05/29/2026
ဖိုးမောင်လာပြီကဗျာနှင့် မင်းသုဝဏ် ရှင်းတမ်း
အထူးမှတ်ရန်
ဒီကဗျာကို သတ်ပုံပျက်တွေနဲ့ တင်ပြ၊ သင်ကြ၊ ထုတ်ဝေကြတာတွေက မူရင်းထက် အဆမတန် ပိုများတယ်။
(စ)
ဆရာတို့ငယ်စဉ်က အင်္ဂလိပ်စာမှာ(Ballad) ဘောလဒ်လို့ခေါ်တဲ့ ဝတ္ထုကြောင်းပါတဲ့ကဗျာ (Story poem)ကိုသင်ရတယ်။ ကျောင်းဆရာအနေနဲ့ ကဗျာသင်ပေးတဲ့အခါမှာလည်း ပျို့ကြီးတွေသင်ရတယ်။ စာပိုဒ်ရေ ၁၀၀၊၂၀၀ ပါတဲ့ ကဗျာရှည်ကြီးတွေဖြစ်ပြီး ဗုဒ္ဓဘာသာနိပါတ် ဇာတ်တော်တွေကိုမှီရေးတာဖြစ်လို့ အလယ်တန်း အထက်တန်းကျောင်းသားတွေကိုသင်ပေးဖို့မ
ဖြစ်နိုင်ဘူး။ဒါ့ကြောင့်ပုံပြင်ပါတဲ့ကဗျာတိုလေးတွေ သင်ပေးရရင်ကောင်းမယ် စိတ်ဝင်စားမယ်ဆိုတဲ့ ဆန္ဒနဲ့ ဒီကဗျာကိုရေးဖြစ်တာပါ။ ဆရာ့စေတနာက လူတိုင်းဟာ ကိုယ့်ရပ်ရွာ တမြေတည်းနေတရေတည်းသောက် အကျိုးကို ဆောင်ရွက်သင့်တယ်။ ကုဋေကဋာချမ်းသာတဲ့သူဋ္ဌေးတွေက ဇရပ်၊ ဆေးရုံ ကျောင်းဆောက်မှသာလျှင် တိုင်းပြည်အကျိုးဆောင်ရွက်တာမဟုတ်ဘူး။ တံငါသည် လေးတယောက်တောင်မှ ကိုယ့်ရပ်သူရွာသားများ ငါးစိမ်းငါးစိုစားရအောင်ဆောင်ရွက်နိုင်သေးတယ်။ ပြည်တွင်းစစ်မီးလောင်နေဆဲ တောကြောင်တွေ လက်ခမောင်းခတ်နေချိန်မှာ ကိုယ့်ရပ်ရွာကို ဓါးမြတွေ လက်ထဲမကျအောင် အသက်စတေးသွားရှာတယ်။ အဲ့ဒီလို ပရဟိတဆောင်ရွက်လိုစိတ်ရှိသူတွေ ဘယ်အဆင့်အတန်းဘယ်အလွှာမှာမဆို ရှိတယ်။ တိုင်းပြည်ကိုထူထောင်တဲ့နေရာမှာ ဒီလိုပုဂ္ဂိုလ်တွေ အများကြီးလိုတယ်။
ဒါ့ကြောင့်ကဗျာဝါသနာပါတဲ့ကျောင်းသူကျောင်းသားတွေ အဲ့ဒီစိတ်ပေါ်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတာဖြစ်တယ်ကဗျာရဲ့ပုံစံက ကဗျာပုံပြင်ပုံစံ၊ ရည်ရွယ်ချက်က ဖိုးမောင်လိုအညတရတံငါသည် တယောက်တောင်မှ ပြည်သူလူထုအကျိုးကိုသယ်ပိုးနိုင်တယ်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်တယ်။
