29/08/2025
ဩဂုတ်လ (၂၉) ရက်၊ ၂၀၂၅
အစာမှန်ပြောင်းစစ်ဆေးခြင်း အရည်အသွေးရှိမှု ညွန်ပြချက်များ
(Quality indicators in OesophagoGastroDuodenoscopy OGD)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
‘ဆရာမှန်ပြောင်းကြည့်ထားတယ်။ အကုန်ကောင်းတယ်ပြောတယ်။ ဒါပေမဲ့ နာတာမပျောက်ဘူး။ ပေးတဲ့ဆေးတွေသောက်တာဘဲမသက်သာဘူး။’အဲဒီတော့ ကျွန်တော်ကပြန်မေးတယ်။ အကုန်ကောင်းတယ်ဆိုတာ ဘာကောင်းတာလဲ။ မှန်ပြောင်းကြည့်တော့ ဘာတွေ့တယ်လို့ပြောသလဲ။ ဘာဖြစ်တယ်လို့ပြောသလဲ။ ဘာရောဂါနာမည်တပ်သလဲပေါ့။ အဲဒီလိုမေးရင် တချို့က မှန်ပြောင်း report ယူလာပြတဲ့လူရှိသလို recording လုပ်တဲ့ video file ပါတဲ့ CD rom ဓါတ်ပြား (သို့မဟုတ်) memory stick ကိုပေးတဲ့လူရှိတယ်။ အများစုကတော့ ဝေးတိုးဝါးတား သေသေချာချာမပြောနိုင်ပါဘူး။
မှန်ပြောင်း centre တွေမှာရှိတဲ့စက်တွေဟာ လုပ်နေတဲ့ procedure တွေကို recording လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော့်လူနာတွေကို ကိုယ်လုပ်တဲ့ procedure ကို recording လုပ်ပြီးပေးတယ်။ record အနေနဲ့သိမ်းနိုင်သလို လုပ်ပြီးတဲ့အခါလူနာကို ပြန်ရှင်းပြတဲ့အခါအလွန်အသုံးဝင်ပါတယ်။ second opinion ထပ်တောင်းချင်ရင်လည်း အသုံးဝင်ပါတယ်။ တကယ်က endoscopy quality အကြောင်း ရေးချင်နေတာကြာပါပြီ။ သိပ်မကြာသေးခင်က ကြုံရတဲ့ recording ၂ခုကိုတွေ့ရလို့ အခုဒီစာကိုရေးဘို့ဖြစ်လာတာပါ။ လူနာ တစ်ယောက်က စလုံးမှာ မရှိတာရယ်၊ နောက်တယောက်က ငွေကြေးအခက်ခဲကြောင့်ရယ် ပြန်ကြည့်ဘို့ မဖြစ်နိုင်လို့ မကြာခင်ကလုပ်ထားတဲ့ စစ်ဆေးမှု recording ကနေ အဖြေရနိုင်မလားမျှော်လင့်ပြီးကြည့်လိုက်ပါတယ်။ ပထမတခုက recording အချိန် အစအဆုံး ၅ မိနစ်ရှိပေမဲ့ scope ပါးစပ်ကနေ စဝင်တဲ့အချိန်ကနေ ပြန်ထွက်ချိန်အထိ ၁ မိနစ်ခန့်သာရှိပါတယ်။ နောက်တခုက အသားစကို ပုံမမှန်ဖြစ်နေတဲ့အစာအိမ်နေရာကယူတာမဟုတ်ဘဲ လွယ်လွယ်တွေ့တဲ့နေရာကယူလိုက်ပါတယ်။ အဲဒီလိုမျိုးမှာ အကုန်ကောင်းတယ်လို့ပြောတဲ့အဖြေကို ဘယ်လောက် အမှန် ယူလို့ရမလဲ။
