11/12/2025
Surviving, not thriving
Myanmar Economic Monitor-MEM (December 2025)
ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်လေ့လာမှု အစီရင်ခံစာ (ဒီဇင်ဘာ ၂၀၂၅)
၆ လ ၁ ကြိမ် နဲ့ တစ်နှစ် ၂ ကြိမ် ထုတ်ပြန်လေ့ရှိတဲ့ Myanmar Economic Monitor-MEM ကို ဒီဇင်ဘာလ ၈ ရက်နေ့က ကမ္ဘာ့ဘဏ်ရုံးက အင်တာနက် ပလက်ဖောင်းမှာ ကြေညာခဲ့တာပါ။
ခေါင်းစဉ်က “Surviving, not thriving” ပြောရမယ်ဆိုရင် “ရှင်သန်နေရုံမျှသာ၊ ဖွံ့ဖြိုးတိုးတက်ခြင်း မဟုတ်” လို့ အဓိပ္ပါယ်ဖွင့်ရမယ် ထင်ပါတယ်။
သူ့ရဲ့ ခန့်မှန်းချက်အရတော့ ၂၀၂၆-၂၀၂၇ မှာ တိုးတက်မှု ရှိလာမယ်ဆိုတဲ့သဘောတွေ့ရပါတယ်။ ဒီလို တိုးတက်မယ်ဆိုတာကလည်း အဲ့နှစ်ရောက်မှ ကောက်ခါငင်ခါ တိုးတက်လို့ရတာ မဟုတ်။ ရှေ့နှစ်တွေမှာ အခြေခံပြင်ဆင်လာလို့ တိုးတက်မယ်ဆိုတဲ့ သဘောပါ။
ဒီလိုအဖွဲ့အစည်းတွေက ရေးသားမှုတွေက မဟုတ်ဘဲ လျှောက်ပြောနေတာ... စစ်တမ်းက ဘာသေချာလို့ ဘာညာဆိုပြီး စိတ်တို ဒေါသထွက်နေရမှာမဟုတ်ဘဲ... တကယ်ဟုတ်ရဲ့လားဆိုတာကို ပြန်ဆန်းစစ်ပြီး ပြင်ဆင်စရာရှိတာပြင်ရမှာ၊ အဆင့်မြင့်ရမယ့်ဟာကို မြှင့်ရမှာ၊ အသစ်ဖော်ဖို့လိုရင် ရေးဆွဲရမှာက နိုင်ငံတော်က အားပေးနေတဲ့ သုတေသနရဲ့ အနှစ်သာရပဲ။ ဒါမှ ပိုမိုတိုးတက်တဲ့ ပိုမိုကောင်းတဲ့ အခြေအနေမျိုးကို ဖန်တီးနိုင်မှာပါ ။ ကျွန်တော်တို့ လိုချင်တာက ပိုကောင်းတဲ့ အခြေအနေ၊ ပိုကောင်းတဲ့ နိုင်ငံ၊ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် အဆင့်မီတဲ့နိုင်ငံ ဖြစ်အောင်လုပ်ကြဖို့၊ ဒါမှကျွန်တော်တို့ရဲ့ နောက် မျိုးဆက်သစ်တွေအတွက် အဆင့်မီတဲ့ နိုင်ငံကို သူတို့ကို ပေးခဲ့ရမှာ....ကျွန်တော်တို့က လူငယ်တွေကို အားပေးဆွဲခေါ်နေသလို သူတို့အတွက် အဆင်သင့်မယ့် စင်မြင့်တစ်ခုကိုလည်း ပြင်ဆင်ပေးရအုံးမှာ...
