပ် ၁(NREM-1)၊ မျက်စိမလှုပ် ၂(NREM-2)၊ မျက်စိမလှုပ် ၃(NREM-3) နဲ့ မျက်စိလှုပ်အဆင့်(REM)ဆိုပြီး အဆင့် ၄ဆင့် ဖြစ်ပေါ်ပါတယ်။ NREM-1 အဆင့်ဟာ စ အိပ်ပျော်ကာစ အချိန်မှာ ဖြစ်ပေါ်ပါတယ်။ ၇မိနစ်လောက်အထိ ကြာတတ်ပြီး ဒီအဆင့်မှာဆိုရင် ဦးနှောက်က ကောင်းကောင်း အနားမယူသေးပဲ နိုးလွယ်ပါတယ်။ ပြီးရင် NREM-2 ကိုရောက်လာမှာပါ။ NREM-2 မှာတော့ ဦးနှောက်က ပိုပြီး အနားယူနေပါပြီ။ ကြွက်သားတွေ ပျော့ပျောင်းလာမယ်၊ ခန္ဓာကိုယ်အပူချိန် ကျလာမယ်၊ အသက်ရှူနှုန်း နှလုံးခုန်နှုန်းတွေ နှေးလာပါတယ်။ NREM-2 ဟာ ၂၅မိနစ်လောက်အထိ ကြာတတ်ပါတယ်။ ပြီးရင်တော့ NREM-3 ကိုရောက်လာပါမယ်။ ဒီအဆင့်ကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တဲ့ အဆင့်ဖြစ်ပြီး တော်ရုံနှိုးလို့ မနိုးတတ်ပါဘူး။ NREM-3 ဟာ အိပ်ပျော်နေချိန်အတွင်း ခန္ဓာကိုယ်ကို အားအင်ဖြည့်တင်းဖို့အတွက် အရေးပါတဲ့အဆင့် ဖြစ်ပါတယ်။ ဒီအဆင့်ဟာ မိနစ် ၄၀ လောက်အထိ ကြာတတ်ပြီး အိပ်ပျော်ကာစ ပထမဦးဆုံး‌ အိပ်ချိန်စက်ဝန်း(Sleep Cycle) ရဲ့ NREM-3 ဟာ အကြာဆုံးဖြစ်ပြီး နောက်ထပ်ဖြစ်ပေါ်တဲ့ Sleep Cycle တွေမှာတော့ NREM-3 ဟာ ပိုပိုပြီး တိုလာမှာပါ။ NREM ၃ဆင့်ကို ကျော်ဖြတ်ပြီးရင်တော့ REM အဆင့်ကိုရောက်ပါပြီ။ REM အဆင့်မှာတော့ ဦးနှောက်ဟာ နိုးကြားနေတဲ့ အချိန်လောက်နီးပါး အလုပ် ပြန်လုပ်နေပါတယ်။ အိပ်ယာကနိုးတာနဲ့ မှတ်မိတဲ့ အိပ်မက်တွေဟာ REM အဆင့်မှာ ဖြစ်ပေါ်ပါတယ်။ မျက်လုံးကို ထိန်းချုပ်တဲ့ ကြွက်သား နဲ့ အသက်ရှူဖို့ လိုအပ်တဲ့ ကြွက်သားတွေက လွဲရင် ကျန်တဲ့ ကြွက်သားအားလုံးဟာ ပျော့ပျောင်းနေပါတယ်။ အိပ်မက် မက်ပြီး အိပ်မက်ထဲကအတိုင်း လိုက်လှုပ်ရှားတာမျိုး မဖြစ်ရအောင် ဦးနှောက်က ကြွက်သားတွေကို ပျော့ပျောင်းနေစေတာ ဖြစ်ပါတယ်။ မျက်လုံးပဲ လှုပ်လို့ရပြီး လှုပ်နေတဲ့အတွက် မျက်စိလှုပ်တဲ့အဆင့်(Rapid Eye Movement : REM) လို့ခေါ်တာပါ။ REM အဆင့်ဟာ အိပ်ချိန်စစချင်းမှာ မိနစ်အနည်းငယ်သာ ဖြစ်ပေါ်ပြီး နောက်ပိုင်း အိပ်ချိန်စက်ဝန်း(Sleep Cycle)တွေမှာ တော့ ၁နာရီ နီးပါးအထိ ကြာတတ်ပါတယ်။ NREM-1 > NREM-2 > NREM-3 > REM ဆိုပြီး အဆင့် ၄ဆင့် ဖြစ်ပေါ်ပြီးရင်တော့ အိပ်ချိန်စက်ဝန်း(Sleep Cycle) တစ်ပတ်ပြည့်ပြီး အစက ပြန်စပါတယ်။ ပထမဆုံး အိပ်ချိန်စက်ဝန်း(Sleep Cycle) ကလွဲရင် နောက်ထပ်ဖြစ်ပေါ်တဲ့ Sleep Cycle တိုင်းဟာ NREM-2 ကနေ စပါတယ်။

ဘီလူးစီးခြင်း ဆိုတဲ့ Sleep Paralysis ဟာ အိပ်ချိန်စက်ဝန်း(Sleep Cycle) ရဲ့ REM အဆင့်ကို ရောက်စမှာ သော်လည်းကောင်း REM အဆင့်ကို ဖြတ်ကျော်ပြီး NREM-2 ကို ပြန်ဝင်တော့မယ့် အချိန်မှာ သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ REM အဆင့်မှာ တစ်ကိုယ်လုံးရဲ့ ကြွက်သားတွေက ပျော့ပျောင်းပြီး လှုပ်မရနေတဲ့အချိန် လူက အိပ်ယာနိုးသွားတဲ့ အခြေအနေမှာ ဖြစ်ပေါ်တာပါ။ ဦးနှောက်က အပြည့်အဝနီးပါး အလုပ်လုပ်နေပြီး ကြွက်သားတွေက လှုပ်မရ ဖြစ်နေတာကြောင့် ပတ်ဝန်းကျင်ကို သိနေပြီး စကားပြောမရ၊ လှုပ်ရှားမရ၊ ထမရ၊ ထိုင်မရ ဖြစ်နေတာပါ။ Sleep Paralysis ဟာ မိနစ်အနည်းငယ်လောက်သာ ဖြစ်ပေါ်လေ့ရှိပြီး အများဆုံး မိနစ် ၂၀ လောက်အထိ ဖြစ်တတ်ပါတယ်။

ဘီလူးစီးခြင်း ဆိုတဲ့ Sleep Paralysis ရဲ့ လက္ခဏာတွေ အနေနဲ့ကတော့ -
- စကားပြောမရ အော်မရ ဖြစ်ပါတယ်
- အသက်ရှူရ ခက်ပါတယ်
- ထင်ယောင်ထင်မှားတွေ ဖြစ်ပါတယ်
- ရင်ဘတ်ကို တစ်ခုခုနဲ့ ဖိထားသလိုမျိုး ခံစားရပါတယ်
- အသက်ရှူ ကြပ်ပါတယ်
- အန္တရာယ်ရှိသလို အကူအညီမဲ့သလို ခံစားရတတ်ပါတယ်။

ဘီလူးစီးခြင်း ဆိုတဲ့ Sleep Paralysis ကို ဦးနှောက်က အိပ်ပျော်ချင်စိတ်ကို ထိန်းချုပ်မရတဲ့ရောဂါ(Narcolepsy) ရှိသူတွေ၊ အိပ်ချိန်နည်းပါးသူတွေ၊ အိပ်ချိန်မမှန်သူတွေ၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်တဲ့ရောဂါ(Sleep Apnea) ရှိသူတွေ၊ စိတ်ဖိစီးခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ အကြောက်လွန်ရောဂါ စတဲ့ စိတ်ရောဂါ ရှိသူတွေ၊ တက်ကြွလွန်အာရုံစူးစိုက်မရရောဂါ(ADHD) အတွက် ဆေးကုသမှုခံယူနေရသူတွေ နဲ့ မူးယစ်ဆေးဝါး စွဲလမ်းနေသူတွေမှာ ဖြစ်တတ်ပါတယ်။

