Thwin's Liver & Gastro Clinic

Thwin's Liver & Gastro Clinic Thwin's Liver and Gastro Clinic is a specialist clinic in Gleneagles Hospital, Singapore for liver and digestive health.

Consultation and Treatment on Viral hepatitis (B,C,D,E,A), Cirrhosis, Hepatocellular Carcinoma, Fatty liver, Liver Transplantation, Dyspepsia, IBS, IBD, Autoimmune
General Health Screening

https://www.facebook.com/share/p/169ML1Lmm7/?mibextid=WC7FNe
01/04/2025

https://www.facebook.com/share/p/169ML1Lmm7/?mibextid=WC7FNe

ဧပြီလ ၁ရက်၊ ၂၀၂၅
အသည်းအလုပ်မှာ အရေးကြီးတဲ့ PT/INR, albumin, bilirubin စစ်ဆေးမှုသိကောင်းစရာ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဖြေတခု ပုံမှန် normal range ထဲမှာမဟုတ်ရင် လူနာတိုင်းစိတ်ပူကြပါတယ်။ တချို့လူနာတွေ ကျွန်တော့်ကိုအသည်းအဖြေလေးတခုကိုပြပြီး abnormal ဖြစ်နေတာကို ‘စိုးရိမ်ရလား၊ စိတ်ပူဘို့လိုသလား’ လို့ မေးတာမျိုးတွေရှိပါတယ်။ အ​ဖြေလေးတခုဘဲကြည့်ပြီး ပြောလို့မရပါ။ အဖြေ ပုံမှန်မဟုတ်ဘူးလို့ဘဲပြောလို့ရပါတယ်။ အခုလို သွေးစစ်တဲ့အဖြေတွေနဲ့ပတ်သက်ပြီးသိသင့်တာလေးတွေရေးပေးနေတဲ့ ရည်ရွယ်ချက်ကတော့ လူနာတွေအနေနဲ့ သိသင့်တာတွေကို သိပြီး သတိထားနိုင်အောင်၊ မိမိပြနေတဲ့ဆရာဝန်ကိုဘာမေးရလဲသိအောင်၊ လိုအပ်ရင်လည်း မိမိကိုယ်တိုင်ရှာဖွေဖတ်တဲ့အခါ ပိုနားလည်လွယ်အောင် ရှင်းပြတာဖြစ်ပါတယ်။ ဖြစ်နေတဲ့ရောဂါအဖြေရဘို့၊ မှန်ကန်တဲ့ကုသမှုဖြစ်ဘို့ကတော့ ရောဂါလက္ခဏာ၊ လက်တွေ့စမ်းသပ်မှု၊ တခြားစစ်ဆေးမှုတွေနဲ့ပေါင်းစပ်ရမှာပါ။ မိမိပြနေတဲ့ ဆရာဝန်နဲ့ တိုင်ပင်ရမှာပါ။

အသည်းရောဂါသမားတွေဆို liver function test စစ်တဲ့အခါမှာ albumin နဲ့ သွေးအပျစ်အကျဲ ကို စစ်တဲ့ PT/ INR ကိုလည်း တွဲပြီး စစ်ရပါမယ်။ albumin ဟာ ခန္ဓာကိုယ်ရဲ့ nutritional status ကိုလည်းပြပါတယ်။ အသည်းရောဂါကြောင့်မဟုတ်ဘဲ တခြားနာတာရှည်ရောဂါကြောင့် အစားအသောက်အားနည်းလာရင် albumin ကျလာပါတယ်။ အနည်းဆုံး ရှိသင့်တာက 35 g/L ပါ။Albumin သွင်းတာဟာ သွေးထဲမှာခဏဘဲနေပြီး ကြာရှည်မခံပါဘူး။ အသည်းကထုတ်မှသာ ကြာကြာနေပါတယ်။ အသည်းကျွတ်တဲ့အဆင့်မြင့်လာရင် albumin ကျလာပါတယ်။ ကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။

