Counseling with Craton

Counseling with Craton Licensed psychotherapist, alcohol & drug counselor, writer, mental health advocate and educator

EMDR ဆိုတာ ထရာမာကို အဓိကထားပြီးကုသတဲ့ psychotherapy နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရှည်ကောက်က Eye Movement Desensitization and...
08/01/2025

EMDR ဆိုတာ ထရာမာကို အဓိကထားပြီးကုသတဲ့ psychotherapy နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အရှည်ကောက်က Eye Movement Desensitization and Reprocessing ပါ။ ထရာမာအပြင် စိတ်ကျရောဂါ၊ စိုးရိမ်ကြောင့်ကြလွန်ရောဂါ၊ OCD, Dissociative Disorders, Substance Use Disorder, Personality Disorders တချို့နဲ့ Eating Disorders တို့ကို ကုသပေးနိုင်ပါတယ်။ EMDR ဟာ တခြား therapy နည်းလမ်းတွေနဲ့မတူဘဲ လူနာက therapist ကို စကားပြောစရာ၊ talk therapy လုပ်စရာ မလိုပါဘူး။ ဟိုတစ်ခေါက် ကျွန်တော်ရေးပြဖူးတဲ့ neurofeedback ဦးနှောက်လေ့ကျင့်ခန်း နည်းလမ်းမှာလည်း စကားပြောဖို့မလိုပါဘူး။

၁၉၈၇ခုနှစ်မှာ EMDR ကို စပြီး clinical trial လုပ်ခဲ့တာပါ။ EMDR ကိုမွေးဖွားပေးခဲ့သူကတော့ အမေရိကန် Stanford တက္ကသိုလ်က စိတ်ပညာသုတေသီ Francine Shapiro ဖြစ်ပါတယ်။ အတိတ်မှာဖြစ်ခဲ့တဲ့ ထရာမာတွေ (traumatic events) တွေနဲ့ပတ်သက်တဲ့ ခံစားချက်တွေ၊ မှတ်ဉာဏ်တွေ (မှတ်မိတာရော၊ မမှတ်မိတာရော)၊ အသိနဲ့ အတွေးတွေကို ပြန်ခေါ်ပြီး desensitize and reprocess ပြန်လုပ်တာ၊ ပြောင်းလဲပစ်တာပါ။

ထရာမာရဲ့ မှတ်ဉာဏ်တွေကို ဦးနှောက်က သိုလှောင်ထားပါတယ်။ ထရာမာမှတ်ဉာဏ်တွေဟာ ပုံမှန်မှတ်ဉာဏ်တွေသိုလှောင်ပုံနဲ့ မတူဘဲ healing လုပ်ဖို့ခက်ခဲပြီး စကားလုံးနဲ့ဖော်ပြဖို့လည်း ခက်ခဲလေ့ရှိပါတယ်။ EMDR က အဲ့ဒီ ဦးနှောက်ထဲသိုလှောင်ထားတဲ့ ထရာမာမှတ်ဉာဏ်တွေကို သေချာစနစ်တကျ target ထားပြီး ကုသတာပါ။ Therapist ရဲ့ ညွှန်ကြားမှုအောက်မှာ လူနာရဲ့မျက်လုံးရွေ့လျားမှုနဲ့ မိန်းမောမှုကိုအသုံးချပြီး မသိစိတ်ထဲဆီကို ရောက်အောင်သွားပါတယ်။ အဲ့ဒီကနေမှ အဆင့် ၈ဆင့်နဲ့ တစ်ဆင့်ချင်းသွားပြီး ထရာမာကို ဦးနှောက်က နားလည်၊ မှတ်မိ၊ သိရှိထားပုံတွေကို ပြန်ပြင်ဆင်တာပါ။ သုတေသနများစွာလုပ်ထားပြီးဖြစ်လို့ အောင်မြင်မှု/ထိရောက်မှု ရာခိုင်နှုန်းများတဲ့ psychotherapy နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ခုနောက်ပိုင်း အတော်လေးလည်း တွင်ကျယ်ရေပန်းစားလာပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း အခု ဩဂုတ်လကနေ နိုဝင်ဘာလအထိ (၄)လတိတိ EMDR သင်တန်းကို အချိန်ပိုင်း တက်ရောက်သင်ကြားမှာဖြစ်ပြီး ဖတ်စာအုပ်တွေလည်း စဖတ်နေပါပြီ။ သင်တန်းကြေးကတော့ အတော်လေးများပါတယ်။ သင်တန်းဆင်းပြီးရင်တော့ EMDR နည်းလမ်းနဲ့ ကျွန်တော့် clients တွေကို စတင်ကုသပေးနိုင်တော့မှာ ဖြစ်ပါတယ်။ EMDR က ဒီသင်တန်းပြီးရုံနဲ့ မပြီးဆုံးဘဲ နောက်ထပ် advanced training ကို နောက်တစ်နှစ်နေရင် ဆက်တက်ရမှာပါ။ ဝါရင့် EMDR clinicians တွေနဲ့လည်း တစ်လ တစ်ကြိမ်နှစ်ကြိမ်ခန့် ကျွန်တော် supervision ဆက်ယူနေရမှာပါ။

Counseling with Craton

07/31/2025

ကိုယ့်ကိုနာအောင်ပြောဖူးသူတွေကို မမေ့တတ်ကြသလို သူတို့ပြောတဲ့စကားတွေဟာလည်း ကျွန်တော်တို့နားထဲမှာ စွဲနေလေ့ရှိတယ်။ နှစ်ပေါက်သည်အထိ မမေ့ကြဘူး။ အဲ့ဒီစကားလုံးတွေ၊ မျက်လုံးတွေကြောင့် တချို့က ဘဝပျက်သွားတယ်။ တချို့က မခံချင်စိတ်နဲ့ ပိုကြိုးစားပြီး အောင်မြင်အဆင်ပြေလာတယ်။ ဘယ်လိုပဲပြောပြော အဲ့ဒါတွေကို မေ့မရကြဘူး။ နှစ်အတန်ကြာအောင် အဲ့ဒီတုန်းက နာကျင် ရှက်ရွံ့အားငယ် သိမ်ငယ်မှုတွေကို ပြန်မှတ်မိနေသေးတယ်၊ ခံစားမိနေသေးတယ်ဆိုရင် သူ့ရဲ့အရှိန်က အတော်ပြင်းတယ်လို့ သတ်မှတ်လို့ရမယ်။ စိတ်ထဲမှာ အဖုအထစ်၊ အငြိုးအတေးတွေ၊ တစ်ခုခု တုံ့ပြန်ချင်စိတ်၊ ပြန်လုပ်ချင်စိတ်တွေ အခုထိရှိနေသေးရင် ဒါဟာ ကိုယ့်အတွက် ဘာအကျိုးရှိလဲ၊ ဘာကောင်းလဲဆိုတာကို စဉ်းစားဖို့လိုတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီစိတ်တွေ အတွေးတွေဟာ များသောအားဖြင့် ကိုယ့်ကို စိတ်အနှောက်အယှက်ပေးတာ များတယ်။ စိတ်အစိုင်အခဲ burden ဆိုတာ ဘာမှ မကောင်းဘူး။ ဒါကို လွှတ်ချရမယ်၊ ဆက်မသယ်သင့်တော့ဘူး။ ဘယ်လိုလွှတ်ချမလဲလို့မေးရင် မျက်လုံးထဲမှာ သဲအိတ်ကြီးတစ်အိတ်၊ ဘိလပ်မြေအိတ်ကြီးတစ်အိတ်ကို ပစ်ချလိုက်သလို အဲ့ဒီအစိုင်အခဲတွေကို မှန်းမြင်ပြီး လွှတ်ချရမယ်။ စိတ်ထဲပြန်ပေါ်လာတိုင်း ခဏခဏ လွှတ်ချရမယ်။ “ငါ့အတွက် အကျိုးမရှိတဲ့အရာတွေ၊ ရှေ့မဆက်နိုင်အောင် ငါ့ကိုအလေးဆွဲထားတဲ့အရာတွေ” ဆိုပြီး စိတ်ထဲကနေသာ ခဏခဏ ပစ်ပစ်ချ။ ကြာရင် အကျင့်ပါပြီး တစ်စစ ပေါ့ပါးလာလိမ့်မယ်။ လွတ်မြောက်လာလိမ့်မယ်။ အဲ့ဒါမှမရသေးရင်တော့ အစိုင်အခဲ၊ အထုပ်အထည်က အတော်များလို့ပဲ။ therapist နဲ့ သေချာစိတ်ကုထုံးလုပ်တာ အကောင်းဆုံးပဲ။