ဘီးလူးစီးခြင်း ဆိုတဲ့ Sleep Paralysis ဟာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်တဲ့ အခြေအနေတော့ မဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေတော့ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဘီလူးစီးမှာ ကြောက်ပြီး အိပ်မပျော်တော့တာတွေလည်း ဖြစ်တတ်ပါတယ်။ လူ ၃ ယောက်မှာ ၁ ယောက်မှာ တစ်သက်မှာ တစ်ကြိမ်တော့ ဘီလူးစီးခြင်း ဆိုတဲ့ Sleep paralysis ကို ခံစားကြဖူးပါတယ်။ ပြောချင်တာက သိပ်ရှားပါးတဲ့ အခြေအနေ မဟုတ်ပဲ လူတော်တော်များများ ဖြစ်ဖူးကြတယ်ဆိုတာပါပဲ။ Sleep Paralysis ခဏ ခဏ ဖြစ်ပြီး အိပ်ရခက်နေပြီ ဆိုရင်တော့ ကုသမှုခံယူဖို့ လိုလာနိုင်ပါတယ်။

ဘီလူးစီးခြင်း ဆိုတဲ့ Sleep Paralysis လုံးဝမဖြစ်အောင်တော့ ကာကွယ်လို့မရပေမယ့် ဖြစ်နိုင်ခြေ လျော့ချနိုင်ပါတယ်။ အဲဒါတွေကတော့ အိပ်ချိန်မှန် အိပ်ရေးဝအောင် ဂရုစိုက်တာ၊ အိပ်ခန်းကို အိပ်ပျော်လွယ်စေဖို့အတွက် အေးပြီး တိတ်ဆိတ်နေအောင် ပြင်ဆင်တာ၊ အိပ်ခါနီး ဖုန်း၊ ကွန်ပြူတာ၊ တီဗီကြည့်တာကို ရှောင်တာ၊ မအိပ်ခင် ရေချိုးတာ၊ သီချင်းအေးအေးလေးတွေနားထောင်ပြီး အပန်းဖြေတာ တို့ လုပ်ပေးနိုင်ပါတယ်။

Zarni Win Telehealth.

နီကိုတင်း နှင့် အပေါင်းအပါများ       စိတ်အပန်းဖြေဖို့သော်လည်းကောင်း စိတ်ဖိစီးရင်သော်လည်းကောင်း ဆေးလိပ်သောက်ကြတယ်၊ ကွမ်းစ...
05/10/2024

နီကိုတင်း နှင့် အပေါင်းအပါများ
စိတ်အပန်းဖြေဖို့သော်လည်းကောင်း စိတ်ဖိစီးရင်သော်လည်းကောင်း ဆေးလိပ်သောက်ကြတယ်၊ ကွမ်းစားကြတယ်၊ V**e ရှူကြတယ် စသည်ဖြင့်ပေါ့လေ တစ်နည်းနည်းနဲ့ စိတ်သက်သာရာရဖို့ ကြံစည်တတ်ကြပါတယ်။ ဆေးလိပ်၊ ကွမ်း၊ V**e စသည်ဖြင့် ပုံစံတွေပဲ ကွဲပေမယ့် ကျွန်တော်တို့စိတ်က လိုအပ်တာက တစ်ခုတည်းပါပဲ။ နီကိုတင်းပါ။ နီကိုတင်းဟာ စွဲလမ်းစေတတ်တဲ့ ကမ်မီကယ်တစ်မျိုးဖြစ်ပြီး ဆေးရွက်ကြီးမှာ အဓိကပါဝင်ပါတယ်။ နီကိုတင်းဟာ ဦးနှောက်မှာ စိတ်ကျေနပ်တဲ့ ခံစားချက်မျိုး ဖြစ်ပေါ်စေပြီး စိတ်ခံစားမှုကို ကောင်းမွန်စေတဲ့ အကျိုးသက်ရောက်မှုလည်း ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီ အကျိုးသက်ရောက်မှုက ခဏပဲဖြစ်ပေါ်ပြီး ကြာကြာမခံပါဘူး။ နီကိုတင်းဓါတ်တွေ လျော့သွားတာနဲ့ စိတ်ကျေနပ်တဲ့ ခံစားချက်ကို ထပ်လိုချင်လာပါတယ်။ ဒါပေမယ့် နီကိုတင်းဟာလည်း ပထမတစ်ခါ ၁ကျပ်ဖိုးသုံးလို့ ရတဲ့ ခံစားချက်နဲ့ ဒုတိယတစ်ခါ ၁ကျပ်ဖိုးသုံးလို့ ရတဲ့ ခံစားချက်က မတူကြပါဘူး။ ပထမတစ်ခါက စိတ်ခံစားချက်ပိုကောင်းပြီး ဒုတိယက နည်းနည်းလျော့လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်က နီကိုတင်းကို တုံ့ပြန်တဲ့ ပုံစံပါပဲ။ အဲဒီတော့ ပထမ နီကိုတင်း ၁ကျပ်ဖိုးနဲ့ ရတဲ့ စိတ်ခံစားချက်ဟာ ဒုတိယတစ်ခါမှာတော့ ၂ကျပ်ဖိုးနဲ့မှ ရပါတော့တယ်။ တူညီတဲ့ ခံစားချက်ရဖို့ နီကိုတင်းကို ပိုလိုအပ်လာတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ ပထမ ဆေးလိပ် ၁လိပ် ကွမ်း ၁ယာလောက်နဲ့ အဆင်ပြေပေမယ့် ၂-၃ ရက်လောက်ကြာတော့ ဆေးလိပ် ၂လိပ်၊ ကွမ်း ၂ယာလောက်နဲ့မှ စိတ်ကျေနပ်တာမျိုး ဖြစ်လာပါတယ်။ ဒါနဲ့ပဲ တစ်ဖြည်းဖြည်းနဲ့ limit တွေတိုးလာတိုက်တာ တစ်ချို့ဆို ဆေးလိပ်တစ်လိပ်ကုန်တာနဲ့ နောက်တစ်လိပ် တစ်ခါတည်း မီးညှိတဲ့ Chain Smoker တွေဖြစ်လာပါတယ်။ မိုးလင်းတာနဲ့ ပါးစပ်ထဲ ကွမ်းယာအရင်ထည့်ပြီး ညအိပ်ရင်တောင် ကွမ်းယာလေး ငုံပြီး အိပ်တတ်တာမျိုး ဖြစ်လာပါတော့တယ်။ ဒါသဘောပေါက်လွယ်အောင်ပြောပြတာပါ။ နီကိုတင်းဓါတ် ရဖို့အတွက်ပဲ ဆေးရွက်ကြီးကို မီးရှို့ပြီးရှူ၊ ဆေးရွက်ကြီးကို ဝါးစား စသည်ဖြင့် ပုံစံအမျိုးမျိုးနဲ့ လုပ်ဆောင်နေကြသော်လည်း အဓိက လိုရင်းက နီကိုတင်းဓါတ် ရချင်လို့ပဲ ဖြစ်ပါတယ်။