အစီရင်ခံစာရဲ့ အနှစ်ချုပ်အနေနဲ့က ၂၀၂၅ ခုနှစ် မတ်လမှာ ဖြစ်ပွားခဲ့တဲ့ မန္တလေး ငလျင်ကြီးရဲ့ ကြွင်းကျန် အကျိုးသက်ရောက်မှု၊ ပဋိပက္ခ ဖြစ်ပွားနေမှု နှင့် ပြည်တွင်းစစ်ဘေးရှောင် ပြောင်းရွှေ့နေထိုင်မှု (၂၀၂၅ နိုဝင်ဘာလမှာ စစ်ဘေးရှောင် (IDP) ၃.၆ သန်း)၊ စွမ်းအင်ချို့တဲ့မှု၊ အားနည်းလာတဲ့ ပြည်တွင်း ဝယ်လိုအားနှင့် အလုပ်သမားရှားပါးမှု၊ မြင့်မားနေဆဲ ငွေကြေး ဖောင်းပွမှုနှင့် ပြည်ပမှ ကန့်သတ်ချက်တွေ ဖြစ်ပေါ် နေတယ်လို့ ဖော်ပြထားတာ တွေ့ရတယ်။
ဒီတော့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားတာက အကြောင်းအရာ ၆ ခု
(က) ငလျင်သက်ရောက်မှုနှင့် ပြန်လည်ထူထောင်ရေး
(ခ) အလုပ်အကိုင်ဈေးကွက် ယိုယွင်းကျဆင်းလာခြင်း
(ဂ) စိုက်ပျိုးရေးနှင့် အစားအသောက်ကဏ္ဍ - ဒဏ်ခံနိုင်သော်လည်း စွမ်းဆောင်ရည် မပြည့်မီခြင်း
(ဃ) ငွေကြေးဖောင်းပွမှုနှင့် ဈေးနှုန်းများ
(င) ပြည်ပကဏ္ဍနှင့် ငွေလဲနှုန်း
(စ) ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ စိန်ခေါ်မှုများ
အဲ့ ၆ ခုထဲက စိုက်ပျိုးရေးနှင့် အစားအသောက်ကဏ္ဍကို ကိုယ်နဲ့ နီးစပ်လို့ လိုက်ဖတ်မိတယ်။ ခေါင်းစဉ်ခွဲအနေနဲ့ Food Safety and Certification ကို ရေးသားထားတာ တွေ့ရတယ်။
သူတို့ တွက်ချက်ထားတဲ့ ဒေတာအရဆိုရင် စိုက်ပျိုးရေး ကဏ္ဍက ကျဆင်းလာတာတွေ့ရတယ်။ မြန်မာနိုင်ငံလို စိုက်ပျိုးရေးအခြေခံ စီးပွားရေးကို လုပ်ဆောင်နေတဲ့ နိုင်ငံအတွက်ကတော့ shock တစ်ခုပဲ။ စိုက်ပျိုးရေး ကဏ္ဍမှာ value chain နဲ့ value added အဲ့ ၂ ခုကို ဦးတည်ဆောင်ရွက်နေတာ.. ဒါပေမယ့် value added ကိုပဲ အပြောများနေတာ... value chain ကို ပြန်သုံးသပ်ဖို့ လိုနေတယ်။
မြန်မာနိုင်ငံအနေနဲ့က စိုက်ပျိုးတာတွေက နဂိုကတည်းက ရှိပြီးသားကနေ အခု ကျဆင်းလာတာ... အဓိကက စိုက်ပျိုးရေးကနေ အမြတ်အစွန်းရစေတယ်လို့ စိုက်ပျိုးရေးသမားတွေ ခံစားရစေဖို့ လိုအပ်တယ်။ value added ကလည်း လိုတယ်ဆိုပေမယ့် သူက next level... စိုက်ပျိုးရေးသမားတွေက သူတို့အားထုတ်သလောက် ပြန်မရလာတဲ့အခါမှာ သူသူကိုယ်ကိုယ် ငွေပိုရမယ့် ကိစ္စဘက်ကို ပြောင်းလာကြတာပဲ။ ဒါကြောင့် producer-processor linkage က အလွန်ရေးကြီးတယ်။ ဒါကြောင့် value chain ကို focus လုပ်ဖို့ လိုနေပါပြီ။