(ဆရာမင်းသုဝဏ်ကိုယ်တိုင် ဖိုးမောင်လာပြီ ကဗျာရဲ့ပုံသဏ္ဍန်နှင့် ရည်ရွယ်ချက်ကို ပြောပြခဲ့ခြင်းဖြစ်ပါတယ်။)
"ဖိုးမောင်လာပြီ "
မှိုင်းညို ညဉ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြားကျယ်လောင် ဆီး၍ဟောင်သော်
"ဖိုးမောင်လာပြီ" ဆိုကြသည်။
ဟောင်သံရပ်၍
ထပ်ကြပ်ပေါ်လာ အသံမှာကား
"ညခါ ငါး-ထောင် မောင်ဖိုးမောင်သည်
ရွာ့တောင်ချောင်းက ပြန်ခဲ့ပြီ… " ။
ဖိုးမောင့်သံကြား ကင်းသမားက
တံခါးကြီးအောက် မလွယ်ပေါက်ကို
တယောင်ဝင်သာ ဖွင့်လိူက်ပါသော်
ယာတွင် အုပ်စောင်း ဝဲတက်ချောင်းနှင့်
ခါးစောင်း ကိုယ်ကိုင်း ငါးပလိုင်းကို
လွယ်သိုင်းပြီးလျှင် ရွာကိုဝင်သည်
လူပင်လေလား … တစ္ဆေလား … ။
တစ္ဆေမကြောက် မြွေမကြောက်ပဲ
တယောက်တည်းပင် ညဉ့်မှောင်တွင်၌
သူလျှင်ငါးရှာ မကျွေးပါက
တို့ရွာသူ/သား လူအများတို့
ငါးစို ငါးစိမ်း ငတ်ပေလိမ့် ။
ဆောင်းတည၌ …
ချမ်းမြစိမိ့အေး လခြမ်းကွေး၍
ရွာဘေးကျီပျက် မှောင်နက်နက်မှ
ဇီးကွက်ကအော် တောက်တဲ့ကြော်စဉ်
ရွာပေါ်လွှမ်းအောင် ဂုတ်ကြားဟောင်သည်
ဖိုးမောင်လာချိန် ပါတကား ။
သို့ဖြစ်ပါငြား ခါတပါးသို့
တံခါးဝင်လို သူမဆိုပဲ
"မောင်းကိုထုကာ လူစုပါလော့!
ရွာကိုဘေးမှ ကာကွယ်ကြလော့!
ဓါးပြငါ့အားဖမ်း၍ထား…" ဟု
ဒိုင်း …ဒုံး…ဒိန်း… သံ ရွာလုံးညံသည်
ချောင်းယံ ပဲ့တင် ထပ်ထပ်တည်း။
ဖိုးမောင့်နိဂုံး ဤတွင်ဆုံးလည်း
ရွာလုံးစိတ်တွင် ဖိုးမောင်ဝင်၍
ပဲ့တင်ထပ်ကာ ဟည်းလျှက်ပါတည့်
ဘယ်ခါမဆို ဆီးလင့်ကြိုသို့
မှိုင်းညိုညဉ့်ရိပ် လူခြေတိတ်၌
ရေဆိပ်အနား ရွာတံခါးမှ
ဂုတ်ကြား ကျယ်လောင်
ရမ်းယောင်ဟောင်လည်း
"ဖိုးမောင်လာပြီ" ဆိုမြဲပင် ။ ။
မင်းသုဝဏ်
ရည်ညွှန်း။ ဦးသန်းထွတ်(ပါမောက္ခငြိမ်း၊ ပညာရေးတက္ကသိုလ်) ရေးသားသော "ဇော်ဂျီ၊မင်းသုဝဏ်တို့၏ စာပေစကား" မှကောက်နှုတ်ဖော်ပြပါသည်။
(ဆုံး)
ဖိုးမောင်အစစ်ကား ဓါးပြလက်ချက်တဲ့ ကွယ်လွန်လေပြီ။
ဒေါက်တာတင့်ဆွေ