နီကိုတင်း ဟာ စိတ်ခံစားချက်ကောင်းစေတဲ့ အကျိုးသက်ရောက်မှု တစ်ခုတည်း ရှိတာတော့ မဟုတ်ပြန်ပါဘူး။ ကျန်းမာ‌‌ရေးအတွက် ဘေးထွက်ဆိုးကျိုးတွေလည်း အများကြီး ရှိပါသေးတယ်။ နီကိုတင်းဟာ အအိပ်ခက်စေနိုင်ပါတယ်၊ ခေါင်းကိုက် ခေါင်းမူးစေတတ်ပါတယ်၊ သွေးကြောတွေထဲမှာ သွေးခဲစေနိုင်ပါတယ်၊ သွေးပေါင်ချိန်တက်စေပါတယ်၊ နှလုံးခုန်နှုန်းမြန်စေပြီး နှလုံးခုန်စည်းချက်ကိုလည်း အနှောင့်အယှက် ပေးနိုင်ပါတယ်။ အသက်ရှူမဝတာမျိုး ဖြစ်စေနိုင်ပြီး လေပြွန်ရောင်စေနိုင်ပါတယ်။ နာတာရှည်လေပြွန်ကျဉ်းရောဂါလည်း ဖြစ်စေနိုင်ပါတယ်။ ကြွက်သားတွေ အနာတရဖြစ်ရင် သက်သာတာ နှေးစေပြီး အဆစ်ရောင်ရောဂါလည်း ဖြစ်စေနိုင်ပါသေးတယ်။ အစာအိမ်အနာဖြစ်စေနိုင်ပြီး အစာမကြေတာ၊ ရင်ပူတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ အာခြောက်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ နီကိုတင်းရဲ့ ဘေးထွက်ဆိုးကျိုးသက်သက်ဖြစ်ပြီး နီကိုတင်းရဖို့အတွက် ဆေးလိပ်သောက်၊ ကွမ်းစား၊ V**e ရှူရာမှာ ဘေးထွက်ဆိုးကျိုးတွေက ဒီထက် ပိုများပါသေးတယ်။

ဆေးလိပ်ကိုမီးရှို့လိုက်တဲ့အခါ ထွက်လာတဲ့ အငွေ့ထဲမှာ နီကိုတင်းအပြင်ကို Acetone၊ ကတ္တရာ၊ ကာဗွန်မိုနောက်ဆိုဒ် နဲ့ တစ်ခြားအန္တရာယ်ရှိတဲ့ ဓါတ်ငွေ့တွေ အများကြီး ပါလာပါတယ်။ ဒါတွေကို အဆုတ်ထဲရောက်အောင် ရှူသွင်းတဲ့အခါမှာ နီကိုတင်းထက် အဆမတန်ပိုဆိုးတဲ့ ဆိုးကျိုးတွေကို ခန္ဓာကိုယ်က ခံစားရပါတော့တယ်။ အဆိုးဆုံးက ကင်ဆာပါ။ အဆုတ်ထဲရှူသွင်းလို့ အဆုတ်ကင်ဆာ တစ်မျိုးတည်းပဲ စိတ်ပူရတာတော့မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အဆုတ်ကင်ဆာအပြင်ကို ဆီးအိမ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာမျိုပြွန်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသည်းကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ တို့ကိုလည်း ဖြစ်နိုင်ခြေ မြင့်တက်စေပါသေးတယ်။ ကင်ဆာအပြင်ကို မျက်စိမှာဆိုရင် အတွင်းတိမ် ရေတိမ် ဖြစ်စေနိုင်ပါတယ်။ သွေးကြောတွေကျဉ်းပြီး ပိတ်သွားတဲ့အတွက် ဘာအနာတရမှ မရှိပဲ ခြေထောက်ပုတ်သွားပြီး ခြေထောက် ဖြတ်လိုက်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ မျိုးပွားအင်္ဂါနဲ့ပတ်သတ်ပြီး အမျိုးသားရော အမျိုးသမီးပါ လိင်စိတ်ကျေနပ်မှု လျော့ကျစေတာ၊ အမျိုးသားတွေမှာဆိုရင် ပန်းသေတာတွေအထိဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ဆိုရင် ဆေးလိပ်သောက်ခြင်းဟာ အရေပြားကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာ သိထားသင့်ပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ အရေပြားတင်းရင်းမှုကို သိသိသာသာ လျော့ကျစေပါတယ်။ တစ်ခုချင်းလိုက်ပြောနေရင် မှတ်ရခက်ပြီး ပျင်းစရာကောင်းသေးတယ်။ ဆေးလိပ်ဟာ စိတ်ကျေနပ်စေတယ်ဆိုတဲ့ အချက်လေးတစ်ချက်ပဲကောင်းပြီး ကျန်တာ ဘာကောင်းကျိုးတစ်ခုမှ မပေးဘူးလို့ပဲ အလွယ်မှတ်မိရင်ကို လုံလောက်နေပါပြီ။

နီကိုတင်းရရှိဖို့အတွက် နောက်တစ်နည်းအနေနဲ့ ကွမ်းယာစားကြပါတယ်။ ကွမ်းယာထဲမှာ ကွမ်းရွက်၊ ကွမ်းသီး၊ ထုံး နဲ့ ဆေးရွက်ကြီး ကို အဓိက ထည့်စားတတ်ကြပါတယ်။ ဆေးရွက်ကြီးကိုမှ ပုံစံမျိုးစုံ အရသာမျိုးစုံ ဆေးပေါင်း၊ နှပ်ဆေး၊ ဗမာဆေး၊ စစ်ကနယ်၊ ဘုရင်မ၊ နိုင်တီတူး၊ ဆာဂါ၊ ပါရာဂျက် စသည်ဖြင့်ပေါ့လေ ပုံစံမျိုးစုံ ပြုပြင်ထားတဲ့ ဆေးရွက်ကြီးတွေကို ကွမ်းယာထဲထည့်စားကြပါတယ်။ ကွမ်းယာစားတာကလည်း ဆေးလိပ်သောက်သလိုပါပဲ၊ နီကိုတင်းရဖို့အတွက် တွဲဖက်စားလိုက်တဲ့ ပစ္စည်းတွေရဲ့ ဆိုးကျိုးတွေကိုပါ ပေါင်းပြီး ခံစားရပါတယ်။ ကွမ်းစားတဲ့ ဆိုးကျိုးအနေနဲ့ ထင်သာမြင်သာအရှိဆုံးက သွားနဲ့ခံတွင်း ကျန်းမာရေး ထိခိုက်တာပါပဲ။ ကွမ်းဝါးတာကြောင့် သွားတွေ လှုပ်လာတာ၊ ကျိုးလွယ်တာ၊ ပဲ့ထွက်တာတွေဖြစ်နိုင်ပါတယ်။ သွားတွေ ကျဲသွားတာကြောင့် အစာညှပ်လွယ်ပြီး သွားပိုးစားတာမျိုး ပိုဖြစ်နိုင်ပါတယ်။ ခံတွင်းရဲ့ အပေါ်ယံအရေပြားအလွှာတွေလည်း စုတ်ပြဲသွားပြီး Chemical တွေကို ခံတွင်းနဲ့ တိုက်ရိုက်ထိတွေ့စေကာ ကင်ဆာဖြစ်နိုင်ခြေကို အဆမတန် မြင့်တက်စေပါတယ်။ အရသာခံစားတဲ့ အာရုံကြောတွေဟာလည်း ကွမ်းဂျိုးတစ်ထပ်ဖုံးနေလို့ ဘာစားစား သိပ်ခံတွင်းမတွေ့တတ်ကြတော့ပါဘူး။ ကွမ်းဂျိုးတက်နေတဲ့ သွားတွေဟာ အလှအပအတွက်လည်း မကောင်းပါဘူး။ နောက်တစ်ခုက ကွမ်းငုံတာပါ။ ကွမ်းယာဝါးပြီး ထွေးထုတ်တာထက် ပိုဆိုးပါတယ်။ ခံတွင်းကို ကွမ်းယာထဲပါတဲ့ ဓါတုပစ္စည်းတွေနဲ့ အချိန်ကြာကြာ ထိတွေ့စေတာမျိုး ဖြစ်စေပြီး ကင်ဆာဖြစ်နိုင်ခြေကို ပိုမြင့်တက်စေနိုင်ပါတယ်။ ကွမ်းငုံပြီး အိပ်ပျော်သွားတာမျိုးတွေဟာလည်း အင်မတန် အန္တရာယ်များတဲ့အခြေအနေပါပဲ။ ဝါးထားတဲ့ ကွမ်းသီး၊ ကွမ်းရွက်အပိုင်းအစတွေဟာ အိပ်ပျော်နေရင်း အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတတ်ပါတယ်။ ကွမ်းသီးတယ်လို့ အသိများကြတာပေါ့။ ပုံမှန်ကွမ်းဝါးရင်း စကားပြောတဲ့အခါလည်း ဖြစ်တတ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲ ပြင်ပပစ္စည်းတစ်ခုဝင်လာရင် အဆုတ်ထဲက ပြန်ထုတ်ဖို့အတွက် ခန္ဓာကိုယ်က ချောင်းဆိုးထုတ်ပါတယ်။ အသက်ရှူလမ်းကြောင်းထဲ ဝင်သွားတဲ့ ကွမ်းယာရဲ့ အပိုင်းအစအများကြီးဟာ အကုန်စင်အောင် ချောင်းပြန်ဆိုးထုတ်ဖို့ မဖြစ်နိုင်ပေမယ့် ခန္ဓာကိုယ်ကလည်း အဆုတ်ထဲက ပစ္စည်းတွေ မကုန် ကုန်အောင် ချောင်းဆိုးထုတ်မှာပါ။ ဆက်တိုက်ချောင်းဆိုးနေတဲ့ အခါမှာ အသက်ရှူဖို့အချိန်မရတော့ပဲ လေပြွန်တွေပိတ်သွားပြီး အသက်အန္တရာယ်ရှိတဲ့ အခြေအနေမျိုးကို ချက်ချင်းရောက်သွားနိုင်ပါတယ်။