Scope ကို ပါးစပ်ထဲထိုးထည့်ပြီး ဟိုကွေ့ဒီကွေ့နဲ့သွားတတ်တိုင်း မှန်ပြောင်းကြည့်တတ်ပြီလို့ပြောလို့ရပါသလား။ ကျွန်တော်တို့ training ယူတဲ့အချိန်မှာ အရင်ဆုံး လူနာအယောက်၅၀ senior တွေလုပ်တာ observe လုပ်ရပါတယ်။ ပြီးမှ စပြီး အစာမျိုလမ်းကြောင်းကို စထဲ့တာကို ပေးလုပ်ပါတယ်။ ထုံဆေးဖြန်းထားပေမဲ့ အတင်းထိုးထဲ့ရင် လူနာအင်မတန်နာကျင်ပါတယ်။ လူနာမနာကျင်ဘဲ အညင်သာဆုံးထည့်နိုင်ဘို့ လေ့ကျင့်ရပါတယ်။ ကျွမ်းကျင်ရင်တော့ အစအဆုံးလုပ်နိုင်ဘို့ တဖြည်းဖြည်းလေ့ကျင့်ရပါတယ်။ အစာမျိုလမ်းကြောင်း၊ အစာအိမ်၊ အူသိမ်နဲ့ဆိုင်တဲ့ရောဂါတွေအတွက်ကြည့်ရမဲ့ မှန်ပြောင်းအရေအတွက် ၃ နှစ် training အတွင်း အရေအတွက်ရော အရည်အချင်းရောပြည့်မှ မိမိရဲ့ supervisor က independent လုပ်နိုင်ပြီလို့ certified လုပ်ပေးပါတယ်။ training assessment ကိုတော့ အမေရိကန် ASGE assessment အတိုင်းစစ်ဆေးတာကိုခံရပါတယ်။ ရောဂါတွေ့ရင် recognize ဖြစ်အောင် endoscopy ပုံတွေကိုလည်း လေ့လာရပါတယ်။ အခုအချိန်အထိလည်း အဲဒီပုံတွေကို လေ့လာနေရတုန်းပါဘဲ။ ကိုယ်မသေချာရင် အချင်းချင်းတိုင်ပင်ဆွေးနွေးနေးတုန်းပါဘဲ။ လုပ်နေတုန်း မဆွေးနွေးနိုင်ရင် လုပ်ထားတဲ့ recording ကို ပြန်ကြည့်ပြီး ဆွေးနွေးနေတုန်းပါ။ ပြောချင်တာက အရည်အသွေး ပြည့်တဲ့ စစ်ဆေးမှုဖြစ်ဘို့၊ လူနာရဲ့ရောဂါအမှန်ကိုသိအောင် လုပ်ဘို့ ဆရာဝန်မှာတာဝန်ရှိပါတယ်။
အစာအိမ်မှန်ပြောင်းစစ်ဆေးမှု အရည်အသွေးရှိမရှိကို ဘာတွေနဲ့ကြည့်မလဲ။ society တွေရဲ့ guidelines/recommendation တွေကိုကြည့်ရင် အများစုတော်တော်တူပါတယ်။ အကျဉ်းချုံးပြောရရင် ၃ ပိုင်းရှိပါတယ်။
၁) မှန်ပြောင်းမကြည့်ခင်
၂) မှန်ပြောင်းကြည့်နေစဉ်
၃) မှန်ပြောင်းကြည့်ပြီး
၁) မှန်ပြောင်းမကြည့်ခင်