Counseling with Craton

07/30/2025

“Stay on topic. Stay the course.” ဆိုတာ ကိုယ်ဦးတည်နေတဲ့အရာ၊ ပန်းတိုင်ဆီကိုပဲ အာရုံစိုက်ရှေးရှုပြီး ဘေးက အနှောက်အယှက်တွေ၊ distractions တွေ၊ ဗလောင်ဆူသံတွေ၊ အပြင်ပန်း အရောင်ခြယ်အလှဆင်ထားတဲ့ ဆွဲဆောင်မှုတွေကို သမာဓိခိုင်ခိုင်နဲ့ လျစ်လျူရှုကျော်လွှားပါလို့ ပြောတာ။ ကိုယ့်ဦးတည်ချက် မပျက်စေနဲ့​ပေါ့။ လမ်းခရီးမှာ နားရင်းစားရင်း ပျော်ရင်းပါးရင်းနဲ့ မူလသွားနေတဲ့ဦးတည်ချက် ပျောက်ပျောက်သွားကြတာ တွေ့ရတယ်။ သက်သာချောင်ချိမယ့်လမ်း ရွေးရင်းနဲ့ လိုရာမရောက်တော့တာမျိုး။ ဒါကြောင့် “Stay on topic. Stay the course.”

Counseling with Craton

07/30/2025

ကိုယ်လုပ်နေ/တွေးနေတဲ့အရာတွေကို ဘယ်သူမှ အလုံးစုံမသိနိုင်ဘူး ထင်နေတတ်ကြတယ်။ အထူးသဖြင့် ကိုယ့်စိတ်ထဲမှာဖြစ်တည်နေတဲ့ အစိုင်အခဲတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေ၊ မကောင်းတဲ့အကြံအစည်နဲ့ အတွေးအခေါ်တွေ၊ ရန်လိုမှု၊ ဝန်တိုမှုတွေ။ အလုံးစုံ ၁၀၀% ကိုယ်ကလွဲပြီး မသိနိုင်တာတော့ မှန်တယ်။ ဒါပေမဲ့ အချက်(၂)ချက်ကို ပြောချင်တယ်။

ပထမ(၁)ချက်က ကိုယ့်စိတ်ကို လူတွေ ၁၀၀% မသိနိုင်ပေမဲ့ စိတ်နဲ့ခန္ဓာဟာ တွဲစပ်ပြီး ရှင်သန်အလုပ်လုပ်တဲ့သဘောရှိတာမို့ တခါတလေကျရင် စိတ်ထဲရှိတာတွေ မသိစိတ်ကနေ လွှတ်ခနဲထွက်ပြီး ကိုယ့်ရဲ့ စကားလုံး၊ body language, အမူအကျင့်၊ အပြုအမူတွေကနေ ဘေးလူတွေက ရိပ်မိနိုင်တယ်၊ ဖတ်နိုင်၊ သိနိုင်တယ်။

တစ်ခါလောက်က သိပ်မသိသာပေမဲ့ နှစ်ခါသုံးခါ သတိပြုမိသွားတဲ့အခါ ကိုယ့်ရဲ့ pattern ကို သူတို့သိသွားရင် ကိုယ့်စိတ်ထဲကဖြစ်နေတာကို လူတွေ အကဲခတ်နိုင်တယ်။ တခြားလူတွေက ငတုံးတွေမှ မဟုတ်တာ။ သူတို့ထင်တာ ၁၀၀% မှန်မယ်လို့တော့ မဆိုလိုပေမဲ့ လူဆိုတာမျိုးက သူများရဲ့လုပ်ရပ် (actions and behaviors) တွေကနေပဲ ကြည့်ပြီးအကဲဖြတ်တာမို့ ကိုယ်ဘယ်လိုလူမျိုးပါရယ်လို့ သတ်မှတ်သွားမှာပဲ။

မသိစိတ်ဟာ လွတ်ထွက်သွားတတ်ပြီး သိစိတ်ရဲ့ထိန်းချုပ်နိုင်စွမ်း၊ ဖုံးကွယ်ဟန်ဆောင်နိုင်စွမ်းကို ကျော်လွန်သွားတတ်တာမို့ ဘယ်လောက်ပဲ လူမသိအောင်နေနေ အချိန်တစ်ခုကြာတဲ့အခါ ကိုယ့်ရဲ့အပြုအမူများစွာကနေ သိတာပဲ။ “Actions speak louder than words.” ဆိုတာမျိုးလိုပေါ့။

ဒုတိယ(၁)ချက်က သူများမသိရင်တောင်မှ ကိုယ့်ကိုယ်ကိုယ်သိနေတယ်ဆိုတာကို မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ်မြင်တဲ့အမြင်ဟာ သူများရဲ့အမြင်ထက် ပိုပြီးထိရှနက်ရှိုင်းတတ်တယ်။ ကိုယ့်ရဲ့စိတ်ဟာ ကိုယ့်ရဲ့ အနက်အဓိပ္ပာယ်ပဲ၊ ဖြစ်တည်မှုပဲ၊ တန်ဖိုးပဲ။ ဒီ self-view, self-esteem ကျနေရင် ကိုယ့်ကိုယ်ကိုယ်ထားတဲ့စံနှုန်းဟာကျပြီး လူဟာ ဘယ်လိုမှ နေမပျော်တော့ဘူး။ ကိုယ့်ခန္ဓာကိုယ်၊ ကိုယ့်စိတ်ထဲမှာကို မလုံခြုံတော့ဘူး၊ ယုံကြည်မှုမရှိတော့ဘူး။ စိတ်ဓာတ်ကျတာ၊ မပျော်ရွှင်တာ၊ anxiety များတာ၊ အိပ်မပျော်တာတွေဖြစ်လာတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရတာ အခက်ခဲဆုံးပဲလို့ သတ်မှတ်ထားကြတာ။ ကိုယ့်ကိုယ်ကိုယ် ပြုပြုသင့်တာ၊ ပြောင်းလဲသင့်တာရှိရင် စိတ် (အတွေး၊ အာရုံ၊ ယုံကြည်မှု) ကို အရင် ရှေ့ရှုရမယ်။ သူများပြောလို့၊ သူများကြောင့် ပြင်တာမျိုးမဟုတ်ရဘူး။ အဲ့လိုပြင်တဲ့အရာဟာလည်း ကြာရှည်မခံနိုင်ဘူး၊ motivate လုပ်ရတာလည်း ခက်တယ်။ “ငါ့ကိုယ်ငါအတွက် ငါပြုပြင်မှာ၊ ငါတည်ဆောက်မှာ၊ ငါပြောင်းလဲမှာ” လို့ သဘောထားမှ ဒီအရာဟာ မြဲလိမ့်မယ်။ Committed ဖြစ်လိမ့်မယ်။

Counseling with Craton
S

07/27/2025

ကျွန်တော် အသက်ကြီးတဲ့အခါ ငွေရေးကြေးရေးအတွက် စိတ်ချရအောင် ပြင်ဆင်စီစဉ်ထားပုံလေးကို အနည်းငယ်မျှဝေချင်ပါတယ်။ ဘာသဘောမှ မပါပါဘူး။ ကျွန်တော့်တွေးပုံနဲ့ ကြိုတင်စီစဉ်ပုံလေးကို ဒီတိုင်းချပြတဲ့ သဘောပါပဲ။ ဒီအတိုင်း တသွေမတိမ်း အရာရာအဆင်ပြေရလိမ့်မယ်ဆိုပြီးတော့တော့ မတွက်ထားပါဘူး။ အနာဂတ်ဟာ ကြိုမသိနိုင်တဲ့အတွက် စီစဉ်ထားတိုင်း ၁၀၀% ဖြစ်တယ်ဆိုတာ ရှားပါတယ်။ ဒါပေမဲ့လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှတော့ အကောင်းဆုံးစီစဉ်ထားရမှာပါပဲ။