နီကိုတင်းရဖို့အတွက် သုံးကြတဲ့ အခုခေတ်ပေါ်ပစ္စည်းတစ်ခုကတော့ V**e ပါပဲ။ ဆေးလိပ်သောက်တာလောက် အန္တရာယ်မများဘူး ပြောနေကြသလို ဆေးလိပ်လိုပဲ အန္တရာယ်ရှိတယ်လို့ လည်းပြောကြပါတယ်။ အမျိုးအမည်ပေါင်း ထောင်နဲ့ချီရှိတဲ့ V**e ဆေးရည်တွေမှာ ပါဝင်ပစ္စည်းမျိုးကွဲတွေကလည်း အများအပြားပါပဲ။ အဲဒီပါဝင်ပစ္စည်းတွေရဲ့ ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုတိုင်းကို သိပ္ပံနည်းကျ လေ့လာမှုတွေ လုပ်လို့မကုန်သေးတာကြောင့် ဆေးလိပ်နဲ့ယှဉ်ရင် ဆိုးကျိုးနည်းတယ် များတယ် ကောက်ချက်ချဖို့ အချိန် လိုနေသေးတာလည်း ဖြစ်နိုင်ပါတယ်။ ဆေးလိပ်လောက် ဘေးထွက်ဆိုးကျိုး မများခဲ့ရင်တောင် နီကိုတင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ မလွဲမသွေ ခံစားရမှာ သေချာပါတယ်။ နောက်တစ်ခုက ဆေးလိပ်လို အနံ့မပြင်းတဲ့အတွက် အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက်က လက်တည့်စမ်းဖို့ ပိုလွယ်ကူလာပါတယ်။ ခေတ်အရ ဖက်ရှင်ပစ္စည်းတစ်ခုလို ဖြစ်နေတာကိုလည်း သတိထားရပါမယ်။ အရွယ်ရောက်ပြီး ဆေးလိပ်သောက်သူတွေအတွက် V**e ဟာ ဆေးလိပ်အစားထိုး ရွေးချယ်စရာ တစ်ခုဖြစ်နေပေမယ့် ကလေးတွေအတွက်ကတော့ V**e ဟာ ဆေးလိပ်နဲ့ အတူတူပါပဲ။ ဆေးလိပ်လိုပဲ စိတ်ခံစားချက်ကိုပေးပြီး ဆေးလိပ်လိုပဲ စွဲလမ်းစေပါတယ်။ V**e ဟာ ကလေးတွေ ဖက်ရှင်ပစ္စည်းတစ်ခုအနေနဲ့ သုံးရမယ့် ပစ္စည်းတစ်ခု မဟုတ်ပါဘူး။ ဒါကို မိဘတွေ အနေနဲ့ သတိထားရပါမယ်။

Zarni Win Telehealth.

ပါးချိတ်ရောင်ခြင်း       ကလေးတွေမှာ အဖြစ်များတဲ့ရောဂါတစ်ခုပေါ့ဗျာ။ ကလေးတွေမှာ အဖြစ်များပေမယ့် အရွယ်ရောက်ပြီး လူကြီးတွေမှ...
03/10/2024

ပါးချိတ်ရောင်ခြင်း
ကလေးတွေမှာ အဖြစ်များတဲ့ရောဂါတစ်ခုပေါ့ဗျာ။ ကလေးတွေမှာ အဖြစ်များပေမယ့် အရွယ်ရောက်ပြီး လူကြီးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဗိုင်းရပ်စ် ရောဂါတွေရဲ့ ထုံးစံအတိုင်း ကုသဖို့ ဆေးမရှိပဲ ကိုယ်ခံအားက ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်နှိမ်နင်း နိုင်ဖို့အတွက် အချိန်တစ်ခု စောင့်ရတတ်ပါတယ်။

ပါးချိတ်ရောင်ရောဂါဟာ Paramyxoviruses လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့် ဖြစ်ရတာပါ။ အဆိုပါ ဗိုင်းရပ်စ်တွေဟာ အသက်ရှူလမ်းကြောင်း မှတစ်ဆင့် ပြန့်ပွား ကူးစက်ကြပါတယ်။ ချောင်းဆိုးတာ၊ မျက်နှာချင်းဆိုင်စကားပြောတာကနေ အဓိက ပျံ့ပွားကူးစက် တတ်ပါတယ်။ ဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ်ထဲ ရောက်လာပြီဆိုရင် အဓိက ခိုအောင်းတတ်တဲ့ နေရာတွေကတော့ ပြန်ရည်ကြောဂလင်း နဲ့ သွားရည်ဂလင်း တွေမှာဖြစ်ပါတယ်။ အခြားခိုအောင်းနိုင်တဲ့ နေရာတွေကတော့ ဝှေးစေ့၊ မုန့်ချိုအိတ်၊ သားဥအိမ်၊ ကျောက်ကပ် နဲ့ ဦးနှောက်အမြှေးပါး တို့ပဲ ဖြစ်ကြပါတယ်။ ဗိုင်းရပ်စ်ပိုး ခိုအောင်းဖို့ ရာခိုင်နှုန်းအများဆုံးဖြစ်တဲ့ သွားရည်ဂလင်းတွေဟာ ကျွန်တော်တို့ခန္ဓာကိုယ် နေရာ ၃ခုမှာ ရှိပါတယ်။ လျှာအောက်မှာ ၁စုံ၊ မေးရိုးအောက်မှာ ၁စုံ နဲ့ ပါးအောက်မှာ ၁စုံပါ။ ဗိုင်းရပ်စ်ပိုး တွေဟာ အဆိုပါ သွားရည်ဂလင်းတွေမှာ အချိန် ၃ပတ်ကျော်လောက်အထိ ခိုအောင်းပြီး မျိုးပွားပါတယ်။ အင်အားတောင့်လာပြီဆိုမှ ရောဂါလက္ခဏာတွေ စပေါ်လာမှာ ဖြစ်ပါတယ်။

