02/05/2026
🌱“မပြောလည်း သိနေမှာပါ” ဆိုပေမယ့်လည်း…
တခါတလေမှာ ကျွန်မတို့က ကိုယ့်ဘေးမှာ အမြဲရှိနေတဲ့ အနီးဆုံးလူတွေအပေါ် “ချစ်ခင်ကြောင်း၊ ကျေးဇူးတင်ကြောင်း၊ တန်ဖိုးထားကြောင်း” တွေကို ဖော်ပြဖို့ရာ မေ့လျော့ကောင်းမေ့လျော့နေတတ်ကြပါတယ်။
အမြဲတမ်း အနီးမှာရှိနေခြင်းကပဲ…
“မပြောလည်း သိနေမှာပါ” လို့ ထင်ကောင်းထင်မိစေနိုင်တယ်။
ဒါပေမယ့်လည်း အနီးဆုံးဆက်ဆံရေးတွေမှာတောင် ကိုယ့်စိတ်ထဲက ခံစားချက်တွေ၊ တန်ဖိုးထားမှုတွေကို ထုတ်ဖော်ပြောဆိုမှုကပဲ “နားလည်မှုနဲ့ နွေးထွေးမှု” ကို ဆက်လက်ထိန်းထားပေးတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတတ်သေးတယ်။
ဒါ့ကြောင့် လက်ရှိအခိုက်အတန့်မှာ ကိုယ့်ဘေးမှာ ရှိနေတဲ့ ချစ်ရသူတွေ၊ မိသားစုတွေအပေါ် ကိုယ့်ရဲ့ တန်ဖိုးထားမှုကို နူးညံ့စွာ ဖော်ပြပေးနိုင်ပါတယ်။ သူတို့ရှိနေခြင်းဟာ
◻️ ကိုယ့်ဘဝမှာ အရေးပါကြောင်း၊
◻️ တန်ဖိုးထားစရာဖြစ်ကြောင်း၊
◻️ သူတို့ရဲ့ ကိုယ့်အပေါ် ဂရုတစိုက်ရှိတဲ့ efforts တွေကို ကိုယ့်အနေနဲ့ ကျေးဇူးတင်ကြောင်း ပွင့်လင်းစွာ ဖော်ပြပေးနိုင်ပါတယ်။
တချို့တွေ မနက်ကို ချိုင့်လေးဆွဲ အလုပ်ထွက်သွားပေမယ့် ဒီထမင်းဘူးလေးကို အမေက မနက်စောစောထချပေးတာမျိုးလည်း ဖြစ်နိုင်တယ်။
အစ်ကို/အစ်မတစ်ယောက်ရဲ့ ဖုန်းကို ကိုယ် မကိုင်မိလိုက်ပေမယ့် အလုပ်တွေရှိတောင် ငါ့မောင်လေး/ငါ့ညီမလေးကို ဖုန်းဆက်ရမယ်ဆိုတဲ့ အတွေးလေးနဲ့ ဆက်နေတာ ဖြစ်နိုင်တယ်။
ကိုယ့်အိမ်ထောင်ဘက်က ကိုယ့်ကို "အဆင်ပြေလား” လို့ မေးပေးနေပေမယ့် သူ့အလုပ်မှာ သူကိုယ်တိုင်အဆင်မပြေနေတာတွေကြုံနေရတာ ဖြစ်နိုင်တယ်။
တကယ်တော့ တချို့သောကိုယ်ရနေတဲ့ အရာလေးတွေဟာ တစ်ဘက်လူဘက်က အားထုတ် Effort ထည့်ဝင်ထားတဲ့ အရာလေးတွေဖြစ်နေနိုင်ပါတယ်။
တခါတလေ ပြီးပြည့်စုံမှုရှိတဲ့ စကားလုံးတွေမဟုတ်တောင် “စစ်မှန်တဲ့စိတ်ရင်း” တစ်ခုကို ဖော်ပြနိုင်ခြင်းကလည်း အချင်းချင်းကြား တန်ဖိုးထားမှုကို ပိုတည်တံ့နွေးထွေးစေနိုင်ပါတယ်နော်။
အဆုံးသတ်အနေနဲ့ကတော့…
🌱 ချစ်ခြင်း၊ တန်ဖိုးထားမှုတွေဟာ “ရှိနေခြင်းတစ်ခုတည်း” နဲ့ မလုံလောက်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။
🌱 တစ်ခါတလေ အဲဒီခံစားချက်တွေကို နူးညံ့စွာ ဖော်ပြပေးနိုင်ခြင်းကပဲ ဆက်ဆံရေးတွေအပေါ် ပိုမိုနီးကပ်စေလာအောင်၊ နားလည်မှုတိုးစေအောင်၊ နွေးထွေးမှုတွေ တည်တံ့စေအောင် ပံ့ပိုးပေးနိုင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်နေနိုင်ပါတယ်နော်။
မေတ္တာဖြင့်
Andrea
✅ လွတ်လပ်စွာ Share နိုင်ပါသည်။
⚠️ Copy ကူး၍ နာမည်ပြောင်းခြင်း ခွင့်မပြုပါ။