ကျွန်တော်က လက်ရှိ local အစိုးရလက်အောက်မှာ full time အလုပ်လုပ်နေသူဖြစ်ပါတယ် (တခြားကိုယ်ပိုင်စီးပွါး​ရေး၊ private practice ဘာညာ ရှိတာကတစ်ပိုင်းပါ)။ Local အစိုးရဆိုတာ ပြည်နယ်၊ ကောင်တီ/ခရိုင်၊ မြို့တော်အစိုးရ စသည်ကိုပြောတာပါ။ Federal အစိုးရ မဟုတ်ပါဘူး။ ကျွန်တော် Therapist အနေနဲ့မရပ်တည်ခင် နှစ်အတော်များများကတည်းက (ကောလိပ်ကျောင်းသား ဘဝကတည်းက) အစိုးရအလုပ်လုပ်တာပါ။ အမေရိကရဲ့ပြည်နယ်အချို့မှာ local အစိုးရဝန်ထမ်းတွေကိုပေးတဲ့ ပင်စင် (pension) ဆိုတာရှိပါတယ်။ ပြည်နယ်အစိုးရကနေ စပွန်ဆာပေး ထောက်ပံ့ထားတဲ့ State-sponsored retirement system ပါ။ ကျွန်တော်နေထိုင်ရာပြည်နယ်မှာတော့ ဒီစနစ်ကို PERS လို့ အတိုကောက်ခေါ်ပါတယ်။

PERS ကို အသက် ၅၈နှစ်လောက်ကျရင် စပြီးထုတ်ယူလို့ရပါပြီ။ အသက် ၆၅၊ ၆၇နှစ်အထိ အလုပ်ဆက်လုပ်ပြီး အဲ့ကျမှ ထုတ်လည်းရပါတယ်။ ကိုယ် ဘယ်အသက်အရွယ်မှာ အနားယူ retire လုပ်ချင်လည်းဆိုတာ လူတစ်ဦးချင်းစီရဲ့ ငွေကြေးဘဏ္ဍာ စုဆောင်းစီမံပုံ၊ ပြင်ဆင်ထားပုံ၊ ရင်းနှီးမြှုပ်နှံထားပုံတို့နဲ့ပဲ ဆိုင်ပါတယ်။ ငွေအလုံအလောက် ကြိုတင်ပြင်ဆင်ထားနိုင်သူက ဘယ်အသက်အရွယ်မှာမဆို အလုပ်မလုပ်တော့ဘဲ အနားယူနိုင်ပါတယ်။

သူများအတွက်ကို မပြောတော့ဘဲ ကျွန်တော့်အတွက်စီစဉ်ထားတာကိုပဲ ပြောပါမယ်။ လက်ရှိအချိန်ထိ ကျွန်တော်စဉ်းစားထားတာက အသက် ၆၀ လောက် အထိ အလုပ်လုပ်မယ်ပေါ့ (အဲ့ထက်စောချင်လည်းစောမယ်၊ နောက်ကျချင်လည်းနောက်ကျမယ်)။ အစိုးရအလုပ်လုပ်နေသရွေ့ ကျန်းမာရေးအာမခံက အလုပ်ကနေ ရနေမှာမို့ အလုပ်ရပ်လိုက်တာနဲ့ ကျန်းမာရေးအာမခံကြေးတွေ လစဉ်နင့်နေအောင် ပေးရမှာပါ။ အသက်ကြီးလေ health insurance အာမခံကြေး ပိုများလေပါ။ ဒါကြောင့် အခြေအနေအရပေါ့။

ကျွန်တော့်ပြည်နယ်ကပေးတဲ့ PERS မှာ (၂)ပိုင်းရှိပါတယ်။ PERS ရဲ့ ပထမအပိုင်းက pension ဖြစ်ပြီး ဒုတိယပိုင်းက IAP (Individual Account Program) ဖြစ်ပါတယ်။

Pension ကိုတွက်ချက်ပုံက

1.5% x နောက်ဆုံးရတဲ့လစာ (Final Average Salary) x အစိုးရဝန်ထမ်းလုပ်တဲ့လုပ်သက်/လုပ်နှစ်

Final average salary ဆိုတာ ကိုယ့်ရဲ့လုပ်သက်အတွင်းမှာ လစာအများဆုံးရတဲ့နှစ် (၃)နှစ်ဆက်တိုက်ကိုယူပြီး ပျမ်းမျှတွက်တာပါ။ ဥပမာ - လုပ်သက်အတွင်း အမြင့်ဆုံးရဖူးတဲ့လစာတွေက တစ်နှစ်ကို ဒေါ်လာ တစ်သိန်း၊ တစ်သိန်း၃သောင်း၊ တစ်သိန်း၅သောင်း ဆိုပါစို့။ အဲ့လစာ(၃)ခုရဲ့ ပျမ်းမျှကို ပြန်တွက်တာပါ။ ပြီးရင် အဲ့ဒါကို ကိုယ့်ရဲ့လုပ်သက်နှစ် (ဥပမာ နှစ် ၂၀၊ ၃၀၊ ၄၀ စသည်) နဲ့ မြှောက်ပြီး ၁.၅% (သို့မဟုတ် 0.015) နဲ့ ထပ်မြှောက်တာပါ။ အကုန်မြှောက်ပြီးရလာတဲ့အဖြေက တစ်နှစ်စာကိုယ်ရမယ့်ပင်စင်ပါပဲ။ ဒါပေမဲ့ ဒီပင်စင်လစာထဲက အခွန်ပြန်ဆောင်ရဦးမှာ ဖြစ်ပါတယ်။ ဒီပင်စင်လစာက မသေမချင်း ရမှာပါ။ စောစောပင်စင်ယူရင် လုပ်သက်ပိုနုလို့ ငွေနည်းနည်းလျော့ရမှာဖြစ်ပြီး နောက်ကျမှပင်စင်ယူရင် လုပ်သက်ရင့်လို့ များများပိုရမှာပါ။

Pension ကိုပြောပြီးသွားတော့ PERS ရဲ့ ဒုတိယပိုင်း IAP ကိုပြောပါမယ်။ IAP ကကျတော့ ကျွန်တော့်လစာရဲ့ ၆% ကို ကျွန်တော့်အလုပ်ရှင်/အစိုးရက လစဉ်စုထားပေးတဲ့သဘောပါ။ အဲ့ဒီ ၆% ဟာ ကျွန်တော်ပေးရတာမဟုတ်ဘဲ အလုပ်ရှင်က သပ်သပ်ထည့်ပေးတာပါ။ ဆိုတော့ ကျွန်တော့်လစာထဲက မဖြတ်ပါဘူး။ ဒီ ၆% ဟာ လစဉ် IAP account ထဲကိုဝင်နေမှာဖြစ်ပြီး ဒီငွေတွေကို အစိုးရက ရင်းနှီးမြှုပ်နှံပေးထားပါတယ်။ အတက်အကျနဲ့ပြောင်းလဲမှု (volatility) သိပ်မမြန်တဲ့၊ အမြတ်ရမှာပိုသေချာတဲ့ conservative ရင်းနှီးမြှုပ်နှံမှုတွေမှာ မြှုပ်နှံပေးထားပါတယ်။ ငွေအတက်အကျကိုထိန်းဖို့ stability ရှိအောင်လည်း ကာကွယ်ပေးထားပါတယ်။

ကိုယ်ပင်စင်ယူမယ့်အသက်အရွယ်ရောက်တဲ့အခါ IAP ကို (စုထားပေးတဲ့ ၆% ရော၊ ရင်းနှီးမြှုပ်နှံမှုတွေကနေ ရမယ့် အမြတ်တွေအကုန်လုံးရော) pension လို လစဉ်ထုတ်သွားချင်လည်းရတယ်၊ တစ်ခါတည်း lump sum ထုတ်လို့လည်းရတယ်၊ ဒါမှမဟုတ် ဒီငွေတွေကို ကိုယ့်ရဲ့တခြား retirement account တစ်ခုခုထဲ ရွှေ့ပြီး ဆက်ရင်းနှီးမြှုပ်နှံထားချင်ရင်လည်း ရပါတယ်။ IAP ကတော့ မသေမချင်းရမှာမဟုတ်ဘဲ စုထားမိသလောက်ငွေကုန်ရင် မရတော့ပါဘူး။ ကျွန်တော်စဉ်းစားထားတာကတော့ ဒီငွေတွေကို ပင်စင်ယူတဲ့အချိန် ငွေတအားလိုနေရင်တော့ အကုန်တစ်ခါတည်းထုတ်မယ်၊ ငွေသိပ်မလိုဘူးဆိုရင် နောက်တခြားအကောင့်တစ်ခုထဲကိုရွှေ့ပြီး ဆက်ရင်းနှီးမြှုပ်နှံပါမယ်။