ပါးချိတ်ရောင်ရောဂါရဲ့ အစောပိုင်း လက္ခဏာတွေဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၃ပတ်ခန့် အကြာမှာ ပေါ်လာတတ်ပါတယ်။ အစောပိုင်း လက္ခဏာတွေဟာ သာမန်ရာသီတုပ်ကွေး လက္ခဏာတွေနဲ့ တူတူပဲဖြစ်ပြီး ဖျားမယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်လက် နာကျင်ကိုက်ခဲမယ်၊ အစားအသောက်ပျက်မယ် ဒီလောက်ပဲဖြစ်တတ်ပါတယ်။ အစောပိုင်းလက္ခဏာတွေပေါ်လာပြီး ရက်ပိုင်းအတွင်းမှာမှ ပါးတစ်ဖက်တည်း သော်လည်းကောင်း၊ ပါး၂ဖက်လုံး သော်လည်းကောင်း ရောင်လာတတ်ပါတယ်။ အဲ့လို ပါးကြီးရောင်လာမှပဲ ပါးချိတ်ရောင်တာပါလား လို့ သိကြရပါတယ်။ ခေတ်မှီတဲ့ နိုင်ငံတွေမှာတော့ ပါးချိတ်ရောင်တာကို သွားရည်ကိုစစ်ဆေးတာ နဲ့ သွေးစစ်တာတို့ လုပ်ပြီး အတည်ပြုကြပါတယ်။

ပါးချိတ်ရောင်ပြီဆိုရင် ‌ရောင်နေတဲ့ နေရာဟာ နာနေတတ်ပါတယ်။ ဒီနေရာမှာ တစ်ချက်သတိထားကြဖို့ လိုတာက ရောင်နေတဲ့ နေရာကို နှိပ်နယ်တာ၊ ဆေးပူတွေလိမ်းတာမျိုး မလုပ်မိကြဖို့ လိုပါတယ်။ ရောင်နေတဲ့ အကျိတ် ပိုဆိုးသွားတတ်ပါတယ်။ တစ်ချို့က မိရိုးဖလာ မန်းမှုတ်ကြ ဘာမှန်းမသိတဲ့ အရွက်တွေ ဆေးတွေ အုံထည့်ကြနဲ့ မလိုအပ်ပဲ အရေပြားပိုးဝင်တာ၊ အရေပြားလောင်တာတွေပါ ဖြစ်သွားတတ်ကြတာမျိုး ရှိပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ပါးချိတ်ရောင်ရောဂါဟာ ဘာမှမလုပ်ပဲ ဒီအတိုင်းထားလည်း အချိန်တန်ပြန်ကောင်းမှာ ဖြစ်ပါတယ်။ ကိုယ်ခံအားအပေါ်မူတည်ပြီး အနှေးနဲ့ အမြန်ပြန်ကောင်းမှာပါ။ ဒါကို မသိလိုက်ပဲ ပေါက်ကရ ကုသမှုတွေ ခံယူမိလို့ နောက်ဆက်တွဲတွေ လိုက်ကုရတာလည်း ဒုနဲ့ဒေး ရှိတတ်ပါတယ်။

ကုသမှုအနေနဲ့ကတော့ ဗိုင်းရပ်စ်ပိုးကို တိုက်ရိုက် ဖျက်ဆီးတာမျိုး မရှိသေးပါဘူး။ ဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်ပေးမယ့် ကိုယ်ခံအား အားကောင်းနေရအောင် စားသောက်နေထိုင်ဖို့ကိုပဲ အဓိက လုပ်ကြရပါတယ်။ အရည်များများသောက်မယ်၊ အားရှိတာတွေစားပြီး ကောင်းကောင်း အနားယူမယ်၊ ဖျားတာ၊ အကျိတ်ရောင်တာအတွက် ပါရာစီတမောလို အကိုက်အခဲပျောက်ဆေး အပျော့စားလေးတွေသောက်မယ်၊ ကိုယ်ခံအား ကောင်းမွန်ရအောင် Vitamin C အားဆေးလေးတွေသောက်မယ် ဒီလောက်ပါပဲ။ ရောင်ပြီး နာနေတဲ့အကျိတ် အနာသက်သာရအောင် ရေနွေးစိမ်အဝတ်ကပ်ပေးတာ၊ ရေခဲစိမ်အဝတ် ကပ်ပေးတာမျိုး လုပ်ပေးလို့ရပါတယ်။ ဝှေးစေ့ရောင်တာ အတွက်တော့ ရေခဲစိမ်အဝတ်ကပ်ပေးတာ ပိုကောင်းပါတယ်။ ပါးချိတ်ရောင်ဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းကတစ်ဆင့် လွယ်လွယ်ကူကူ ကူးစက်တတ်တဲ့ ရောဂါဖြစ်လို့ မိမိကလေး ပါးချိတ်ရောင်နေတယ်ဆိုရင် ကျောင်းပေးမသွားပဲ အိမ်မှာပဲ နားနေစေတာမျိုးတော့ ဂရုစိုက်ပေးဖို့လိုပါတယ်။

ပါးချိတ်ရောင်ရောဂါဟာ များသောအားဖြင့် လက္ခဏာ အပျော့စားတွေလောက်ပဲ ခံစားရတတ်ပြီး ၂ပတ်အတွင်း သူ့ဘာသူ ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမယ့် တစ်ချို့ကိုယ်ခံအား အားနည်းသူတွေမှာတော့ ဗိုင်းရပ်စ် ခိုအောင်းတဲ့ နေရာအပေါ်မူတည်ပြီး နောက်ဆက်တွဲတွေ ရှိတတ်ကြပါတယ်။ အဲဒါတွေကတော့ ဝှေးစေ့ရောင်တာ၊ သားဥအိမ်ရောင်တာ၊ မုန့်ချိုအိတ်ရောင်တာ၊ ဦးနှောက်အမြှေးပါးရောင်တာ နဲ့ အကြားအာရုံချို့ယွင်းတာတို့ ဖြစ်တတ်ကြပါတယ်။ ဒီလက္ခဏာတွေဟာလည်း ကိုယ်ခံအားက ဗိုင်းရပ်စ်ပိုးကို နိုင်သွားပြီဆိုတာနဲ့ ပြန်သက်သာသွား တတ်ကြပါတယ်။

အချုပ်အနေနဲ့ သိထားသင့်တဲ့အချက်တွေကတော့ ပါးချိတ်ရောင်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ရောဂါတစ်ခုဖြစ်ပြီး အသက်ရှူလမ်းကြောင်းကတစ်ဆင့် ပျံ့ပွားကူးစက်ပါတယ်။ အချိန်တန်ရင် သူ့ဘာသူ ပြန်ကောင်းမယ့် ရောဂါတစ်ခုဖြစ်ပြီး မန်းမှုတ်တာ၊ နှိပ်နယ်တာ၊ ဆေးလိမ်းတာ၊ အရွက်အုံတာတွေဟာ ပါးချိတ်ရောင်ရောဂါ ပြန်ကောင်းစေဖို့ အထောက်အကူ မဖြစ်စေပါဘူး။ ပါးချိတ်ရောင်ရောဂါဟာ ကူးစက်ပျံ့ပွားလွယ်ပြီး မိမိရင်သွေးသော်လည်းကောင်း၊ မိမိကိုယ်တိုင်သော်လည်းကောင်း ပါးချိတ်ရောင်ရောဂါ ခံစားနေရပါက တစ်ခြားလူကို မကူးစက်စေဖို့အတွက် လူထူထပ်တဲ့နေရာတွေကို ရှောင်ကျဉ်ပြီး သတိထားနေထိုင်သင့်ပါတယ်။

Zarni Win Telehealth.