value added အပိုင်းက ကြည့်ရင်တော့ ပြည်တွင်းလုပ်ငန်းတွေအနေနဲ့ FDA အတည်ပြုချက်ရှိသူ ၂၇% သာရှိတယ်လို့ ဖော်ပြထားတယ်။ certificate ရရှိမှု နည်းပါးတယ်ဆိုတဲ့ သဘောပေါ့။
အစီရင်ခံစာထဲမှာတော့ ရှုပ်ထွေးတဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ကာလကြာရှည် လက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေ၊ ကုန်ကျစရိတ်ကြီးမားသော စက်ရုံအဆင့်မြှင့်တင်မှုတွေကြောင့် စနစ်တကျ လုပ်ကိုင်ခြင်းနှင့် ထုတ်ကုန်အမျိုးစုံထုတ်လုပ်ခြင်းတို့ နှောင့်နှေးကြန့်ကြာစေပါတယ်။ FDA ခွင့်ပြုချက် နဲ့ ပို့ကုန်လက်မှတ်များ (HACCP, GMP, ISO) ရရှိရန် အခက်အခဲတွေက ဈေးကွက်ကို ဝင်ရောက်နိုင်မှုကို ပိုမိုကန့်သတ် ဖြစ်စေတယ်လို့ ရေးသားထားတာ တွေ့ရတယ်။
မြို့ပြမှာ အသင့်စား အစားအစာတွေ၊ ကျန်းမာရေး အထောက်အကူပြု အစားအစာတွေကို ပိုမိုစားသုံးလာလို့ စားသောက်မှုပုံစံများ ပြောင်းလဲလာပေမယ့် အစားအသောက်ကနေ တစ်ဆင့် ကူးစက်နိုင်တဲ့ ဘေးအန္တရာယ်တွေဟာ မိသားစုလုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းများအတွက် မကြာခဏဆိုသလို အသိအမှတ်မပြုခံရသော ကုန်ကျစရိတ်များကို မြင့်မားစွာ ဖြစ်ပေါ်နေဆဲလို့ ရေးသားထားတာတွေ့ရတယ်။
စစ်တမ်းကောက်ယူထားတဲ့ လုပ်ငန်းတွေထဲက ၂၇ %ပဲ FDA ဌာနရဲ့ Food Safety Certification (FSC)ရရှိထားတယ်။ (ပုံ ၁)၊
လုပ်ငန်းအမျိုးအစားအနေနဲ့ဆိုရင် စားသုံးဆီလုပ်ငန်း (၄၀ ရာ%) နဲ့ ပြုပြင်ထားသော အစားအစာ လုပ်ငန်း (၃၆ %) တို့က လက်မှတ်ရရှိမှု ပိုမိုမြင့်မားနေပေမယ့် သားငါးထုတ်ကုန်များ (ငါး - ၁၀ %၊ အသားထုတ်ကုန်များ - ၃ %) တွင် သာရှိတယ်လို့ ဖော်ပြထားတယ်။
လုပ်ငန်းအများစု (၈၄ %) ဟာ ပြည်တွင်း အစားအစာ ဘေးကင်းမှု စံချိန်စံညွှန်းများနှင့် ကိုက်ညီဖို့ လိုက်နာနိုင်တယ်လို့ ယူဆနေကြပေမယ့် အချိုရည်နှင့် အသား ထုတ်ကုန်ကဲ့သို့သော ကဏ္ဍခွဲများတွေက ပိုမိုကြီးမားသော စည်းမျဉ်းစည်းကမ်း နဲ့ ကုန်ကျစရိတ်ဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်နေရတယ်လို့ ဖြေကြားထားပါတယ်။
ဒါပေမယ့် ပြုပြင်ထားသော အစားအစာနှင့် စားသုံးဆီလုပ်ငန်းတွေအနေနဲ့က ကုန်ကျစရိတ်မြင့်မား နေတယ်လို့ ဖြေဆိုထားကြတယ်။ လုပ်ငန်းများ၏ လေးပုံတစ်ပုံနီးပါး (၄၇ %) ဟာ နှစ်စဉ် စစ်ဆေးမှုများ ခံယူနေကြပေမယ့် အထူးသဖြင့် ဆန်ချက်စက်ရုံများနှင့် စားသုံးဆီ ထုတ်လုပ်ရေးလုပ်ငန်းများတွင် အစားအစာ ဘေးကင်းမှုအန္တရာယ် နိမ့်ကျတယ်လို့ စစ်ချက်များ ထွက်လာတယ်လို့ သိရတယ်။ သဘောက တကယ့်သတ်မှတ်ချက်ကို မှီဖို့ဆိုရင် စက်ရုံကို ပြင်ဆင်ရမယ့် ကုန်ကျစရိတ်ကလည်း တကယ်များတယ်ဆိုတဲ့ အဓိပ္ပါယ်။