ဆိုတော့ ဒါဟာ PERS ကနေရမယ့် retirement funds ပါ။ နောက်တစ်ခုက Social Security Retirement Benefits လို့ခေါ်တဲ့ ဗဟို/ဖက်ဒရယ်အစိုးရကပေးမယ့် ပင်စင်ပါ။ ဒါကတော့ အလုပ်လုပ်ပြီး ဖက်ဒရယ်အစိုးရကို အခွန်ဆောင်ထားသူတိုင်း ရတဲ့အခွင့်အရေးပါ။ ဒီအတွက်လည်း ကျွန်တော်တို့ဟာ ရတဲ့လစာထဲက လစဉ်အခွန်ဆောင်ထားကြရပါတယ်။ ဒါတွေအတွက် အခွန်တွေဖြတ်ပြီးမှ pay check ရတာပါ။ Social security ကို အသက် ၆၂ ကနေစပြီး ထုတ်ယူလို့ရပါပြီ။ အသက်၆၇ထိ အလုပ်လုပ်ပြီးမှထုတ်ရင်တော့ အများကြီး ပိုရပါတယ်။ အသက်၆၂မှာမှ စထုတ်လို့ရမှာပါ။

Social security retirement benefits ကိုတွက်ချက်ရင် Average Indexed Monthly Earnings (AIME) ဆိုတာကို အရင်ရှာရပါတယ်။ AIME ဆိုတာ ကိုယ်အလုပ်လုပ်ခဲ့တဲ့ကာလတလျှောက် (အစိုးရအလုပ်မှမဟုတ်ဘူး၊ ဘယ်အလုပ်လုပ်ပဲဖြစ်ဖြစ်) လစာအများဆုံးရတဲ့နှစ် (၃၅)နှစ်အထိ ထည့်တွက်ပါတယ်။ အဲ့လစာတွေကိုမှ ပျမ်းမျှပြန်တွက်တာပါ။ ကိုယ်ဘယ်အရွယ်မှာ retirement လုပ်ရင်၊ လစာတွေဘယ်လောက်ရထားခဲ့ပြီး federal အစိုးရကို အခွန်တွေဆောင်ထားခဲ့ရင် အဲ့အရွယ်ပင်စင်ယူတဲ့အခါ လစဉ် ငွေဘယ်လောက်ရနိုင်လဲဆိုတာကို ကြိုတင်ခန့်မှန်းတွက်ဆလို့ရတဲ့ calculator အစိုးရဝဘ်ဆိုဒ်မှာ တခါတည်း ရှိပြီးသားပါ။ ကျွန်တော်ရမယ့် မျှော်မှန်းပင်စင်လစာကိုလည်း ခန့်မှန်းတွက်ချက်ထားပြီးသားပါ။ ကိုယ်က disability တစ်ခုခုရှိနေတယ်ဆိုရင်တော့ ဒီလစာထက် ပိုရမှာပါ။ အဲ့ရမယ့်လစာထဲကလည်း အခွန်ထပ်ဖြတ်ဦးမှာပါ။

ပြည်နယ်အစိုးရကပေးမယ့် ပင်စင်နဲ့ IAP ရယ်၊ ဗဟိုအစိုးရကပေးမယ့် social security ရယ်ကို ပြောပြပြီးသွားတော့ ကျွန်တော်ရဦးမယ့် တခြား retirement funds တွေအကြောင်း ဆက်ပြောပါမယ်။

457(b) Deferred Compensation Plan ဆိုတဲ့ retirement account အကြောင်းပါ။ သူက local အစိုးရဝန်ထမ်းမဟုတ်သူတွေမှာ ရှိကြလေ့ရှိတဲ့ 401(k) retirement account နဲ့ သဘောတရား အတူတူပါပဲ။ ကျွန်တော် therapist စလုပ်တဲ့အချိန်ကစပြီး ရတဲ့လစဉ်ဝင်ငွေရဲ့ ၉% ကနေ ၁၅% အထိကို ဖယ်ထားပြီး 457(b) ထဲ ထည့်ထားပါတယ်။ အဲ့ဒီအတွက်အရင်ဖယ်ပြီး၊ တခြားအခွန်တွေရောဖယ်ပြီး ရတဲ့လစာ (net salary) ကိုပဲ ကျွန်တော်သုံးစွဲပါတယ်။ ဒါ အမေရိကက လူတော်တော်များများ လုပ်လေ့လုပ်ထရှိတာ တစ်ခုပါပဲ။

အဲ့ဒီငွေတွေကို တခါတည်း ရင်းနှီးမြှုပ်နှံမှုတွေထဲ ထည့်ထားလိုက်ပါတယ်။ ကိုယ် ဘယ် stocks တွေ၊ mutual funds တွေ၊ bonds တွေ၊ ETF တွေ စသဖြင့်မှာ ဘယ်လောက်ရာခိုင်နှုန်းကို ရင်းနှီးမြှုပ်နှံထားချင်လည်းဆိုတာ ကိုယ့်ဟာကိုယ်ရွေးချယ်လို့လည်းရသလို၊ ကိုယ့်ရဲ့ ဘဏ္ဍာရေးအကြံပေးနဲ့တိုင်ပင်ပြီးမှ ရင်းနှီးမြှုပ်နှံလို့ လည်း ရပါတယ်။ High risk, medium risk, low risk ဆိုပြီး risk အနည်းအများ ကိုယ်ဘယ်လောက်ယူချင်လဲဆိုတဲ့အပေါ် မူတည်ပါတယ်။ ကျွန်တော်ကတော့ ကိုယ်တိုင်ပဲရွေးချယ်ပါတယ်။

ကိုယ်ပင်စင်ယူမယ့်အချိန်မှာ ဒီငွေတွေကို တခါတည်းထုတ်ချင်ရင် အခွန်တွေကို တခါတည်း တနင့်တည်းဆောင်ပြီး ထုတ်ယူလို့ရပါတယ်။ တစ်လချင်းစီ ကိုယ်မသေမချင်းထုတ်ယူသုံးသွားရင်တော့ အခွန်ဖြတ်ခံရတာ သိပ်မသိသာဘူးပေါ့။ 457(b) ကိုလည်း ကျွန်တော့်ငွေရေးကြေးရေးလိုအပ်မှုအရ အဲ့ဒီအချိန်ကျရင် တခါတည်းထုတ်ချင်လည်းထုတ်မယ်၊ တစ်လချင်းပဲ ယူချင်လည်းယူမယ်။ ဒါ ကျွန်တော့်ပင်စင်ယူရင်ရမယ့် စတုတ္ထမြောက် ဝင်ငွေပေါ့။ အသက် ၅၉နှစ်ခွဲမှာ စထုတ်လို့ရတယ်။ ၆၂နှစ်မပြည့်ဘဲထုတ်ရင် အခွန် ၁၀% ပိုဆောင်ရတယ်။ ထုတ်လို့တော့ရတယ်။ ကျွန်တော်ကတော့ ဒီငွေတွေကို ၆၂နှစ်မှပဲ ထုတ်တော့မယ် စိတ်ကူးတယ်။

ပဉ္စမမြောက်ဝင်ငွေကတော့ Roth IRA ပါ။ ကျွန်တော့်မှာ Roth IRA အကောင့်လည်း ရှိပါတယ်။ ဒါကတော့ အခွန်ဖြတ်ပြီးသားလစာထဲက (ကျွန်တော့်ကိုယ်ပိုင်ဝင်ငွေထဲက) တစ်လကို ၅၀ ဖြစ်စေ၊ ၁၀၀ ဖြစ်စေ၊ ငွေပိုတဲ့လတွေဆိုရင်လည်း နည်းနည်းလေးပိုထည့်ပြီး စုထားတဲ့အကောင့်ပါ။ ဒီငွေတွေကိုလည်း ရင်းနှီးမြှုပ်နှံမှုတွေ ကိုယ့်စိတ်ကြိုက်လုပ်ထားလို့ရပါတယ်။ လုပ်လည်းလုပ်ထားပါတယ်။ Roth IRA ဟာ retirement account ဖြစ်တာမို့ ပင်စင်ယူတဲ့အသက်အရွယ်ကျမှ ဒီငွေတွေကို (ကိုယ့်စုငွေရော၊ ရင်းနှီးမြှုပ်နှံမှုကရမယ့် အမြတ်/အရှုံးရော) ထုတ်လို့ရမှာပါ။ ဒီကြားထဲမှာထုတ်ချင်ရင် penalty ကြေးပေးဆောင်ရပါတယ်။ ထုတ်လို့တော့ရပါတယ်။ ကျွန်တော်ကတော့ ပင်စင်အရွယ်အတွက်စုတာမို့ မလိုအပ်ဘဲ ဒီငွေတွေကို ထိဖို့အစီအစဉ်မရှိပါဘူး။

ဆိုတော့ ဒီဝင်ငွေ(၅)ခုကနေ ကျွန်တော့်ပင်စင်အတွက် မသေမချင်း စိတ်ပူစရာမရှိတော့ပါဘူး။ အသက်၆၀လောက်ထိ ကျန်းကျန်းမာမာ ခြေလက်င်္အဂါအစုံ၊ ဦးနှောက်ကောင်းကောင်း၊ သတိကောင်းကောင်းနဲ့ အလုပ်လုပ်နိုင်ရင် အဆင်ပြေမှာပါ။ ဒီထက်စောစောအနားယူနိုင်ဖို့လည်း ကြိုးစားမှာပေါ့။

နေဖို့အိမ်ဝယ်ထားပြီးသားမို့ အရစ်ကျပေးနေရတဲ့အိမ်တန်ဖိုးတွေကျေရင် အိမ်လစာမပေးရတော့ဘူးမို့ အသက်ကြီးတဲ့အခါ စားသောက်စရိတ်၊ ဆေးကုသစရိတ်၊ အထွေထွေစရိတ်နဲ့ လှူဖို့တန်းဖို့ပဲကုန်စရာရှိတာမို့ လောက်ငှပါတယ်။ ကားကလည်း ရှိပြီးသားပါ။

တကယ်လို့ ကိုယ်အသက်တော်တော်ကြီးလို့ လူအိုရုံ သို့မဟုတ် nursing home လိုမျိုးမှာနေရတော့မယ်ဆိုလည်း အိမ်နဲ့ကားကိုရောင်း၊ ရနေတဲ့ပင်စင်တွေနဲ့ပဲ တစ်သက်လုံး fees ပေး၊ စိတ်ချရတဲ့ caregiver တွေငှါးပြီး နေရမှာပေါ့။ ကိုယ်တိုင်ငွေကြေးမစီစဉ်နိုင်တော့ရင် တရားဥပဒေအတိုင်း စီစဉ်ပေးမယ့် law firm တစ်ခုခု၊ legal payee (or) conservator တစ်ယောက်ယောက်ငှါးထားပြီး ကျွန်တော့်ဘဏ္ဍာရေးတွေကို စီစဉ်ခိုင်းဖို့ စဉ်းစားထားပါတယ်။ ကိုယ့်ဘေးမှာ ဘယ်သူရှိနေမယ်၊ မရှိနေမယ်ဆိုတာ မသိနိုင်တာမို့ ကိုယ်တစ်ယောက်တည်းပဲရှိနေမယ်လို့ (အဆိုးဆုံးကို) တွက်ဆပြီး သက်သက်သာသာနေနိုင်ဖို့ စီစဉ်ထားတာပါ။

ပင်စင်လစာ ၅ခု၊ အိမ်၊ ကား စတာတွေအပြင် တခြားပိုင်ဆိုင်မှုတွေ၊ ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုတွေ၊ savings စုငွေဆိုတာတွေရှိနိုင်အောင် ဒီကြားထဲ အလုပ်လုပ်နိုင်နေစဉ်မှာ ကြိုစီစဉ်၊ ကြိုးစားထားရမှာပေါ့။ ဒါကတော့ လက်ရှိအချိန်အထိ တွက်ဆ၊ ပြင်ဆင်ထားတာတွေပါ။ ပို့စ်အစမှာပြောခဲ့သလိုပဲ အနာဂတ်ကို ကြိုမမြင်နိုင်တာမို့ ကိုယ်နိုင်သလောက်၊ control လုပ်နိုင်သလောက်ထဲက အကောင်းဆုံး စီစဉ်ကြရတာပါပဲ။ အဲ့အချိန်ထိ အသက်ရှင်ဦးမယ်မသိနိုင်ပေမဲ့ ရှင်ကျန်နေခဲ့သည်ရှိသော် နောင်ရေးစိတ်အေးရအောင်ပေါ့။

Counseling with Craton

စိတ်တွေကိုလွှင့်ပြီး ခရီးထွက်ခြင်း
07/26/2025

စိတ်တွေကိုလွှင့်ပြီး ခရီးထွက်ခြင်း

စိတ်ကုထုံးနဲ့ ဦးနှောက်အာရုံကြောသိပ္ပံ ပညာရပ်တွေမှာ ကျွန်တော်လက်ရှိအသုံးချနေတဲ့ neurofeedback အကြောင်းလေး ဗဟုသုတအဖြစ် အနည...
07/25/2025

စိတ်ကုထုံးနဲ့ ဦးနှောက်အာရုံကြောသိပ္ပံ ပညာရပ်တွေမှာ ကျွန်တော်လက်ရှိအသုံးချနေတဲ့ neurofeedback အကြောင်းလေး ဗဟုသုတအဖြစ် အနည်းငယ်ဝေမျှချင်ပါတယ်။ Neurofeedback ဆိုတာ ဦးနှောက်နဲ့အာရုံကြော နာ့ဗ် (nerves) တွေ သူ့ဟာသူ အလိုအလျောက် အလုပ်လုပ်နိုင်တဲ့စွမ်းအင်ကို အသုံးချပြီး ကိုယ့်ဦးနှောက်ကို ပြန်လေ့ကျင့်ပေးတဲ့ ပညာရပ်ပါ။ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင်ပုံ (activities) တွေကို အတိုင်းအတာတစ်ခုအထိ သူ့ဟာသူ ပုံမှန်အနေအထား ပြန်လည်ပတ်နိုင်အောင် လေ့ကျင့်တာပါ။

Neurofeedback ဆိုတာ biofeedback ဦးနှောက်ကုထုံး/လေ့ကျင့်ခန်း အမျိုးအစားတစ်ခုဖြစ်ပါတယ်။ စိတ်နဲ့ခန္ဓာ တွဲစပ်အလုပ်လုပ်ပုံကို ဗဟိုထားပြီး ကုသတာပါ။ ဦးနှောက်ရဲ့လှိုင်းတွေကို electrodes တွေကနေတဆင့် တိုက်ရိုက်တိုင်းယူပြီး EEG စက်နဲ့ဖြတ်သန်းစေကာ လူနာကို သူ့ဦးနှောက် ဘယ်လိုအလုပ်လုပ်နေလဲဆိုတာကို ကွန်ပြူတာဖန်သားပြင်ပေါ်မှာ အရုပ်/အသံတို့နဲ့ တိုက်ရိုက်ပြတာပါ။ အထိအတွေ့အာရုံကိုလည်း တုန်ခါနေတဲ့ အမွေးပွဝက်ဝံရုပ်လိုမျိုးလေးကို ကိုင်ခိုင်းထားခြင်းအားဖြင့် ဦးနှောက်ရဲ့လှိုင်းတွေကို ခံစားမိစေပါတယ်။ အဲ့လို အမြင် အကြား အတွေ့ အာရုံသုံးပါးနဲ့ ဦးနှောက်က ခံစားသိမှတ်နေရင်းနဲ့ သူလုပ်စရာရှိတာကို လုပ်သွားတာပါ။ ကုထုံးပညာရှင်ကတော့ လူနာရဲ့အခြေအနေကိုကြည့်ပြီး EEG စက်မှာ low-infrared frequency အတိုးအလျှော့ကို အလျဉ်းသင့်သလို ဖြည်းဖြည်းချင်း ပြုလုပ်ပေးရပါတယ်။

အဓိကက ဦးနှောက်ဟာ တည်ငြိမ်လာပြီး (stabilized and calm)၊ ပိုမိုအာရုံခံအား/စူးစိုက်အားကောင်းလာအောင် (alert and focused) လေ့ကျင့်ပေးတဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။ ဦးနှောက်ကို လိုအပ်ချိန်၊ အရေးကြုံချိန်မှာ သူ့အလိုလို ပြန်လည်ထိန်းညှိတတ်အောင်၊ ပုံမှန် အေးအေးဆေးဆေး ပြန်လည်ပတ်နိုင်အောင် အချိန်ယူလေ့ကျင့်ပေးတာပါ။

Neurofeedback နဲ့ သက်သာကောင်းမွန်လာအောင် ကူညီလေ့ကျင့်ပေးလို့ရတဲ့အရာတွေကတော့ ထရာမာ/စိတ်ဒဏ်ရာ၊ စိတ်ဓာတ်ကျခြင်း၊ anxiety, ADHD, Autism, chronic pain, emotional dysfunction, အိပ်မပျော်ခြင်း၊ ခဏခဏလန့်နိုးခြင်း၊ ချွေးစေးထွက်ခြင်း၊ အံကြိတ်ခြင်း/သွားကြိတ်ခြင်း၊ အိပ်မက်ဆိုးများမက်ခြင်း၊ sleep walking, sleep talking, အတွေးလွန်ခြင်း၊ OCD, addiction, sugar craving, suicidal ideations, dyslexia စတာတို့ပဲဖြစ်ပါတယ်။

Neurofeedback certified ဖြစ်တဲ့ ကုထုံးပညာရှင်တွေဟာ အမေရိကမှာတောင် ထောင်ဂဏန်းပဲ ရှိပါသေးတယ်။ Emerging therapy လို့ ပြောနိုင်ပေမဲ့ သူ့ရဲ့ထိရောက်မှုနဲ့ progress က မြန်ဆန်ကောင်းမွန်ပါတယ်။ သုတေသနတွေလည်း ထိုက်သင့်သလောက်ပြုပြီးတာမို့ evidence-based practice (EBP) တစ်ခုအနေနဲ့ အသုံးပြုနေတာဖြစ်ပါတယ်။ အသက်အရွယ်မရွေး ကလေးရော လူကြီးရောကို ကုသနိုင်ပါတယ်။

ဦးနှောက်ကို ဘယ်ညာ၊ အရှေ့အနောက်၊ အလယ် အပိုင်းတွေခွဲပြီး neuroscience ဘာသာရပ်အတိုင်း ဘယ်အပိုင်း၊ ဘယ်ဧရိယာကတော့ ဘာကိုထိန်းချုပ်တယ်၊ ဘာအတွက်အလုပ်လုပ်တယ်၊ ဘာကိုလှုံ့ဆော်တယ်၊ ဘာကိုတာဝန်ယူထားတယ်ဆိုတာတွေကို အရင်သင်ယူရပါတယ်။ ပြီးရင် လူနာဖြစ်ပေါ်ခံစားနေရတဲ့ ရောဂါလက္ခဏာ (symptom) ကိုလိုက်ပြီး ဦးနှောက်ရဲ့သတ်မှတ်ထားတဲ့အပိုင်းတွေကို ပစ်မှတ်ထားပြီး လေ့ကျင့်ကုသတာပါ။

ဥပမာ လူနာက ငယ်စဉ်က ထရာမာရခဲ့ဖူးမယ် (developmental trauma)၊ ခေါင်းကိုက်တတ်တဲ့အကျင့်ရှိတယ်၊ ADHD လက္ခဏာတွေလည်းရှိတယ်၊ ညအိပ်မပျော်လို့ ကောင်းကောင်းအိပ်ပျော်ချင်တယ်။ စိတ်ကျရောဂါလည်းရှိတယ်၊ anxiety လည်းရှိတယ်။ ဒါဆိုရင် ဒီလက္ခာတွေနဲ့ သူ့ရဲ့ symptom history, medical history, behavioral history ကိုကြည့်ပြီး ဦးနှောက်ရဲ့ ဘယ်အစိတ်အပိုင်း/နေရာကို အရင်စပြီးလေ့ကျင့်ရမလဲ၊ frequency ဘယ်လောက်နဲ့ စလေ့ကျင့်မလဲ၊ ပြီးမှ တဖြည်းဖြည်း ဘယ် frequency တိုး/လျှော့ပြီး လေ့ကျင့်သွားမလဲဆိုပြီး protocol တွေထုတ်ပြီး ကုသရတာဖြစ်ပါတယ်။

လက်ရှိကုသပေးနေတဲ့ clinician တွေက ဦးနှောက်အထူးကုဆရာဝန်၊ စိတ်ကျန်းမာရေးဆရာဝန်၊ စိတ်ကုထုံးပညာရှင်၊ လိုင်စင်ရ (အနည်းဆုံး မာစတာဘွဲ့ရပြီးသား) mental health counselor စတာတွေဖြစ်ပါတယ်။ ဒီ clinician တွေဟာ neurofeedback နဲ့ဆိုင်တဲ့ ထရိန်နင်များစွာကို အရင် အဆင့်ဆင့်တက်ရပြီး ကိုယ့်ကိုယ်ကိုယ်နဲ့ တခြား clinician တွေကို အရင်စမ်းသပ်ကုသရပါတယ်။ ပြီးမှ client/patient တွေကို စကုပါတယ်။

ကုသနေစဉ်မှာလည်း တစ်လကို ၂ကြိမ်ကနေ ၄ကြိမ်အထိ peer consultation စသဖြင့် ဝင်ရပြီး ဝါရင့် neurofeedback ပညာရှင်တွေနဲ့ မပြတ်ဆွေးနွေးကာ တိုင်ပင်ကြရ၊ group supervision ယူကြရပါတယ်။ Neurofeedback နဲ့ပတ်သက်ပြီး ထပ်မံသုတေသနလုပ်နေမှုတွေရှိတာမို့ ထရိန်နင်ပေးတဲ့အဖွဲ့အစည်းတွေကနေ studies အသစ်တွေကို up-to-date လုပ်​ပေးပါတ​ယ်။

Counseling with Craton

(ဓာတ်ပုံတွေက Google images ကနေပဲရှာပြီး ကော်ပီယူထားတာပါ)

07/24/2025

လူတွေပြုမူနေကျ human behavior တစ်ခုက ကိုယ့်ကို တစ်ယောက်ယောက်က ဝေဖန်ထောက်ပြလိုက်ပြီ၊ critique/criticize လုပ်တယ်လို့ခံစားရပြီဆိုရင် “ငါ့ကိုအပြစ်တင်တယ်” ၊ “ငါ့ကိုရွေးပြီး မဲတယ်” ၊ “ငါ့ကိုအရှက်ရအောင်လုပ်တယ်” လို့ အတွေးက ထစ်ခနဲယူဆလိုက်ပြီး ပြန်ကန်,တော့တာပဲ။ အဲ့ဒီပြန်ကန်တဲ့အထဲမှာ လုပ်လေ့ရှိတာက ကိုယ့်ကိုထောက်ပြတဲ့အရာကို (ဥပမာ ကိုယ့်အပြုအမူ၊ အပြောအဆို၊ အရေးအသား၊ ဘဝနေထိုင်မှုပုံစံ၊ ကိုယ်လုပ်မိလိုက်တဲ့အမှားတစ်ခု စသဖြင့်) အာရုံမထားတော့ဘဲ အဲ့လိုထောက်ပြတဲ့သူကို နှုတ်အားဖြင့်၊ လက်အားဖြင့်၊ စိတ်အားဖြင့် ထိုးနှက်တိုက်ခိုက်တော့တာပဲ။ ထောက်ပြတဲ့ကိစ္စနဲ့ ဘာမှမဆိုင်တဲ့ဟာတွေနဲ့ ပြန်ပက်တယ်၊ ပြန်ထိုးနှက်ပြောဆိုတယ်၊ နာအောင်တွေပြောတယ်။ တစ်ဖက်လူရဲ့ ပုဂ္ဂိုလ်ရေးတွေရော၊ အသားအရောင်၊ လူမျိုး၊ ဂျန်ဒါ၊ လိင်စိတ်ဝိသေသ၊ အသက်၊ အိမ်ထောင်ရေး၊ မိသားစုအရေး၊ တစ်ဖက်လူ အရင်ကလုပ်ခဲ့ဖူးတဲ့ဟာတွေကိုရော ပြန်ဖော်ပြီး ဆိုင်ဆိုင်/မဆိုင်ဆိုင်တွေ ထည့်ပြောတော့တာ။ အဲ့ဒါဟာ သူများထောက်ပြလာတဲ့ ကိုယ်ကိုယ်တိုင်ရဲ့ အပြုအမူကို (ကိုယ်တိုင်ရော၊ တစ်ဖက်လူရော) အာရုံမရောက်အောင် distract လုပ်တာပဲ။ လက်မခံချင်တာပဲ။ ဒီအကြောင်းအရာကိုသာ အသိအမှတ်ပြုလက်ခံပြီး ဆွေးနွေးလိုက်ရင် အရှက်ရမှာစိုးလို့၊ စိတ်ထဲမှာ ကသိကအောက် uncomfortable ဖြစ်မှာစိုးလို့၊ ဝန်ခံရာရောက်မှာစိုးလို့၊ တစ်နည်းအားဖြင့် ကိုယ့်ရဲ့အတ္တ/မာန (pride and ego) ကို ထိခိုက်သွားတယ်လို့ ယူဆလို့ဖြစ်တယ်။ လူတွေဟာ pride and ego ကို ပါးပါးလေးအပုတ်ခံရပြီဆိုတာနဲ့ တစ်ဖက်သားကို နာကျင်အောင်တွေပြောတော့တာ၊ တိုက်ခိုက်တော့တာ။ တကယ်က ဟိုဘက်ကထောက်ပြတဲ့အရာဟာ မှန်ချင်လည်း မှန်နေနိုင်တယ်။ ကိုယ့်ရဲ့အပြုအမူ၊ ကိုယ်လုပ်ခဲ့တဲ့အလုပ်တစ်ခုအတွက် ကိုယ့်ဟာကိုယ် တာဝန်ယူ၊ လက်ခံ၊ ဖြေရှင်းရမယ့်အပိုင်းလည်း ဖြစ်ချင်ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ရုတ်တရက်လုပ်လိုက်မိတာက “ဒီ topic ကို မဆွေးနွေးချင်ဘူး၊ အာရုံမရောက်စေချင်ဘူး၊ မပြောချင်ဘူး” ဆိုတဲ့သဘောနဲ့ ဟိုဘက်ကို ပြန်မဲလိုက်မိတယ်။ အဲ့ဒီအမူအကျင့်ဟာ လူတော်တော်များများဆီမှာရှိတာ သတိထားမိတယ်။ Defensive ဖြစ်လွန်းတယ်၊ hostile and aggressive ဖြစ်လွန်းတယ်ခေါ်မှာပေါ့။ အဲ့လိုကိုယ့်ရဲ့အမူအကျင့်ကို သေချာသတိထားမိသူတွေ၊ လေ့ကျင့်ဆင်ခြင်ပြီး ပြန်ပြင်ဆင်တဲ့သူတွေ၊ ကိုယ့်အမှားကို တာဝန်ယူ ဝန်ခံဖြေရှင်းရဲတဲ့သူတွေဟာ လက်ချိုးရေလို့ရတယ်။ Emotional intelligence မြင့်သူတွေ၊ emotional maturity ရှိသူတွေ၊ self-awareness နဲ့ self-reflection အားကောင်းသူတွေလို့ သုံးသပ်လို့ရတယ်။ သူက နှစ်ပေါင်းများစွာ အတွေ့အကြုံ၊ ဉာဏ်ပညာ၊ ဆင်ခြင်တုံတရား၊ ကိုယ်ချင်းစာတရားတွေနဲ့ယှဉ်ပြီး ပျိုးထောင်လေ့ကျင့်ပြီးမှ ရနိုင်တဲ့ အမူအကျင့် (behavior) တစ်ခုဖြစ်တယ်။