အူရောင်ငန်းဖျား (Typhoid Fever)       ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတဲ့ ထောင်သောင်းမကသော ရောဂါပိုးမွှားတွေဟာ ခန္ဓာကိုယ်အထဲ...
01/10/2024

အူရောင်ငန်းဖျား (Typhoid Fever)
ပတ်ဝန်းကျင်မှာ အမြဲတမ်းရှိနေတဲ့ ထောင်သောင်းမကသော ရောဂါပိုးမွှားတွေဟာ ခန္ဓာကိုယ်အထဲကိုရောက်ဖို့ အချိန်ပြည့် နည်းမျိုးစုံနဲ့ ကြိုးစားနေကြပါတယ်။ မျက်စိနဲ့မမြင်ရပေမယ့် ရောဂါပိုးမွှားတွေဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ အပြည့်ပါပဲ။ ဘာလို့ ခန္ဓာကိုယ်ထဲ အလွယ်တစ်ကူ မရောက်နိုင်လဲဆိုတော့ အရေပြားလိုမျိုး သဘာဝ အကာအကွယ်တွေ ရှိနေလို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မေးခိုင်ပိုးလိုမျိုး၊ ခွေးရူပြန်ရောဂါပိုးလိုမျိုး၊ အသည်းရောင်အသားဝါ ဘီ၊ စီ လိုမျိုး ရောဂါပိုးအများအပြားဟာ အရေပြားပြဲသွားတဲ့ အချိန်မှာမှ ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ရောဂါဖြစ်‌စေတာ ဖြစ်ပါတယ်။

အရေပြားကလွဲရင် နောက်ထပ်ရောဂါပိုး ဝင်ရောက်နိုင်တဲ့ နေရာတွေကတော့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်းရှိနေတဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်၊ နား၊ လိင်အင်္ဂါ၊ စအို စတဲ့ အပေါက်တွေကနေ ဝင်နိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်ရဲ့ သဘာဝအပေါက်တွေမှာလည်း ရောဂါပိုးမွှား စစ်ထုတ်တဲ့ လုပ်ငန်းစဉ်တွေ ရှိပြီးသားပဲ ဖြစ်ပါတယ်။ ဥပမာ - မျက်စိမှာဆိုရင် မျက်ခွံနဲ့အုပ်ထားတယ်၊ မျက်ရည်ထွက်တတ်တယ်၊ နှာခေါင်းမှာဆိုရင် နှာခေါင်းမွှေးတွေက ဖုန်မှုန့်နဲ့ ရောဂါပိုးတွေကို အသက်ရှူလမ်းကြောင်းထဲ မရောက်သွားအောင် တားထားပေးတယ်၊ ပါးစပ်မှာဆိုရင်လည်း ပိတ်ထားလို့ရတဲ့ နှုတ်ခမ်းရှိတယ်၊ တံတွေးရှိတယ် စသည်ဖြင့်ပေါ့လေ ပြင်ပ ပစ္စည်းတွေ ခန္ဓာကိုယ်ထဲ တိုက်ရိုက်မရောက်အောင် ကာကွယ်ပေးတဲ့ အကာအကွယ်တွေက သဘာဝအတိုင်း ရှိပြီးသားပါပဲ။ ဒါပေမယ့်ပေါ့လေ ခန္ဓာကိုယ်ရဲ့ သဘာဝ ဝင်ပေါက်တွေကတစ်ဆင့် ရောဂါပိုးတွေကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ ခန္ဓာကိုယ်ထဲ ရောက်အောင်ပို့မိ တတ်ကြပါသေးတယ်။ အဖြစ်အများဆုံးက ပါးစပ်ပေါက်ပေါ့ဗျာ။ အထူးသဖြင့် အစာစားရင်းနဲ့ သော်လည်းကောင်း၊ ရေသောက်ရင်း သော်လည်းကောင်း အစားအသောက်နဲ့အတူ ရောဂါပိုးတွေက ခန္ဓာကိုယ်ထဲ ရောက်လာရတာမျိုး ရှိပါတယ်။ စားရင်းသောက်ရင်း ရောက်လာမယ့် ရောဂါပိုးတွေကို ကာကွယ်တဲ့ အကာအကွယ်လည်း ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ထပ်ရှိပါသေးတယ်။ အစာအိမ်ထဲက အစာခြေအရည်ပါ။ အစာခြေအရည်ဟာ အက်စစ်တစ်မျိုးဖြစ်ပြီး အစာအိမ်နံရံတွေကပဲ ခံနိုင်ရည်ရှိတဲ့အထိ ပြင်းထန်ပါတယ်။ တော်ရုံရောဂါပိုးတွေကတော့ အစာအိမ်ထဲရောက်တာနဲ့ အစာခြေရည်နဲ့တွေ့ပြီး ပျက်စီးကုန်တာပါပဲ။ ဒါပေမယ့် အစာအိမ်ထဲ ရောက်လာပြီး အစာခြေရည်နဲ့လည်း မပျက်စီးပဲ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ရောဂါပိုးတွေလည်း အများအပြားရှိပါသေးတယ်။ အဲဒီရောဂါပိုးတွေထဲမှာမှ Salmonella typhi လို့ခေါ်တဲ့ ဘက်တီးရီးယား တစ်မျိုးကြောင့်ဖြစ်တဲ့ အူရောင်ငန်းဖျားရောဂါအကြောင်း ဒီနေ့ပြောပြပါ့မယ်။

‌အူရောင်ငန်းဖျားရောဂါပိုးဟာ ကျွန်တော်တို့ခန္ဓာကိုယ်ထဲကို ပါးစပ်ပေါက်ကတစ်ဆင့် ဝင်ရောက်ပြီးတော့ မစင်စွန့်ရာကနေ အဓိကပြန်ထွက်ပြီး အပေါ့သွားတာ ကနေပြီးတော့လည်း အနည်းငယ် ပြန်ထွက်နိုင်ပါတယ်။ ပြန်ထွက်တယ်ဆိုတာ ခန္ဓာကိုယ်ထဲက အပြီးထွက်သွားပြီး ရောဂါပိုးမရှိတော့ဘူးလို့ ပြောတာမဟုတ်ဘူးနော်။ ပြန်ထွက်ပြီး နောက်တစ်ယောက်ကို ထပ်ကူးစက်စေတာ ဖြစ်ပါတယ်။ မစင်စွန့်တာနဲ့ ဆီးသွားတာကနေတစ်ဆင့် ရောဂါပိုး ပြန်ထွက်တယ်ဆိုကတည်းက ကျွန်တော်တို့ စတင်ကူးစက်ခံရတာကလည်း ရောဂါပိုးရှိတဲ့ မစင် ဒါမှမဟုတ် ဆီးကို ပါးစပ်ထဲ ထည့်မိတာကနေ ကူးစက်တာလို့ သဘောပေါက်နိုင်ပါတယ်။ ဘယ်သူကမှတော့ မစင်မစားဘူး၊ ဆီးမသောက်ဘူးဆိုတာက အသိသာကြီးပဲလေနော့။ အဲ့တော့ ဒီရောဂါပိုးက ဘယ်လိုကျွန်တော်တို့ ခန္ဓာကိုယ်ထဲရောက်လာမလဲဗျာ။ မစင်စွန့်၊ ဆီးသွားပြီး ဆပ်ပြာနဲ့လက်မဆေးတဲ့ ရောဂါပိုးရှိနေသူက ပြင်ဆင်ချက်ပြုတ်တဲ့ အစားအစာကိုသော်လည်းကောင်း ဖျော်ရည်သော်လည်းကောင်း သောက်မိရာကနေ ရောဂါပိုးရနိုင်သလို ရောဂါပိုးရှိနေတဲ့ အရာဝတ္ထုကို ကိုင်မိထားပြီး ဆပ်ပြာနဲ့ လက်မဆေးပဲ အစာစားမိရင်လည်း ရောဂါပိုး ရနိုင်ပါတယ်။ ဒါကြောင့် ရောဂါပိုးကို ခန္ဓာကိုယ်ထဲ ရောက်အောင် ကျွန်တော်တို့ ကိုယ်တိုင်ပဲ ပို့မိတာလို့ ပြောတာဖြစ်ပါတယ်။

