11/01/2025
ဆွေမျိုးအချင်းချင်းသွေးမလှူသင့်ကြောင်းရှင်းလင်းချက်
“အဓိကတော့ အမျိုးအချင်းချင်း သွေးမသွင်းတာအကောင်းဆုံးပဲ”
ဆွေမျိုးအချင်းချင်း သွေးမသွင်း သင့်တာ ဒါကြောင့်ပါ။
ဆွေမျိုးအချင်းချင်း သွေးသွင်းတဲ့အခါ အခန့်မသင့်ရင် Transfusion Associated Graft-Versus-Host Disease (TA-GVHD) ဆိုတာ ဖြစ်တတ်ပါတယ်။ ဒါက ရှားပေမယ့် ဖြစ်လာရင် သေနှုန်းက ၉၀ ရာခိုင်နှုန်းလောက် ရှိပါတယ်။
ဟိုးအရင်တုန်းက သွေးလိုရင်၊ သွေးအမျိုးအစားလည်း တူတယ်ဆိုရင် အမျိုးတွေဆီက ယူပြီး သွင်းပေးလေ့ရှိပါတယ်။ ဒါပေမယ့် အဲ့ဒီလူနာတွေက သိပ်မကြာဘူး၊ လက္ခဏာတွေ အပြင်းအထန်တွေ ခံစားရပြီး သေဆုံးသွားကြပါတယ်။ ဒီလိုမျိုး သွေးသွင်းပြီး ၁လလောက်အကြာမှာ ဆုံးသွားကြတာတွေ များလာတော့ ဘာကြောင့်လဲဆိုတာကို လေ့လာရာကနေ TA-GVHD ကြောင့် ဆိုတာကို သိလာကြပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အမျိုးအချင်းချင်း သွေးလှူတာကို လက်မခံတော့တာပါ။
TA-GVHD ဆိုတာ
ဥပမာ ပြောရရင် ကျောက်ကပ်အစားထိုးထားတဲ့ လူနာမှာ လူနာရဲ့ ခန္ဓာကိုယ်က ကျောက်ကပ်ကို လက်မခံနိုင်ဘဲ ပြန်တိုက်သလို သွေးသွင်းထားတဲ့ လူနာမှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်တာပါ။
သွေးသွင်းတဲ့အခါ အလှူရှင်ဆီကနေ lymphocytes လို့ခေါ်တဲ့ သွေးဖြူဥဆဲလ်တွေ ပါလာပါတယ်။ ပုံမှန်ဆိုရင်တော့ လူနာဘက်က ဒီဆဲလ်တွေက ငါတို့နဲ့ တူတူပဲ သတ်မှတ်ပြီး အန္တရာယ်မပေးပါဘူး။ ဒါပေမယ့် တချို့အခြေအနေ (အထူးသဖြင့် ခုခံအား ကျနေတဲ့ အချိန်) မှာဆိုရင်တော့ ဒီလိုမျိုး မမှတ်မိတဲ့အတွက် အလှူရှင်ဆီက သွေးဆဲလ်က လူနာရဲ့ ဆဲလ်တွေ၊ အရေပြား၊ အူလမ်းကြောင်း၊ ရိုးတွင်းခြင်ဆီ စတာတွေကို တိုက်ခိုက်တဲ့အတွက် သေဆုံးသည်အထိ ဖြစ်လာရတာပဲ ဖြစ်ပါတယ်။
ဘယ်သူတွေက TA-GVHD ဖြစ်နိုင်သလဲ။
TA-GVHD က ဘယ်သူ့မှာ ဖြစ်မလဲဆိုတာက ပြောရခက်ပါတယ်။ ခုခံအားကျတဲ့ သူတွေအပြင် ဒီလူတွေမှာလည်း တွေ့ရတတ်ပါတယ်။
❗️ရိုးတွင်းခြင်ဆီ အစားထိုး ကုသမှု ခံယူထားတဲ့ လူနာတွေ
❗️မွေးရာပါ T lymphocytes ချို့တဲ့နေတဲ့သူတွေ
❗️Hodgkin lymphoma လို့ခေါ်တဲ့ သွေးကင်ဆာရှိသူတွေ
❗️မွေးစကလေးတွေမှာ သွေးလဲတဲ့အခါ
❗️ကင်ဆာကြောင့် ဆေးသွင်းတာ၊ ရောင်ခြည်ပြတာကို ပမာဏများများ ခံယူနေရတဲ့သူတွေ