နိုင်ငံတကာ အရည်အသွေးအာမခံချက်လက်မှတ်များ ရယူမှုအခြေအနေကတော့ ၅ % သာ ရှိတယ်လို့ တွေ့ရတယ်။ အဓိကအားဖြင့် အသားမပါတဲ့ ပြုပြင်ထားသည့် အစားအစာနှင့် နို့ထွက်ပစ္စည်း လုပ်ငန်းများ ဖြစ်ပါတယ်။ (ပုံ ၂)
အဓိက နိုင်ငံတကာအာမခံလက်မှတ်များအနေနဲ့က HACCP၊ GMP၊ Halal၊ ISO 22000၊ FSSC 22000 နှင့် SQF တို့ ဖြစ်ပါတယ်။ လုပ်ငန်းအများစုက ပြည်တွင်းဈေးကွက်ကိုသာ ဦးစားပေးနေပြီးတော့ အဲ့ဒီ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များလည်း ဘာမှမထူး အကျိုးမရှိလို့ တွေးမြင်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ အရည်အသွေး အာမခံချက်ရရှိဖို့အတွက် အဓိကအဟန့်အတားများတွေက နည်းပညာအသိပညာ မလုံလောက်ခြင်း၊ လေ့ကျင့်သင်ကြားထားသော ဝန်ထမ်းများ ကင်းမဲ့ခြင်း၊ ရှုပ်ထွေးပြီး ကုန်ကျစရိတ်ကြီးမားသည့် လုပ်ငန်းစဉ်များနှင့် အခြေခံအဆောက်အအုံ ကန့်သတ်ချက်များတို့ပဲ ဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာနိုင်ငံမှာ ပိုမိုဘေးကင်းပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ စိုက်ပျိုးရေး- စားသောက်ကုန် တန်ဖိုးကွင်းဆက် (value chain) တိုးတက်ဖို့ ဦးတည်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲ့ကဏ္ဍအတွက် ရင်းနှီးမြုပ်နှံမှု၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် စည်းမျဉ်းစည်းကမ်းလွယ်ကူချောမွေ့ရေး ပိုမို လိုအပ်တာတယ်လို့ ဆိုလိုချင်တာပါ။
အထူးသဖြင့် ဓာတုပစ္စည်းအကြွင်းအကျန်နှင့် ထောက်ပံ့ရေး စနစ်မတည်ငြိမ်မှု၊ လျှပ်စစ်မီး၊ လမ်းတံတား၊ စက်သုံးဆီ စတာတွေတို့ကြောင့် အဟန့်အတားဖြစ်နေတယ်လို့ တွေ့ရပါတယ်။ FDA ရဲ့ စစ်ဆေးမှု တွေက သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ပိုးမွှားထိန်းချုပ်ရေးကို အဓိကထားစစ်ဆေးနေတာ ဖြစ်ပေမယ့် ပို့ကုန်မြှင့်တင်နိုင်ဖို့အတွက် စံချိန်မီ ထုတ်ကုန်များ ဖြစ်ဖို့လည်း စံချိန်စံညွှန်းတွေ လိုအုံးမယ်လို့ အကြံပြုထားတာတွေ့ရပါတယ်။
ဒေါက်တာပြည့်ထူး
11-12-2025