Counseling with Craton

07/23/2025

ပြီးခဲ့တဲ့အပတ်ကရောက်ခဲ့တဲ့ Toketee ရေတံခွန်

နွေရာသီရဲ့နာရီတွေဟာ အူကြောင်ကြောင်ကွာ ပူလောင်ပါတယ်
07/19/2025

နွေရာသီရဲ့နာရီတွေဟာ အူကြောင်ကြောင်ကွာ ပူလောင်ပါတယ်

07/17/2025

ကိုယ့်ကို စိတ်ရှုပ်/စိတ်ညစ်/စိတ်ဖိစီးစေတဲ့၊ အမြဲ ဒရာမာတွေ ယူယူလာတတ်တဲ့၊ တစ်ချိန်လုံး ခဏခဏ အကူအညီတောင်းနေတဲ့၊ ဟိုဟာဖြစ်ပြန်ပြီ ဒီဟာဖြစ်ပြန်ပြီနဲ့၊ ခဏခဏ လှမ်းခိုင်းတတ်တဲ့သူတွေဆိုရင် သိပ်မပေါင်းတော့ဘူး။ ခပ်ဝေးဝေးမှာ နေလိုက်တယ်။ မေးထူးခေါ်ပြောလည်း သိပ်လုပ်မနေတော့ဘဲ distance ထားလိုက်တယ်။ ကိုယ့်ကိုလာဆက်သွယ်ရင်လည်း ဝတ်ကျေတန်းကျေလောက်ပဲ အရေးလုပ်ပြီး သူတို့ကိုသိပ်ရောနှောချင်ဟန်၊ စကားပြောချင်ဟန် မပြဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကြောင့် ကိုယ်တကယ်ကို စိတ်ရှုပ်၊ စိတ်ညစ်မခံနိုင်တော့လို့။ ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ၊ သွေးသားပဲတော်ပါစေ နားငြီးတာ၊ စိတ်ညစ်ညူးတာ​တွေ မခံနိုင်တော့လို့။ Boundary တစ်ခု ခပ်တင်းတင်းပဲ ထားလိုက်တယ်။ လိုလည်းလိုအပ်လို့။ ၁၀ခါမှာ ၁ခါ၊ ၅ခါမှာ ၁ခါတော့ ကိုယ်စိတ်ပါရင် (တကယ်လည်း ကူညီသင့်တယ်လို့ထင်ရင်) ကူညီမယ်။ ဒါပေမဲ့ စိတ်တော့ခဏခဏလာမရှုပ်နဲ့။ ကိုယ်လည်း မလိုအပ်ဘဲ သွားမရှုပ်ဘူး။ ကိုယ့်ကြောင့် သူများက မလိုအပ်ဘဲ လိုက်အပူကူးစက်နေရတာတွေ၊ ဝန်ထုပ်ဝန်ပိုးထမ်းနေရသလိုတွေ သွားမလုပ်ဘူး။ တကယ် မတတ်သာလွန်းလို့၊ အကူအညီတကယ်လိုတာမျိုးဆိုရင်တော့ ၁၀ခါမှာ ၁ခါ ဆက်သွယ်တယ်။ အရမ်းမရင်းနှီးရင်လည်း ဘလိုင်းကြီးသွားပြီး အကူအညီမတောင်းဘူး။ ဒုက္ခမ​ပေးဘူး။ အရင်ကလည်း တခါမှ အဆက်အသွယ်မလုပ်ထားဘဲနဲ့ ဒုက္ခရောက်မှ (ဒါမှမဟုတ်) သူတို့လိုအပ်မှ ထပြီး အကူအညီလာတောင်းတာမျိုး၊ ခိုင်းတာမျိုးတော့ သ​ဘောမကျဘူး။ ကိုယ်လည်းမလုပ်ဘူး။ အခုလို စည်းဘောင်နဲ့ထားတာဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်း၊ ချစ်ခြင်း၊ ဂရုစိုက်ခြင်းတစ်မျိုးပဲ။ သဘောထားကြီးတာ၊ ကြင်နာတာ၊ ကိုယ်ချင်းစာတာတွေ မစာတာတွေနဲ့ ဘာမှမဆိုင်ဘူး။ ကိုယ့်ကိုစိတ်ဒုက္ခလာပေးတိုင်း စိတ်လာလာရှုပ်တိုင်း ဒီတိုင်းငြိမ်ခံနေလိုက်တာ၊ အမြဲကူညီပေးနေတာဟာ ကြင်နာတာ/စာနာတာမဟုတ်ဘူး။ အဲ့ဒါ people pleasing လုပ်နေတာ၊ enabling လုပ်​နေတာ၊ no လို့ မပြောနိုင်တာ၊ boundary မရှိတာ၊ self-esteem နည်းတာ၊ enough is enough လို့မပြောနိုင်တာ။

Counseling with Craton

07/17/2025

Social determinants of health (SDOH) ဆိုတာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေး၊ ရုပ်ကျန်းမာရေးတို့ကို အဆုံးအဖြတ်ပေးနိုင်တဲ့၊ သက်ရောက်လွှမ်းမိုးမှုရှိနေတဲ့လူမှုအကြောင်းတရားတွေ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးအကြောင်းကိုပြောတိုင်း ဒီ social factors တွေကို ချန်ထားခဲ့လို့မရပါဘူး။ SDOH ကို ကျွန်တော် ၂၀၂၀ခုနှစ် မာစတာတက်တုန်းက စာထဲမှာ စသင်ခဲ့ရတာဖြစ်ပြီး ယနေ့လုပ်ငန်းခွင်ဝင်ချိန်မှာလည်း behavioral health နယ်ပယ်ထဲမှာ အသုံးချနေရဆဲဖြစ်ပါတယ်။