❗️Purine နဲ့ အလားတူ ဆေးတွေ ဖြစ်တဲ့ alemtuzumab, antithymocyte globulin မှီဝဲနေတဲ့သူတွေ
❗️သားအိမ်ကနေတဆင့် သန္ဓေသားထဲကို သွေးသွင်းရတဲ့အခါ
❗️ကိုယ်ခံအား ကောင်းပေမယ့် သွေးအနီးဆုံးဆွေမျိုးဆီက သွေးသွင်းတဲ့အခါ (ဥပမာ မောင်နှမအရင်းအချာ၊ မိရင်းဖရင်း)
❗️လမစေ့ ပေါင်မပြည့်တဲ့ ကလေးတွေ သွေးသွင်းတဲ့အခါ
❗️နှလုံးခွဲစိတ်မှု လုပ်တဲ့အခါ
❗️ဆွေမျိုးဆီကနေ ခုသွေးထုတ်ပြီး ချက်ချင်း ပြန်သွင်းတဲ့အခါ
လောလောလတ်လတ် ထုတ်ထားတဲ့ သွေးကို သွင်းတဲ့အခါ ဘယ်သူ့မှာမဆို ဖြစ်သွားနိုင်တယ်ဆိုပေမယ့် ခုပြောခဲ့တဲ့ သူတွေကတော့ ဆွေမျိုးတွေဆီက သွေးသွင်းတာကို ရှောင်ကြဉ်သင့်ပါတယ်။
စိတ်ဝင်စားစရာ ကောင်းတဲ့အချက်က ခုခံအားကျတဲ့သူတွေမှာ တွေ့ရများတယ်ဆိုပေမယ့် HIVပိုးရှိသူမှာ တွေ့ရတာတော့ ရှားပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ ဗိုင်းရပ်စ်နဲ့ သွေးလှူရှင်ရဲ့ T lymphocyte ကြားက တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က ချက်ချင်းထုတ်ပြီး ချက်ချင်း သွင်းတဲ့ သွေးထက် ၁၄ရက်ကျော်ကြာအောင် သိုလှောင်ထားတဲ့ သွေးတွေက ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။
TA-GVHD ရဲ့ လက္ခဏာများ
လက္ခဏာတွေက သွေးသွင်းပြီး ၈-၁၀ ရက်လောက်အကြာမှာ ပြတတ်ပါတယ်။ လက္ခဏာအနေနဲ့
* ဖျားတာ
* အရေပြားမှာ အနီစက်တွေ ထွက်တာ
* ဝမ်းလျှောတာ
* ရိုးတွင်းခြင်ဆီ ထိခိုက်တာ
* သွေးဆဲလ်၃မျိုးလုံး နည်းသွားတာ (သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား)
* အသည်းထိခိုက်တာတွေ ခံစားရနိုင်ပါတယ်။
TA-GVHD ကို ဘယ်လိုကုသနိုင်မလဲ။
TA-GVHD ရဲ့ သေနှုန်း ၉၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိပါတယ်။ အများစုက လက္ခဏာပြပြီး ၁-၃ပတ်အတွင်းမှာ ပိုးဝင်တာကြောင့် သေဆုံးကြပါတယ်။ ခုခံအားကို ထိန်းဖို့ စတီးရွိုက်တွေ၊ ခုခံအားထိန်းဆေးတွေ၊ ရိုးတွင်းခြင်ဆီ အစားထိုးတာတွေ လုပ်နိုင်ပေမယ့် ရှင်နှုန်း နည်းပါတယ်။
ဒါကြောင့် မဖြစ်အောင် ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါပဲ။
TA-GVHD မဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ။