ကြည့်ဘို့လိုအပ်တဲ့ indication ရှိပြီဆိုရင် procedure ကို သေချာရှင်းပြပြီး လူနာရဲ့ informed consent ယူရပါတယ်။ complication ဖြစ်နိုင်ဘို့ အင်မတန်နည်းပေမဲ့ ဖြစ်နိုင်တာတွေကို ရှင်းပြရပါတယ်။ အထူးသဖြင့် အစာအိမ်ပိုးကို သံသယဖြစ်ရင်အစာအိမ်ဆေး (ဥပမာ omeprazole) အနည်းဆုံး ၂ ပတ်၊ ပိုးသတ်ဆေး အနည်းဆုံး ၄ ပတ် ရပ်ရပါတယ်။ သွေးကျဲဆေးရှိနေရင် ဥပမာ clopidogrel ကို ရပ်ပြီး aspirin ပြောင်းရပါတယ်။ မကြည့်ခင် အနည်းဆုံး ၆ နာရီ အစာမစားရပါ။ အိပ်ဆေး sedation ကို မှန်ကန်စွာ လုံလုံလောက်လောက်ပေးရပါတယ်။ လိုအပ်ရင် မေ့ဆေးဆရာဝန်ခေါ်ရပါတယ်။ လူနာသက်သာသလို ကြည့်တဲ့ဆရာဝန်လည်း လိုအပ်တဲ့အချိန်ပေးပြီးကြည့်နိုင်မှာပါ။ အစာအိမ်ထဲမှာ gas bubble တွေမရှိအောင်လိုအပ်တဲ့ဆေး (semithicone) ပေးနိုင်ရင်ကောင်းပါတယ်။ ကြိုမပေးရင်လည်း လုပ်တဲ့အခါ view ရှင်းအောင် semithicone ဆေးရည်နဲ့ဆေးရပါတယ်။
၂) မှန်ပြောင်းကြည့်နေစဉ်
စနစ်တကျ အစာမျိုလမ်းကြောင်း၊ အစာအိမ် နဲ့ အူသိမ်ရဲ့ အစိတ်အပိုင်းတခုဆီကို သေသေချာချာအချိန်ပေးကြည့်ရပါတယ်။ society တွေရဲ့ recommendation ကိုကြည့်ရင် ၇ မိနစ်ကိုပြောကြပါတယ်။ အချိန်ပေးပြီးကြည့်ရင် သိပ်မသိသာတဲ့ ပုံမမှန်တာကို ပိုတွေ့တဲ့ သက်သေအထောက်အထားတွေအများကြီးရှိပါတယ်။ ပြီးတော့ ဓါတ်ပုံရိုက်မှတ်တမ်းတင်ရပါတယ်။ ကျွန်တော်ကတော့ training အချိန်ကတည်းက ဂျပန် protocol ကို သဘောကျတော့ ပုံ ၂၀ ကျော်ရိုက်ပါတယ်။ အဲဒီပုံ၂၀ ကျော်ကို report ထဲမှာ ဘယ်နေရာမှာ ရိုက်ထားသလဲဆိုတာ label တပ်ပြီး document လုပ်ပါတယ်။ ပုံမမှန်ဘူးလို့ သံသယဖြစ်တဲ့နေရာတွေ့ရင် ပိုထင်ရှားအောင် ဥပမာ narrow band imaging NBI facility ကို သုံးပြီး သေသေချာချာကြည့်ရပါတယ်။ report ရေးတဲ့အခါမှာ ပုံမမှန်တာတွေ့ရင် ဘယ်နေမှာတွေ့တာကို သေသေချာချာရေးဘို့လိုပါတယ်။
ကျွန်တော်တို့ မြန်မာလူနာတွေမှာ အစာအိမ်ပိုး H pylori တွေ့ရတာအလွန်များပါတယ်။ အစာအိမ်ပိုးအလွန်များနေရင် ဘယ်နေရာရာကယူယူ positive ထွက်ပေမဲ့ တချို့မှာ ဟိုနားဒီနားပြန့်နေတာမျိုးရှိပါတယ်။ omeprazole လို့ အများသိကြတဲ့ အစာအိမ်ဆေးသောက်ဘူးတဲ့လူဆိုရင် ပိုးက သူနေလေ့ရှိတဲ့ အစာအိမ်အထွက်ပေါက် (antrum) နားမှာမနေဘဲ တခြားနေရာတွေကိုပြေးပါတယ်။ အဲဒီအခါမှာ အသားစယူနေကြ antrum ကဘဲ ယူရင် (သို့မဟုတ်) သေသေချာချာမကြည့်ဘဲ၊ ပိုးရှိလို့ အစာအိမ်ရောင်နေရာကမယူဘဲ လွယ်လွယ်ဘဲတွေ့တဲ့နေရာကယူရင် ပိုးလွတ်တတ်ပါတယ်။ အဲဒါလည်း ခဏခဏတွေ့ရပါတယ်။ special stain နဲ့ဆိုးရင်ပိုးပိုတွေ့တယ်လို့ပြောကြပေမဲ့ ယူတဲ့နေရာမမှန်လို့ ပိုးမပါရင် ဘာနဲ့ဘဲဆိုးဆိုးတွေ့မှာမဟုတ်ပါဘူး။ နောက်တခုက အစာအိမ်ဆေးကို ၂ ပတ် မရပ်ရင် ပိုးအတွက်အသားစယူစစ်တဲ့အခါ အဖြေမမှန်နိုင်ပါဘူး။ အနာ (ulcer) တွေ့လို့ အသားစယူရင် အနာရဲ့ အနား edgeကနေ အနည်းဆုံး ၃-၄ ခုယူရပါတယ်။
၃) မှန်ပြောင်းကြည့်ပီး
ကြည့်ပြီးလို့ လူနာကောင်းကောင်းနိုးတဲ့အခါ မှန်ပြောင်းတွေ့ရှိချက်ကို ရှင်းပြသင့်ပါတယ်။ quality indicator အနေနဲ့မဟုတ်ပေမဲ့ လူနာရဲ့ စိတ်ပူမှုကို ကိုယ်ချင်းစာရပါမယ်။ အသားစယူထားရင် အဖြေရတဲ့အခါ လူနာနဲ့တွေ့ပြီးထပ်ရှင်းပြရပါတယ်။ အသားစအဖြေကနေ ဖြစ်နေတဲ့ ရောဂါအခြေအနေကို ပိုသိနိုင်ပါတယ်။ တခါတလေ နောက်ထပ်လုပ်ရတာမျိုးရှိရင်လည်း ရှင်းပြရပါတယ် (ဥပမာ scan)။ အကုန်ကောင်းတယ်လို့ ပြောရင်လည်း ဘာကြောင့်ပြောတယ်၊ မှန်ပြောင်းကောင်းရင်လည်း လူနာရဲ့ရောဂါလက္ခဏာကိုကြည့်ပြီး တခြားဖြစ်နိုင်တဲ့ ရောဂါတွေကို ရှင်းပြဘို့လိုပါတယ် (ဥပမာ Non ulcer dyspepsia, sensitive stomach)။ အဲဒီအတွက် စဉ်းစားပြီး ဝေဒနာသက်သာအောင်လည်း လုပ်ပေးသင့်ပါတယ်။
ဝေဒနာရှင်များ အရည်အသွေးရှိတဲ့ အစာအိမ်မှန်ပြောင်းစစ်ဆေးမှုများရရှိပြီးနောက် မှန်ကန်တဲ့ရောဂါအဖြေရရှိပြီး အစာအိမ်ရောဂါဝေဒနာများ သက်သာပျောက်ကင်းနိုင်ကြပါစေ။
ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ
Disclaimer: အထက်ပါရေးသားချက်များသည် မည်သူ့ကိုမှ ရည်ရွယ်ရေးသားခြင်းမဟုတ်ပါ။ ဝေဒနာရှင်များ အရည်အသွေးပြည့်ဝတဲ့ အစာအိမ်မှန်ပြောင်းစစ်ဆေးမှုရရှိရန်သာရည်ရွယ် ကြောင်းအသိပေးအပ်ပါသည်။
Reference: https://www.e-ce.org/journal/view.php?doi=10.5946/ce.2022.094
Quality indicators in esophagogastroduodenoscopy@
Sang Yoon Kim1orcid, Jae Myung Park
Clinical Endoscopy 2022;55(3):319-331.