SDOH ကို အပိုင်း(၅)ပိုင်း ခွဲထားပါတယ်။

(၁) Health Care Access and Quality

ကျန်းမာရေးစောင့်ရှောက်မှု အလုံအလောက်ရရှိခြင်း၊ လွယ်လင့်တကူရရှိခြင်းနဲ့ ရရှိတဲ့ကွာလတီ ဖြစ်ပါတယ်။ စျေးသက်သက်သာသာနဲ့ (သို့မဟုတ်) အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုရနေမယ်ဆိုရင် လူတစ်ယောက်ရဲ့ စိတ်/ရုပ် ကျန်းမာရေးဟာ ပိုကောင်းမွန်မှာပါပဲ။ ရောဂါကို မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်စွမ်းရော၊ မကြာခဏ check in တွေ assessment တွေလုပ်နိုင်တာရော၊ ရောဂါဖြစ်ချိန်မှာ အဆင်ပြေပြေကုသနိုင်တာရော၊ ရရှိနေတဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့ ကွာလတီက ကောင်းမွန်တာရောဆိုရင် လူတစ်ယောက်ဟာ ပိုမိုကျန်းမာပျော်ရွှင်မှာပါပဲ။

(၂) Neighborhood and Built Environment

ကိုယ်နေထိုင်ရာပတ်ဝန်းကျင်၊ ရပ်ကွက်၊ လူနေမှုစနစ်၊ သန့်ရှင်းသပ်ရပ်မှု၊ သာယာဝပြောမှု၊ အိမ်ရာလုံလုံလောက်လောက်နဲ့ စျေးသက်သက်သာသာ နေထိုင်နိုင်မှု (နေထိုင်စားသောက်စရိတ် သက်သာမှု)၊ ကျန်းမာသန့်ရှင်းတဲ့ အစာရေဆာဖူလုံမှု/ လွယ်လင့်တကူ ရရှိနိုင်မှု စတာတွေပါ။ ဆူညံပွက်လောရိုက်ပြီး လုံခြုမှုမရှိတဲ့၊ မှုခင်းများတဲ့၊ အကြမ်းဖက်မှုတွေနဲ့ယဉ်ပါးနေတဲ့ ပတ်ဝန်းကျင်မျိုးမှာ နေ့စဉ်ရှင်သန်ရသူရဲ့ စိတ်/ရုပ်ကျန်းမာရေးဟာ အေးချမ်းတိတ်ဆိတ် သာယာဝပြောပြီး crime နည်းတဲ့၊ safety and security ကို တွေးပူစရာမလိုတဲ့နေရာမျိုးမှာ အသက်ရှင်ရသူရဲ့ ကျန်းမာရေးနဲ့ မတူနိုင်ပါဘူး။ Quality of life ဟာလည်း မတူနိုင်ပါဘူး။

(၃) Social and Community Context

လူမှုရေးနဲ့ ကွန်မြူနတီ အကြောင်းတရားတွေ။ ဥပမာ အုပ်ချုပ်မှုစနစ်ကောင်းတာ၊ ကွန်မြူနတီထဲကလူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ဝိုင်းဝန်းကူညီတတ်မှုတွေကို ရရှိနိုင်တာဟာလည်း ကျန်းမာရေးအတွက် တစ်ပန်းသာပါတယ်။ လူဟာ အထီးကျန်လွန်းပြီး ဘယ်သူနဲ့မှ မပါဝင်မပက်သက်ဘဲနေရင်၊ အရာရာကိုရှောင်ဖယ်ဖယ်လုပ်နေရင် စိတ်ကျန်းမာရေးပိုထိခိုက်စေတယ်လို့ သုတေသနတွေမှာ ဆိုထားပါတယ် (ဒီသုတေသနအကိုအကားကို ဒီပို့စ်အောက်ဆုံးမှာ သွားကြည့်နိုင်ပါတယ်)။ ကွန်မြူနတီထဲမှာ အလုပ်အကိုင်အခွင့်အလမ်းလုံလောက်တာ၊ လူတွေအချင်းချင်း ရင်းနှီးမှုပိုရှိတာ၊ ပွဲလမ်းသဘင်, ဘာသာရေး, သာရေးနာရေး စတာတွေ အတူတူလုပ်ခွင့်ရတာ၊ အများနဲ့ပူးပေါင်းပါဝင်ခွင့်ရတာ၊ လူအများကိုသက်ရောက်နေတဲ့ စည်းမျဉ်းစည်းကမ်း ဆုံးဖြတ်ချက်ချမှတ်မှုတွေမှာ တစ်တပ်တစ်အား ပါဝင်ခွင့်ရတာ၊ ဝင်ရောက်ပြောဆိုခွင့်ရတာ စတာတွေ ပါဝင်ပါတယ်။ ကလေးရောလူကြီးပါ အပြင်ထွက်ပြီး လွတ်လပ်လုံခြုံစွာ ဆော့ကစားလို့ရခြင်း/မရခြင်း၊ ခွဲခြားဆက်ဆံမှုခံရခြင်း/မခံရခြင်းတွေကလည်း ဒီထဲမှာ အကျုံးဝင်ပါတယ်။ ဒီအရာတွေကလည်း လူတစ်ယောက်ရဲ့ ကျန်းမာရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။

(၄) Education Access and Quality

ပညာရေးကို အနီးအနားမှာ လွယ်လင့်တကူ စျေးသက်သက်သာသာ (သို့ဟုတ်) အခမဲ့သင်ကြားနိုင်ရေးပါ။ သင်ကြားရတဲ့ပညာရေးစနစ်နဲ့ ကွာလတီကလည်း ကောင်းမွန်နေရင် လူတွေဟာ အမှားအမှန်၊ လုပ်သင့်တာနဲ့မလုပ်သင့်တာ၊ ကောင်းတာနဲ့မကောင်းတာကို ပိုသိမှာဖြစ်ပြီး ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သင့်တာကို ထိန်းသိမ်းစောင့်ရှောက်ရမှန်း သိမှာဖြစ်ပါတယ်။ ပညာရေးစနစ်နဲ့ကွာလတီမကောင်းတဲ့ လူ့အဖွဲ့အစည်းတွေဟာ တိုးတက်မှုနှုန်းနှေးတာ၊ အကျင့်ပျက်ခြစားမှုများတာ၊ လူ့အသက်နဲ့တန်ဖိုးကို သိပ်အလေးမထားတာ၊ ထိန်းသိမ်းစောင့်ရှောက်သင့်တာတွေကို မစောင့်ရှောက်တာ၊ အရေးတကြီး prioritize လုပ်သင့်တဲ့ကိစ္စတွေကို မလုပ်နိုင်တာ စတာတွေ ဖြစ်လေ့ရှိပါတယ်။

(၅) Economic Stability

ဘဏ္ဍာ/ငွေကြေး/ဝင်ငွေအတွက် စိတ်ချရခြင်း၊ စိတ်မပူပန်ရခြင်း၊ အလွန်အကျွံ စိတ်မဖိစီးရခြင်းဟာလည်း စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ ငွေရေးကြေးရေးဆိုတာ အလုပ်အကိုင်၊ စီးပွါးရေး၊ ရင်းနှီးမြှုပ်နှံမှု၊ financially အားကိုးထားနိုင်သူ ရှိခြင်း/မရှိခြင်း၊ မိဘဘိုးဘွား/ဆွေမျိုးသားချင်းဆီက ငွေအကူအညီ/အမွေ ရနိုင်ခြင်း/မရနိုင်ခြင်း စတာတွေနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ ဒီအရာတွေနဲ့ပက်သက်လို့ စိုးရိမ်ပူပန်ရပြီ၊ စိတ်ဖိစီးရပြီဆိုရင် စားဝတ်နေရေးနဲ့ ဘဝရှင်သန်ရေးကို တိုက်ရိုက်ထိခိုက်လာနိုင်တာမို့ စိတ်/ရုပ်ကျန်းမာရေးကိုပါ ထိခိုက်လာပါမယ်။ ဒါကြောင့် social determinants of health ထဲမှာ economic stability ဆိုတာကို ထည့်ထားတာပါ။

Counseling with Craton

References:

odphp.health.gov/healthypeople/priority-areas/social-determinants-health

pmc.ncbi.nlm.nih.gov/articles/PMC10019099/ (ပို့စ်ထဲမှာ mention လုပ်ထားတဲ့ သုတေသန)

Address

Portland, OR

Website

Alerts

Be the first to know and let us send you an email when Counseling with Craton posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram