06/15/2024
−− ခေါင်းကိုက်ခြင်း (၅) မျိုး −−
◼️အောက်ဖော်ပြပါ အကြောင်းတရားများကြောင့်
ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ် …
၁). ဦးခေါင်းတခုလုံးကိုက်ခဲခြင်း
၂). ခေါင်းတခြမ်းကိုက်ခြင်း
၃). မျက်စိတဝိုက် ခေါင်းကိုက်ခြင်း
၄). ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း
၅). ရုတ်တရက်ပြင်းထန် ခေါင်းကိုက်ခြင်း .
(ဗီဒီယိုကို ကျွန်တော့်ရဲ့ YouTube မှာ ကြည့်နိုင်ပါတယ်)
◼️ ၁. ဦးခေါင်းတခုလုံးကိုက်ခဲခြင်း
နဖူး.
နားထင်.
ခေါင်းနောက်စေ့ခြမ်းနဲ့
ဦးခေါင်းတခုလုံးမှာ တင်းကျပ်ပြီး
ကိုက်ခဲနေတတ်ပါတယ်.
ဆေးပညာမှာတော့
"Tension headache" လို့ ခေါ်ပါတယ်.
ဘာကြောင့်ဖြစ်တာလဲ ဆိုတော့
စိတ်ဖိစီးခြင်း.
အိပ်ရေးမဝခြင်း .
ဦးခေါင်းအနေအထား. ကိုယ်နေဟန်ထားမမှန်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း စသည်တို့ကြောင့်
ဖြစ်နိုင်ပါတယ်.
ဘာလုပ်သင့်လဲ❓
ယေဘုယျအားဖြင့် ဒီလိုခေါင်းကိုက်ခြင်းဟာ
မစိုးရိမ်ရပါဘူး.
အကိုက်အခဲပျောက်ဆေး သောက်သုံးခြင်း.
ဥပမာ . ပါရာစီတမော.
ဒိုင်ကလို (ကျောက်ကပ်ဝေဒနာရှင်များ အထူးသတိပြု)
မျက်စိ အနားပေးခြင်း.
ရှူဆေးရှူခြင်းတို့ ပြုလုပ်နိုင်ပါတယ်.
◼️ ၂. ခေါင်းတခြမ်းကိုက်ခြင်း
သွေးခုန်သလို တဒိန်းဒိန်းနဲ့
ခေါင်းကိုက်နေတတ်ပါတယ်.
ဦးခေါင်းတခြမ်းမှာပဲ
ကိုက်ခဲနေတတ်ပါတယ်.
ဆေးပညာမှာတော့
"Migraine" လို့ ခေါ်ပါတယ်.
ပျို့အန်ခြင်း.
အမြင်ဝေဝါးခြင်းတို့လည်း
တပြိုင်နက် ခံစားရတတ်ပါတယ်.
အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်.
အသံဆူညံတာတို့.
စူးရှတဲ့ အလင်းရောင်တို့ကို
လုံးဝမခံနိုင်ပါဘူး.
ဒီလို ခေါင်းကိုက်တဲ့ဝေဒနာ ခံစားနေရရင်တော့
အမှောင်ခန်းထဲမှာပဲ
တိတ်တဆိတ်အနားယူချင်ကြပါတယ်.
ဘာလုပ်သင့်လဲ❓
ခေါင်းကိုက်တာ မပြင်းထန်ရင်တော့
အကိုက်အခဲ ပျောက်ဆေးတွေဖြစ်တဲ့
ဥပမာ . ပါရာစီတမောနဲ့
ဒိုင်ကလို တို့ကို သောက်သုံးနိုင်ပါတယ်.
မသက်သာရင် (သို့)
၁ လမှာ လေးကြိမ်လောက်အထိ
မကြာခဏခေါင်းကိုက်နေမယ်ဆိုရင်တော့
ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်.
◼️ ၃. မျက်စိတဝိုက် ခေါင်းကိုက်ခြင်း
အများအားဖြင့်
မျက်လုံးတဖက်ကို ဗဟိုပြုပြီး
ပြင်းပြင်းထန်တန် ခေါင်းကိုက်တတ်ပါတယ်.
ဆေးပညာမှာတော့
"Cluster Headache" လို့ ခေါ်ပါတယ်
နှာရည်ယိုခြင်း.
မျက်လုံးနီခြင်း.
မျက်ရည်ကျခြင်းတို့်လည်း
တပြိုင်နက် ခံစားရနိုင်ပါတယ်.
အမျိုးသားတွေမှာ ပိုပြီး အဖြစ်များပါတယ်.
အရက်သောက်ရင်.
ဆေးလိပ်သောက်ရင်
ပိုဆိုးစေနိုင်ပါတယ်.
ဘာလုပ်သင့်လဲ❓
ဆေးရုံဆေးခန်းမှာ
ကုသမှု ခံယူသင့်ပါတယ်.
ဘာကြောင့်လဲဆိုရင်တော့
အောက်စီဂျင်ပိုက်ရှူလိုက်ရင်
ခေါင်းကိုက်တဲ့ ဝေဒနာဟာ
အလျင်အမြန် ပျောက်ကင်းနိုင်ပါတယ်.
◼️ ၄. ထိပ်ကပ်နာကြောင့် ခေါင်းကိုက်ခြင်း
နှာခေါင်းတဝိုက်နဲ့
နဖူးတဝိုက်မှာ
ကိုက်ခဲတဲ့ဝေဒနာကို ခံစားကြရပါတယ်.
ဘာကြောင့်ဖြစ်တာလဲဆိုရင်တော့
အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း.
လေထုညစ်ညမ်းခြင်း.
ဓါတ်မတည့်ခြင်းတို့ကြောင့်
ဖြစ်တတ်ပါတယ်.
ခေါင်းကိုက်ဝေဒနာနှင့်အတူ
နှာခေါင်းပိတ်ခြင်း.
နှာရည်ယိုခြင်း .
ဖျားနာခြင်းတို့လည်း တပြိုင်နက်
ခံစားရတတ်ပါတယ်
ဘာလုပ်သင့်လဲ❓
နှာခေါင်းဖြန်းဆေးများ
နှာခေါင်းအစက်ချဆေးရည်များကို
အသုံးပြု နိုင်ပါတယ်။
မသက်သာဘူး (သို့)
ပိုဆိုးလာရင်တော့
နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်သင့်ပါတယ်.
◼️ ၅. ရုတ်တရက်ပြင်းထန် ခေါင်းကိုက်ခြင်း
ချက်ချင်းဆိုသလို ဖြစ်ပေါ်လာတဲ့
ခေါင်းကိုက်ဝေဒနာဖြစ်ပြီး
အဆိုးဝါးဆုံးနဲ့
အစိုးရိမ်ရဆုံး ဖြစ်ပါတယ်.
အချိန် ၁ မိနစ်လောက်အတွင်းမှာပဲ
မိမိဘဝမှာ အပြင်းထန်ဆုံးလို့ ဆိုနိုင်လောက်တဲ့
ခေါင်းကိုက်ဝေဒနာကို
ခံစားကြရပါတယ်.
ဆေးပညာမှာတော့ "Thunderclap" လို့ ခေါ်ပါတယ်.
မြန်မာလို ဘာသာပြန်ရင်တော့
လျှပ်စီးလက်သလို
မိုးကြိုးပစ်လိုက်သလို ခေါင်းကိုက်ခြင်းလို့
အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်.
လေဖြတ်ခြင်း
ဦးနှောက်ထဲမှာ သွေးယိုစီးခြင်း
ဦးနှောက်သွေးကြောပေါက်ခြင်း တို့ကြောင့်
ဖြစ်နိုင်ပါတယ်
ဘာလုပ်သင့်လဲ❓
ဆေးရုံဆေးခန်းကို အမြန်ဆုံးသွားသင့်ပါတယ်.
နောက်ကျရင်တော့
အသ−က် အန္တ−ရာယ် ရှိနိုင်ပါတယ် ခင်ဗျာ...
ချစ်ခင်လေးစားစွာဖြင့်
Dr. ကျော်ဇောဟိန်း
လ/ထ ပါမောက္ခ (ဆေးပညာ)
ခေတ္တ USA
#ကျန်းမာရေး အောက်ဖော်ပြပါ အကြောင်းတရားများကြောင့်ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ် …. ၁). ဦးခေါင်တ....