အူရောင်ငန်းဖျား ရဲ့ ရောဂါလက္ခဏာတွေဟာ တစ်ခြားရောဂါတွေနဲ့ သိသိသာသာ ထူးခြားကွဲပြားတာမျိုး မရှိတတ်ပါဘူး။ ဒါပေမယ့် သတိထားမိရင် သိသာမယ့် တစ်ချက် ရှိပါတယ်။ အဲဒါကတော့ အဖျားဆက်တိုက် တက်တာပါ။ အူရောင်ငန်းဖျားရဲ့ အစောပိုင်း လက္ခဏာအနေနဲ့ စစဖျားချင်းမှာ နည်းနည်းပဲဖျားပေမယ့် တဖြည်းဖြည်းနဲ့ အဖျားဆက်တိုက် တက်ပါတယ်။ အဖျားတစ်ချက် ပြန်ကျတာမျိုး မရှိတတ်ပါဘူး။ စဖျားကတည်းက ဆက်တိုက်ပဲ အဖျားတက် တတ်ပါတယ်။ ကျန်တဲ့လက္ခဏာတွေအနေနဲ့ ချမ်းတုန်နေမယ်၊ ခေါင်းကိုက်မယ်၊ ကိုယ်လက်နာပြီး ခြေလက်တွေ မသယ်ချင်ဖြစ်နေမယ်၊ ဗိုက်နာမယ်၊ ဝမ်းပျက်မယ်၊ အန်မယ်၊ အရေပြားမှာ အနီကွက်တွေ ပေါ်လာတာမျိုး ဖြစ်ပါတယ်။ အူရောင်ငန်းဖျားမှာ အဖြစ်နည်းပေမယ့် ချောင်းဆိုးတာ၊ အစားသောက်ပျက်တာနဲ့ ချွေးစေးပြန်တာမျိုးလည်း ဖြစ်တတ်ပါသေးတယ်။ ထိရောက်တဲ့ ကုသမှုမခံယူရဘူး ဆိုရင်တော့ ရက်အနည်းငယ်အတွင်းမှာ အူလမ်းကြောင်း ပြဿနာတွေ ခံစားရလာနိုင်ပါတယ်။ အဲဒါတွေကတော့ အပြင်းအထန် ဗိုက်နာမယ်၊ အစာအိမ်ရောင်မယ်၊ အူလမ်းကြောင်းက ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်တစ်ခုလုံး ပြန့်သွားပြီး ပိုးဆိပ်တက်တဲ့ အခြေအနေကို ရောက်ရှိပြီး သတိမကောင်းတာ၊ စကား ကောင်းကောင်း မပြောနိုင်တော့တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ပိုးဆိပ်ပြန့်တဲ့ အခြေအနေဟာ အသက်အန္တရာယ်ရှိနိုင်တဲ့ အရေးပေါ်အခြေအနေဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ သတိထားကြည့်သင့်တာက လျှာမှာ အလွှာတစ်ထပ် ဖြူနေတတ်တာပါ။ လျှာဖြူနေတာက အူရောင်ငန်းဖျားရဲ့ လက္ခဏာလို့ ပုံသေပြောလို့မရပေမယ့် အဖျားကလည်း ဆက်တိုက်တက်မယ်၊ ဝမ်းလည်းပျက်၊ အန်လည်းအန်၊ ဗိုက်လည်းနာပြီး လျှာလည်း အလွှာတစ်ထပ် ဖြူနေတယ်ဆိုရင်တော့ အူရောင်ငန်းဖျား ဖြစ်နိုင်ပါတယ်။

အူရောင်ငန်းဖျားရောဂါကို ရောဂါရာဇဝင် နဲ့ ရောဂါလက္ခဏာ အပေါ်မူတည်ပြီး ခန့်မှန်းလို့ရနိုင်ပေမယ့် ရောဂါအတည်ပြုဖို့ အတွက်တော့ သွေးစစ်ကြည့်ဖို့ လိုပါတယ်။ သွေးစစ်ဖို့ ဓါတ်ခွဲခန်း မလွယ်ကူတဲ့ နေရာဒေသတွေမှာတော့ ရောဂါလက္ခဏာအပေါ် မူတည်ပြီးတော့ပဲ ကုသမှု ပေးရတာမျိုးတွေလည်း ရှိနိုင်ပါတယ်။
အူရောင်ငန်ဖျားရောဂါဟာ ပဋိဇီဝဆေး သောက်ဖို့ သေချာပေါက် လိုအပ်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဆရာဝန်က သင့်တော်တဲ့ ပဋိဇီဝဆေးတွေ သောက်ဖို့ ညွှန်ကြားတဲ့ အခါမှာလည်း အချိန်မှန်မှန် သေသေချာချာသောက်ဖို့ လိုအပ်ပါတယ်။
နောက်ထပ်လိုအပ်တဲ့ ကုသမှုတစ်ခုကတော့ ခန္ဓာကိုယ်ကို ရေဓါတ် ပြန်ဖြည့်ပေးတာပဲ ဖြစ်ပါတယ်။ အူလမ်းကြောင်းရောင်ရမ်းနေပြီး အလုပ်ကောင်းကောင်း မလုပ်နိုင်တဲ့ အခါမှာ ဝမ်းပျက်ဝမ်းလျှောတာနဲ့ အန်တာတွေကြောင့် ခန္ဓာကိုယ်က ရေဓါတ်တွေ ဆုံးရှုံးရပါတယ်။ ဒါကြောင့် ရေဓါတ်ပြန်ဖြည့်ပေးဖို့ လိုအပ်လာတာဖြစ်ပါတယ်။ သိပ်မပြင်းထန်သေးတဲ့ အူရောင်ငန်ဖျားရောဂါဟာ ပဋိဇီဝဆေး သောက်ရုံ၊ ဓါတ်ဆားသောက်ရုံ နဲ့ သက်သာနိုင်ပေမယ့် ရောဂါပြင်းထန်နေရင်တော့ ထိုးဆေး လိုအပ်လာနိုင်ပါတယ်။
အူရောင်တာ ပြင်းထန်နေတဲ့ အခြေအနေမှာ ပါးစပ်က သောက်လိုက်တဲ့ ဆေးတွေဟာ အူလမ်းကြောင်းကတစ်ဆင့် ခန္ဓာကိုယ်ထဲရောက်ရှိဖို့ ခက်ခဲလာတာကြောင့် သွေးကြောထဲ တိုက်ရိုက်ထည့်ပေးဖို့ လိုအပ်လာတာ ဖြစ်ပါတယ်။ ပဋိဇီဝဆေး ထိုးဖို့ လိုအပ်လာရင်တော့ ဆေးရုံတက်ပြီး ကုသမှုခံယူမှပဲ အဆင်ပြေနိုင်ပါတယ်။ အူရောင်တာ ပြင်းထန်ဆိုးရွားလွန်းတဲ့ အခြေအနေတွေမှာ ဆိုရင်တော့ ပိုးဝင်ပြီးပျက်စီးနေတဲ့ အူအစိတ်အပိုင်းကို ခွဲစိတ်ဖြတ်ထုတ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။