❗️သွင်းမယ့် သွေးထုပ်ကို ရောင်ခြည်ဖြတ်လို့ ရပါတယ်။ Gamma radiationတွေ X radiationတွေနဲ့ lymphocyte တွေ ဆက်မပွားအောင်၊ DNA ပျက်စီးအောင် လုပ်ထားမယ်ဆိုရင် ကိုယ်ထဲရောက်တဲ့အခါ ဓာတ်ပြုတုံ့ပြန်တာကို တားနိုင်မှာပါ။
Lymphocyte ကြောင့်ဆိုတော့ Lymphocyte မပါတဲ့ သွေးကို သွေးရင် မရဘူးလားဆိုတော့ ဒါကလည်း အပြည့်အဝကာကွယ်နိုင်မယ်လို့ အာမခံချက် မရှိပါဘူး။
ဒါကြောင့် ရောင်ခြည်ဖြတ်လို့ရရင် ဖြတ်၊ မရရင် အမျိုးအချင်းချင်း သွေးသွင်းတာကို ရှောင်တာက အကောင်းဆုံးပါ။
ဒါဆို မြန်မာနိုင်ငံက ဆေးရုံတွေမှာ ဘာလို့ ဆွေမျိုးတွေက သွေးကို ပေးလို့ရတာလဲ။
မြန်မာနိုင်ငံက ဆေးရုံတွေမှာ လူနာကို သွေးသွင်းဖို့ ဆွေမျိုးတွေကလှူရင် ယူထားတာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒါက ကိုယ့်လူနာအတွက် သုံးတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ သွေးလှူဘဏ်တွေ ရှိပေမယ့် သွေးလိုအပ်ချက်က လှူတာထက် ပိုများပါတယ်။ ဒါ့ပြင် သွေးထုပ်တွေကို နေရာတိုင်းမှာ ရောင်ခြည်ဖြတ်လို့ မရပါဘူး။
ဒါကြောင့် ဆွေမျိုးအချင်းချင်း သွေးသွင်းပေးလေ့မရှိပါဘူး။ လူနာကို သွင်းပေးတာက တခြားအလှူရှင်ဆီက သွေးပါ။ ဆွေမျိုးတွေဆီက သွေးယူထားတယ်ဆိုတာက အစားပြန်ပေးတာပါ။ ဆိုလိုတာက သွေးမလုံလောက်တဲ့အတွက် ကိုယ်က တစ်ထုပ်သွင်းပြီးတိုင်းမှာ နောက်လူနာအတွက် တစ်ထုပ်ပြန်လှူခဲ့ရပါတယ်။ ဒါမှ သွေးပြတ်လတ်မှု မရှိမှာပါ။
Credit - Hello Sayawon
ဆွေမျိုးအချင်းချင်း သွေးလှူဒါန်းခြင်းကြောင့် သွေးလက်ခံသည့်သူသည် ရက်ပေါင်း ၃၀ အတွင်း အသက်သေဆုံးနိုင်သည်ဟုဆိုသည်။ ထိုအကြောင်းအရာနှင့် ပတ်သက်၍
ပြည်သူလူထု ဗဟုသုတရရှိစေရန်နှင့် သတိပြုမိစေရန်အတွက် အမျိုးသားသွေးဌာန၏ တာဝန်ခံဒေါက်တာသီတာအောင်နှင့် The Voice က မေးမြန်းဖြစ်သည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
Voice : အမျိုးအချင်းချင်း သွေးလှူဒါန်းလို့မရဘူးဆိုတာ ဟုတ်ပါသလား ဆရာမ။ ဒီအကြောင်းလေးကို ရှင်းပြပေးပါဦး။
Dr.TDA : အမျိုးအချင်းချင်း သွေးသွင်းရင်ဖြစ်တာကို ပြောတာပါ။ ဒါကို နည်းပညာပိုင်းအခေါ်အရတော့ Transfusion Associated Graft Vs Host Disease (TaGvHD) လို့ ခေါ်တယ်။ အဓိက ဘာဖြစ်တာလဲဆိုတော့ Host ဆိုတာက လူနာ၊ Graft ဆိုတာက သွင်းလိုက်တဲ့သွေး၊ သွေးလှူရှင်ဆီကသွေး။ ဒီတော့ လူနာထဲကို သွေးလှူရှင်ဆီက သွေးသွင်းလိုက်တယ်။ အဲဒီအချိန်မှာ လူနာရဲ့ကိုယ်ထဲမှာ သွေးလှူရှင်ရဲ့သွေးထဲက Mature T Lynphozytes ဆိုတဲ့ စစ်သားတွေရှိတယ်။ အဲဒါတွေက ပျံ့သွားတယ်။ အလှူရှင်ဆီကဟာက လူနာရဲ့ကိုယ်ထဲရောက်မှဖြစ်တာ။ T Lynphozytes ဆိုတာ ခန္ဓာကိုယ်မှာ ကိုယ်ခံအားနဲ့ပတ်သက်တဲ့ ဆဲလ်တွေရှိတယ်။ T၊ B၊ NK ဆိုတဲ့အထဲကမှ T ဆိုတဲ့ Lynphozytes က စထွက်ခါစမှာ မရင့်ကျက်ဘူး။ တစ်ခုနဲ့တစ်ခု မတူဘူးပေါ့။ ဒါတွေက တော်တော်ခက်ခဲနက်နဲတဲ့အရာပေါ့။ ခန္ဓာကိုယ်ကနေ ပြန်တိုက်ထုတ်ရမယ့် Lynphozytes ဆဲလ်တစ်မျိုးက လူနာကိုယ်ထဲရောက်ပြီးပျံ့တော့ လူနာမှာရှိနေတဲ့ ဆဲလ်တွေနဲ့ လိုက်တိုက်တာ။
Voice : အဲဒီဆဲလ်တွေကနေ လူနာကို ဘာတွေ ဆက်ဖြစ်စေနိုင်ပါသလဲ ဆရာမ။
Dr.TDA : ဒီတော့ ဘာတွေဖြစ်လဲဆိုတော့ သူ့ဘက်က စစ်သားနဲ့ လူနာထဲကစစ်သားနဲ့ တိုက်တာ။ တိုက်တဲ့အခါကျတော့ လူနာထဲမှာရှိနေတဲ့ ကိုယ်ခံအားကို စောင့်ရှောက်ပေးတဲ့သူတွေက အပြင်ကဝင်လာတဲ့ T Lynphozytes တွေက အမျိုးလို့ ထင်ထားတယ်။ ပုံစံတွေက မတိမ်းမယိမ်းဖြစ်နေတော့ လူနာက ဝင်လာတဲ့ဟာကို ကိုယ်နဲ့တော်တော်ညီတော့ (Self-ကိုယ်) လို့ပဲမှတ်တယ်။ ဒါပေမဲ့ ဝင်လာတဲ့ကောင်က စွမ်းအားများပြီးတော့ Self လို့မှတ်ထားတဲ့ဟာကို တိုက်ပစ်လိုက်တာ။ တိုက်လိုက်တော့ အဓိကထိတာက ခြင်ဆီကိုထိသွားတယ်။ ပြီးရင် အသည်းရဲ့ဆဲလ်တွေနဲ့ အစာအိမ်လမ်းကြောင်းကို ထိတယ်။ အပြင်ကနေ ရန်သူဝင်မှာကို ခန္ဓာကိုယ်က သဘာဝကြီးက တားထားတယ်။ အပြင်ကဝင်ရင် အရေပြားကကာရမယ်။ အစားကဝင်ရင် အူကကာရမယ်။ ထွက်လာတာမှန်သမျှကို ခြင်ဆီကနေပြီးတော့ ရန်သူကိုတိုက်ဖို့အတွက် စစ်သားထုတ်ပေးရတယ်။ တော်တော်များများက သွေးလည်ပတ်တာကနေ လည်သွားလို့ရှိရင် အသည်းထဲကျရင် စားပစ်တော့ စားတဲ့နေရာတွေမှန်သမျှကို တိုက်ပစ်တော့ အရေပြားမှာ ခြစ်ရာတွေပေါ်သွားတယ်။ လူက ဝလာတယ်။ ဝမ်းလျှောတယ်။ အဓိကက ၂၁ ရက်လောက်ဆိုရင် သေချာပေါက် ၉၉ ဒသမ ၉ ရာခိုင်နှုန်း အသက်ဆုံးရှုံးတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ ဘာမှအကာအကွယ်မရှိတော့ဘဲ ရောဂါပိုးတွေဝင်တယ်။ သွေးသွင်းခြင်းကို ကြောက်စေချင်တာပေါ့။ သွေးသွင်းခြင်းဆိုတာက သွေးဆိုတဲ့အနီလေးတွေမဟုတ်ဘဲနဲ့ အဲဒီသွေးထဲမှာ တစ်ယောက်နဲ့တစ်ယောက် အမြွှာချင်းတောင်မတူတဲ့ ကိုယ်ခံအားစနစ်တွေ အကုန်ပါသွားတယ်။ ဒါကြောင့် လူနာကနေ သွင်းလိုက်တဲ့သူနဲ့ မတိမ်းမယိမ်း အမျိုးဖြစ်နေတဲ့အတွက်ကြောင့် သူ့စိတ်ထဲမှာ လက်ခံလိုက်ပေမယ့် သူက ကိုယ်ခံအားနည်းနည်းကျနေတဲ့အချိန်မှာ ဝင်လာတဲ့ကောင်က သူ့ကိုပြန်တိုက်သွားတာပေါ့။ သွေးပေးတဲ့သူမှာ ရောဂါဘာညာရှိလို့ မဟုတ်ဘူး။ ဒါက သဘာဝပဲ။