အူရောင်ငန်းဖျားရောဂါမဖြစ်ရအောင် သေသေချာချာ ချက်ပြုတ်ထားတဲ့ အစားအစာတွေပဲစားပါ။ သောက်ရေသန့် သောက်ပါ။ သောက်ရေသန့်မရနိုင်ရင် ရေကို ကျိုချက်ပြီးသော်လည်းကောင်း ပိုးသတ်ပြီးသော်လည်းကောင်း သန့်ရှင်းအောင်ပြုလုပ်ပြီးမှ သောက်ပါ။ ရေသန့်ရေခဲပဲ စားပါ။ အစားအစာ ပြင်ဆင်ချက်ပြုတ်မှု မလုပ်ခင်၊ အစာမစားခင်၊ အပေါ့အလေးသွားပြီးတိုင်း မှာ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးပါ။ အသီးအရွက်တွေကို အစိမ်းစားတော့မယ်ဆိုရင် သတိထားပါ။ ဖြစ်နိုင်ရင် အစိမ်းစားမယ့် အသီးအနှံတွေကို အခွံခွာပြီးမှ စားပါ။ နို့အစိမ်း သောက်တာ၊ နို့အစိမ်းကနေ ပြုလုပ်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။ ကြိုချက်ထားတဲ့နို့၊ ပိုးသတ်ထားတဲ့နို့ ကိုသာသောက်ပါ။
အူရောင်ငန်ဖျား ဖြစ်နေတဲ့လူတွေအနေနဲ့ကတော့ ဆရာဝန်ညွှန်ကြားတဲ့ ပဋိဇီဝဆေးတွေကို ညွှန်ကြားတဲ့အတိုင်း သေသေချာချာသောက်ပါ။ မကြာခဏ လက်ဆေးပါ။ တစ်ခြားလူကို ကူးစက်တာမျိုး မဖြစ်စေဖို့အတွက် အစားအသောက် ပြင်ဆင်ချက်ပြုတ်တာမျိုး မလုပ်ပါနဲ့။

အူရောင်ငန်းဖျား ဖြစ်နေတဲ့လူတွေ အနေနဲ့ နလန်ထ မြန်စေဖို့အတွက် အစာပျော့ပျော့ပဲ စားသင့်ပါတယ်။ ပြင်းထန်အူရောင်ငန်းဖျားမှာတော့ အူရောင်တာ ပြင်းထန်တဲ့အတွက် ပါးစပ်ကနေဘာမှ မကျွေးတော့ပဲ သွေးကြောထဲကိုပဲ လိုအပ်တဲ့ အဟာရနဲ့ရေဓါတ်တွေဖြည့်ပေးတာမျိုး လုပ်ပေးဖို့လိုပါတယ်။ ဒါဟာ ဆေးရုံဆေးခန်းတွေမှာ ကုသပေးတဲ့ ဆေးထိုး၊ ဆေးချိတ် လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ပါတယ်။ အူရောင်ငန်းဖျားဖြစ်သူတွေ စားသင့်တဲ့အစာတွေအနေနဲ့ကတော့ -
• ဒိန်ချဉ် - ဒိန်ချဉ်မှာ ပရိုဘိုအိုတစ်ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်ပြီး အူလမ်းကြောင်း ပြသနာတွေအတွက် ကောင်းမွန်တဲ့ အစာတစ်မျိုးဖြစ်ပါတယ်။
• ဖရဲသီး၊ စပျစ်သီး - အူရောင်ငန်းဖျားရောဂါမှာ အစာကြေလွယ်တဲ့ အစားအစာတွေသာ စားဖို့ လိုအပ်ပါတယ်။ ဖရဲသီး နဲ့ စပျစ်သီးတို့မှာ ရေဓါတ်လည်းကြွယ်ဝစွာပါဝင်သလို Vitamin C, A နဲ့ B6 တို့လည်း ကြွယ်ဝစွာပါဝင်တာကြောင့် မြန်မြန် နလန်ထစေဖို့အတွက် အထောက်အကူ ပြုပါတယ်။
• အာလူးပြုတ် - အူရောင်ငန်းဖျားရောဂါမှာ ကစီဓါတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အာလူးမှာ ကစီဓါတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် အူရောင်ငန်းဖျား ဖြစ်နေသူတွေအတွက် သင့်တော်တဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။ အာလူးမှာ သံဓါတ်၊ ပိုတက်စီယမ် နဲ့ ဗီတာမင်စီတို့လည်း ပါဝင်တာကြောင့် အူရောင်ငန်းဖျား မြန်မြန် နလန်ထဖို့အတွက် အထောက်အကူပြုပါတယ်။
• ဆန်ပြုတ် - အစာကြေလွယ်ပြီး ကစီဓါတ်ကြွယ်ဝတဲ့ အတွက် အူရောင်ငန်းဖျားဖြစ်သူတွေ စားသင့်တဲ့ အစာတစ်မျိုးပဲ ဖြစ်ပါတယ်။
• ငှက်ပျောသီးမှည့် - ငှက်ပျောသီးဟာလည်း အစာကြေလွယ်ပြီး အဟာရဓါတ်ကြွယ်ဝတဲ့ အစာတစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်စီ၊ ပိုတက်စီယမ် နဲ့ အခြား ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် အူရောင်ငန်းဖျားဖြစ်သူတွေ မြန်မြန်နလန်ထအောင် စားပေးသင့်တဲ့ အစာတစ်မျိုးပဲ ဖြစ်ပါတယ်။
• အုန်းရေ - အုန်းရေဟာ ပိုတက်စီယမ်၊ မက်ဂနီဆီယမ် နဲ့ ဆိုဒီယမ်တို့ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကိုယ်ခံအားလည်း ကောင်းစေသလို ရေဓါတ် ပြန်ဖြည့်ပေးဖို့အတွက်လည်း အသုံးဝင်ပါတယ်။

အူရောင်ငန်းဖျားဖြစ်နေသူတွေဟာ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ စတာတွေကို အစိမ်းစားတာရှောင်သင့်ပါတယ်။ အူရောင်နေတဲ့အတွက် အူလမ်းကြောင်းမှာ ပိုပြီး ဝန်ပိစေနိုင်လို့ပဲဖြစ်ပါတယ်။ အခြောက်ခံထားတဲ့ အသီးတွေ၊ ဘယ်ရီသီးတွေ၊ နာနတ်သီး နဲ့ ကီဝီသီးတို့မှာ အမျှင်ဓါတ်တွေ ကြွယ်ဝတာကြောင့် အစာကြေဖို့လည်း ကြာပါတယ်။ ဒါကြောင့် အူရောင်နေတဲ့ အခြေအနေတွေမှာ ရှောင်သင့်ပါတယ်။ အစေ့အဆံတွေ၊ ပဲပင်ပေါက်တွေလည်း အစာကြေဖို့ ကြာတာကြောင့် ရှောင်သင့်ပါတယ်။ ငရုတ်ကောင်း၊ အစပ် နဲ့ အဆီများတဲ့ အစာတွေလည်း အူရောင်ငန်ဖျား ဖြစ်နေချိန်မှာ ‌ရှောင်သင့်ပါတယ်။

Zarni Win Telehealth.

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Zarni Win Telehealthผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์