Voice : အမျိုးအချင်းချင်း သွင်းလို့မရဘူးဆိုတာနဲ့ပတ်သက်ပြီး ရှင်းပြပေးပါဦး။
Dr.TDA : အဖေ၊ အမေအတူတူဆို မရဘူး။ ယောကျာ်းနဲ့ မိန်းမဆိုရတယ်။ အမျိုးဆိုတာက သွေးနှော (Blood Related) ဖြစ်ရမယ်။ ကိုယ့်အဖေဘက်က အမျိုးတွေနဲ့မရသလို ကိုယ့်အမေဘက်က အမျိုးတွေနဲ့လည်းမရဘူး။ အိမ်ထောင်သည် အချင်းချင်းရတယ်။ သူတို့က မွေးလာတဲ့ကလေးတွေမှာ အသားဝါတာဖြစ်တယ်။ ဝါရင် သွေးချိန်းတာတွေလုပ်ရတယ်။ အဲဒီလိုအချိန်ကျရင် သူ့အဖေရဲ့သွေးနဲ့ ချိန်းတာတွေမလုပ်သင့်ဘူး။ မဖြစ်လို့လုပ်ရမယ်ဆိုရင် ဝင်သွားမယ့် Lynphozytes တွေကို သတ်ရတယ်။ ဘာနဲ့သတ်ရသလဲဆိုတော့ Radiation (ဓာတ်ရောင်ခြည်) နဲ့ သတ်ရတယ်။ Gamma Irradiator ဆိုတဲ့စက်နဲ့ပါ။ Lynphozytes တွေ ပွားမယ့်ဟာကို Radiation က ဖြတ်ပစ်လိုက်တာ။ မဖြစ်လို့သွင်းရမယ်ဆိုရင် Irradiate လုပ်ပြီးမှ သွင်းရတယ်။
Voice : ဒီလိုအမျိုး အချင်းချင်း သွေးသွင်းလို့မရဘူးဆိုတာ အခုမှဖြစ်လာတာလား ဆရာမ။
Dr.TDA : ဟိုအရင်တုန်းကတော့ ဘာဖြစ်မှန်းမသိဘူး။ အခုတော့ အကြောင်းရှာနိုင်တာပေါ့။ စဖြစ်ကတည်းက ငါတို့ အခုမှဖြစ်တယ်လို့ ပြောတာမဟုတ်ဘူး။ သွေးသွင်းလိုက်တယ်။ တစ်ခုခုဖြစ်သွားတယ်။ ဒါပေမဲ့ သွေးသွင်းလို့ဖြစ်တာလား၊ မဖြစ်တာလားဆိုတာ မသိသေးဘူး။ နောက်ပိုင်းကျတော့ ဆရာမတို့က စုံစမ်းစစ်ဆေးနိုင်တဲ့နည်းလမ်းတွေ အရမ်းတိုးတက်လာတဲ့အခါကျတော့ သုတေသနတွေလုပ်ရင်းနဲ့ အကြောင်းရင်း အခုမှပေါ်တာပေါ့။ ဖြစ်တာက အရင်တုန်းကတည်းက ဖြစ်ချင်ဖြစ်မယ်။ သွေးသွင်းလိုက်တယ်။ ၂၁ ရက်၊ တစ်လလောက်ကြာမှ အသားတွေဝါတယ်။ ဝမ်းတွေလျှောပြီး ဆုံးသွားတတ်တယ်။ ဘယ်သူကမှ သွေးကြောင့်လို့ မထင်ခဲ့ဘူး။ ဒါကြောင့် တခြားတိုင်းပြည်တွေမှာ သွေးသွင်းပြီးတဲ့ လူနာတစ်ယောက်က ဘယ်အချိန်မှာ တစ်ခုခုပြန်ဖြစ်ဖြစ် Report ပြန်တင်ရတယ်။ ဒါကဘာကြောင့်ဖြစ်နိုင်သလဲဆိုတာကို ဖြစ်တဲ့လက္ခဏာတွေနဲ့ ထင်တဲ့အကြောင်းတွေကို စုံစမ်းပြီး Test တွေ လုပ်ရတယ်။ အခု Test တွေလုပ်တာပိုပြီး တိုးတက်လာတဲ့အတွက်ကြောင့် နောက်ပိုင်းမှာ ဒါကြောင့်ဖြစ်တာ သိသွားတဲ့အတွက် ဘယ်လိုကာကွယ်ရမလဲ၊ Radiation မသုံးနိုင်တဲ့အချိန်ကျရင်တော့ မသွင်းတာ အကောင်းဆုံးပဲ။
Voice : ဒီကိစ္စကို ဘယ်တုံးလောက်က စသိတာလဲ။
Dr.TDA : ဖွံ့ဖြိုးပြီးတိုင်းပြည်တွေ သိတာကတော့ ၂၀ ရာစုလောက်တည်းက စသိနေပါပြီ။ ဆရာမတို့ဆီမှာကတော့ ဒီလိုမျိုး နှစ်ယောက်လောက်ပဲ တွေ့သေးတယ်။ ဆရာမတို့က စုံစမ်းလေ့လာမှုတွေ မလုပ်နိုင်ဘူးလေ။ ဒါပေမဲ့ ဖြစ်တဲ့လက္ခဏာတွေနဲ့ ဒီကိစ္စရဲ့ လက္ခဏာတွေကိုပေါင်းပြီးတော့ သတိထားမိတာပေါ့။ သူတို့ဆီက ဗဟုသုတတွေရလာတယ်။ ၂၀၁၀ ခုနှစ်လောက်ကျော်တော့မှ ပိုပြီး Awareness ဖြစ်လာတာပေါ့။ တွေ့ခဲ့တဲ့လူနာနှစ်ယောက်လုံးကတော့ သေသွားတာပေါ့။ သွေးလှူလိုက်တဲ့သူကတော့ ဘာမှမဖြစ်ပါဘူး။ သွေးလက်ခံတဲ့သူမှာလည်း အမြဲတမ်းဖြစ်မယ်တော့ မဟုတ်ဘူးပေါ့။ သူက ကံတရားလို့ပြောသော်လည်း သွေးလက်ခံတဲ့သူရဲ့ ကိုယ်ခံအားပေါ် မူတည်တာပေါ့။ သူ့ကိုတိုက်တဲ့သူကို ပြန်တိုက်နိုင်ရင်တော့ ဘာမှမဖြစ်ဘူး။ သူက မတိုက်လိုက်မိလို့ဖြစ်သွားတာ။ အဓိကတော့ ကိုယ်ခံအားကျနေတဲ့သူတွေမှာ ပိုဖြစ်တတ်တာပဲ။
Voice : Radiation သုံးတယ်ဆိုတာကို ရှင်းပြပေးပါဦး။
Dr.TDA : ထည့်မယ့်သွေးအထုပ်ကို Gamma Irradiator ထဲ ထည့်လိုက်တာပေါ့။ ထည့်ပြီး Radiation ပေးရတယ်။ သုံးမိနစ်၊ လေးမိနစ်အတွင်းမှာ အကုန်သေသွားတာ။ ဒီလိုထည့်သတ်လိုက်မယ်ဆိုရင်တော့ သွေးကို အသုံးပြုလို့ရတယ်။
Voice : Gamma Irradiator နဲ့ ဆဲလ်ကို သတ်ပေးတာက မြန်မာနိုင်ငံမှာရော လုပ်ဆောင်ပေးနေပြီလား ဆရာမ။
Dr.TDA : ဆရာမတို့ဆီမှာ Irradiator မရှိဘူး။ သူက ဒေါ်လာငါးသိန်းလောက် တန်ဖိုးရှိတယ်။ ဆရာမတို့က အခုခြင်ဆီလဲတဲ့သူတွေအတွက်တော့ မြောက်ဥက္ကလာဆေးရုံမှာ တစ်လုံးဝယ်ထားတာတော့ ရှိပါတယ်။
Voice : အမျိုးအချင်းချင်း သွေးလှူလို့မရဘူးဆိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာမအနေနဲ့ သွေးလှူဒါန်းတဲ့အခါ သတိပြုနိုင်မှာတွေကို ပြောပြပေးပါဦး။
Dr.TDA : အဓိကတော့ ကိုယ့်အမျိုးလိုရင် ကိုယ့်အမျိုးပေးမှပဲရမယ်ဆိုတဲ့ အခြေအနေက ရိုးရိုးသာမန်လူတွေ မပေးထားလို့ပေါ့။ သူများတိုင်းပြည်မှာကတော့ ကလေးတွေပေးတယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှန်သမျှကို Irradiate Blood ပေးတယ်။ ဆရာမ တို့ဆီမှာ Irradiate Blood က မသုံးနိုင်ဘူး။ မသုံးနိုင်တဲ့အခြေအနေမှာ တကယ်လို့ လူနာသည် သူ့ရဲ့ကိုယ်ခံအား နည်းနည်းကျနေခဲ့မယ်ဆိုရင် ဖြစ်တတ်တယ်။ လူနာကိုယ်ခံအားကျရင် ဖြစ်နိုင်တဲ့တခြားအကြောင်းတွေလည်းရှိတယ်။ ဒါကြောင့် ဖြစ်နိုင်တယ်ဆိုရင်တော့ အမျိုးပေးမှရတော့မယ့် အခြေအနေမျိုးမဖြစ်အောင် သွေးလှူဘဏ်မှာ တခြားလူပေးထားတဲ့ သွေးတွေပြည့်နေမယ်ဆိုရင်တော့ မလိုတော့ဘူး။ ပေးခဲ့ရင်တော့ လွှဲပေးလို့ရတာပေါ့။ ကိုယ့်အမျိုးပေးမှ ရမယ်ဆိုတဲ့အခြေအနေမျိုး မဖြစ်အောင်လုပ်ရမှာပေါ့။ အဓိကကတော့ အမျိုးသွေးမှပေးရလောက်တဲ့ အခြေအနေမျိုးမဖြစ်အောင် စေတနာသွေးလှူရှင်တွေ ထောက်ပံ့ထားခဲ့မယ်ဆိုရင် ဆရာမတို့က ရှောင်လွှဲလို့ရသွားတာပေါ့။ ဒီကိစ္စက Irradiation မလုပ်သရွေ့ကတော့ ဘယ်သူဖြစ်မယ်ဆိုတာ ပြောလို့မရဘူး။ အဓိကတော့ အမျိုးအချင်းချင်း သွေးမသွင်းတာအကောင်းဆုံးပဲ။ အမျိုးအချင်းချင်းဆိုတာက Blood Related ကို ပြောတာပေါ့။
Voice : ဆရာမအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုကို သတင်းစကားပါးပေးပါဦး။
Dr.TDA : ဆရာမကတော့ လူငယ်လေးတွေကို ပြောချင်တာက ရက်ပေါင်း ၁၂၀ ကြာရင် ပိုနေမယ့်သွေးနဲ့ လူနာတွေ မလိုတဲ့အချိန်တည်းကကို လာရောက်ထောက်ပံ့ပေးခြင်းက ဒီလိုအမျိုးချင်း မဖြစ်မနေပေးရတဲ့အခြေအနေကို ကြုံလာမှာမဟုတ်ဘူး။ ဒါကြောင့် အခုကတည်းက စေတနာသွေးလှူရှင်စနစ်ကို လူငယ်တွေထဲမှာ မွေးမြူပြီး ထူထောင်လိုက်မယ်ဆိုရင်တော့ ဒါတွေအကုန်လုံးက ပပျောက်သွားမှာပါ။
Voice : ဟုတ်ကဲ့။ အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သီတာဆွေ
Crd # # #နေပြည်တော်ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး
Blood donation from a family member ဆွေမျိုးအချင်းချင်း သွေးလှူခြင်း
မေးတာတာ ၄-၅ ယောက်ရှိပြီ။ မီဒီယာမှာတင်ထားတဲ့ လင့်ပို့ပေးသူလည်းပါတယ်။ ဆွေမျိုးတွေဆီကသွေးသွင်းရင် သေတတ်တယ်လို့လည်းပါတယ်။ ခပ်တိုတို ဖြေခဲ့ပါတယ်။ အစိုးရိမ်မကြီးသင့်ပါ။ အခု နည်းနည်း ရေးပါရစေ။
ဒီစာရေးဘို့ အရင်ဆုံးသုတေသနလုပ်ပါတယ်။ Blood transfused from relatives can be fatal - TA GVHD သေနိုင်တယ်လို့ အိန္ဒိယဆရာဝန်တယောက်ရေးတာလည်းဖတ်ရတယ်။ အဲတာတခုသာ တွေ့သေးတယ်။ ၃-၁ဝ-၂ဝ၁၂ နေ့က ဆွေမျိုးရင်းဆီကနေသွေးရယူတဲ့လူနာတယောက် သေဆုံးတာရှိတယ်။ TA-GVHD ကြောင့်ဖြစ်တယ်။ Transfusion-associated graft-versus-host disease လို့ခေါ်တယ်။
ဆွေမျိုးတယောက်ဆီက ယူတဲ့သွေးဟာ အမည်မသိသူတယောက်ဆီကသွေးလောက် စိတ်မချရဘူးလို့ဆိုပါတယ်။ GVHD ခေါ်တဲ့ အလှူရှင်-လက်ခံသူကြားဖြစ်တတ်တဲ့ရောဂါကို သတိထားဘို့ရှိပါတယ်။ အဲလိုဖြစ်ရင် အလှူရှင့် သွေးဖြူဥတွေက လက်ခံသူရဲ့သွေးဥတွေကို တိုက်ခိုက်မယ်။ သေဆုံးတဲ့အထိ ဖြစ်နိုင်တယ်။ အဲလိုမဖြစ်အောင် ကာကွယ်လို့ရပါတယ်။ လှူတဲ့သွေးဖြူဥတွေကို အဲလိုမလုပ်စေအောင်နည်းရှိတယ်။ Blood irradiation လို့ခေါ်တယ်။
သွေးတိုက်ရိုက်ဖေါက်ယူသွင်းပေးနည်းဆိုတာရှိတယ်။ ဆွေမျိုးဆီကရော သူငယ်ချင်းဆီကနေပါ သွေးဖေါက်ယူပြီး လူနာကို သွေးသွင်းပေးနည်းဖြစ်တယ်။ ခွဲစိတ်လူနာကို လုပ်ရလေ့ရှိတယ်။ ဆေးသုတေသနစာတမ်းရဲ့ အကြံပြုချက်ကတော့ ဆွေမျိုးအရင်းဆီကနေ သွေးမလှူသင့်။ မဖြစ်မနေလှူရရင် Blood irradiation နည်းနဲ့ကာကွယ်ပါ။
အခြေခံအချက်ကတော့ ABO သွေးအုပ်စုတူမယ်၊ Rh အုပ်စုလည်းတူမယ်၊ သွေးထဲမှာ ကူးစက်ရောဂါပိုးလည်းမရှိရင် သွေးလှူနိုင်တယ်။
သွေးလှူရှင်တဦးမှာ ရှိရမယ့် အရည်အချင်းတွေ
• အသက် အနည်းဆုံး (၁၇) နှစ်ရှိရမယ်။
• ကိုယ်အလေးချန် အနည်းဆုံး 110lbs ပေါင်ရှိရမယ်။
• အနည်းဆုံးသွေးထုထည် 10 mls/kg လှူနိုင်တယ်။
• အနည်းဆုံး ဟီမိုဂလိုဘင် HGB 12.5 g/dL ရှိရမယ်။
• ကိုယ်ပူမနေရ၊ အအေးမိ၊ တုပ်ကွေး၊ လည်ချောင်းနာ၊ ပိုးတခုခုဝင်နေတာ မရှိစေရ။
• ပဋိဇီဝဆေးသောက်ထားသူ ဆေးသောက်ပြီးနောက် အနည်းဆုံး ၄၈ နာရီကွာခြားရမယ်။
• သွေးရယူသူဟာ သားသမီးရနိုင်တဲ့အရွယ်ရှိသူ လူနာအမျိုးသမီးဖြစ်ရင် သူ့ရဲ့ ခင်ပွန်း၊ ဘွိုင်းဖရင်း မဖြစ်စေရ။
ကိုယ်အင်္ဂါအစိတ်အပိုင်းလှူတာတွေကို သတိထားကြည့်ပါ။ ဥပမာ အသည်းအစားထိုးခြင်း။ အသည်းလှူသူတွေဟာ ဆွေမျိုးသားချင်းတွေဖြစ်တတ်တယ်။ အလှူခံသူနဲ့ လှူသူကို အမျိုးမျိုးစစ်ဆေးတယ်။ သွေးအုပ်စုကို အရင်ဆုံးဖြစ်တယ်။ လက်သင့်ခံနိုင်တဲ့အရည်အချင်းပြည့်နေရင် အသည်းလှူနိုင်တယ်။ လှူတဲ့သူက သားဖြစ်လို့၊ သမီးဖြစ်လို့ မလှူရ မရှိပါ။ မိသားစုဝင်တယောက်ယောက် သို့မဟုတ် လင်မယား သို့မဟုတ် သမီးရည်းစား မည်သူမဆို ကောင်းနေတဲ့ သူ့ရဲ့ အသည်းတခြမ်းကို လှူနိုင်ကြပါတယ်။
ဒေါက်တာတင့်ဆွေ
၂၁-၆-၂ဝ၁၇