အသည်းဟာ သွေးခဲဘို့ လိုတဲ့ ပစ္စည်း clotting factor တွေထုတ်တဲ့အတွက် အသည်း မကောင်းရင် အထူးသဖြင့် liver failure ရရင် clotting factor တွေမထုတ်နိုင်တဲ့အတွက် သွေးဟာ ကျဲလာပါတယ်။ ပုံမှန် INR ဟာ 1.0 ဝန်းကျင်ရှိပါတယ်။ 1.5 ကျော်လာရင်တော့ သတိထားရပါပြီ။ သိပ်ကျဲသွားရင် အလိုလိုနေရင်း သွေးထွက်ပါတယ်။ ဦးနှောက်ထဲသွေးယိုပြီဆိုရင် (သို့မဟုတ်) သတိလစ်တာမျိုး (encephalopathy) ဖြစ်လာရင်တော့ အခြေအနေတော်တော်ဆိုးနေပါပြီ။ ဒါကြောင့် liver failure ရတဲ့အချိန်မှာ ရောဂါရဲ့အခြေအနေကိုအနီးကပ် စောင့်ကြည့်ကုသတဲ့အခါမှာ လူနာရဲ့ သတိကောင်းတဲ့အခြေအနေ (mental status) အပြင် ဒီ PT/INR နဲ့ bilirubin ကို နေ့တိုင်း စစ်ဘို့လိုပါတယ်။ ကျွန်တော်အလုပ်လုပ်ခဲ့တဲ့ London King’s College hospital က ကမ္ဘာကျော် criteria တခုဖြစ်တဲ့ ´King’s College criteria for liver transplantation in acute liver failure ´ ကိုကြည့်ရင် ဒါတွေအရေးကြီးတာကိုသိနိုင်ပါတယ်။ criteria table လေးကို စာအဆုံးမှာထည့်ပေးထားပါတယ်။

ပြီးခဲ့တဲ့လကရေးထားတဲ့ liver function test ထဲက အသည်းအတွက်အရေးကြီးတဲ့ bilirubin အကြောင်း အလွယ်တကူနားလည်အောင် သိသင့်တာလေးတွေ အခုရေးပေးပါမယ်။ bilirubin အများစုဟာ သွေးနီဥတွေ ပျက်စီးရာက လာပါတယ်။ အဲဒီ bilirubin ကို unconjugated bilirubin လို့ခေါ်ပါတယ်။ albumin လို့ခေါ်တဲ့ protein နဲ့ပေါင်းပြီး အသည်းထဲရောက်လာတဲ့အခါ အသည်းရဲ့လုပ်ဆောင်မှုကြောင့် conjugated bilirubin အဖြစ်ပြောင်းပြီး အသည်းဆဲလ်ကနေ သည်းခြေပြွန်တွေကတဆင့် အူထဲစွန့်ထုတ်ပါတယ်။ အဲဒီစွန့်ထုတ်တဲ့ အလုပ်ဟာ စွမ်းအင်လိုတဲ့အတွက် liver failure ရရင် မစွန့်ထုတ်နိုင်တော့ပါ။

စွန့်ထုတ်လိုက်တဲ့ conjugated bilirubin ဟာ အူထဲရောက်ပြီး အူထဲက ဗက်တီးရီးယာပိုးတွေရဲ့လုပ်ဆောင်မှုကြောင့် urobilinogen အဖြစ်ကို ပြောင်းလဲပါတယ်။ အဲဒီလိုပြောင်းလဲပြီး ၈၀% ကို ဝမ်းကနေ stercobilin အနေနဲ့၊ ကျန်တဲ့ ၂၀% ရဲ့ ၁၀% ကို ဆီးကနေ urobilin အနေနဲ့ စွန့်ထုတ်ပါတယ်။ ဝမ်း၊ဆီး ညိုဝါရောင်ကိုဖြစ်စေပါတယ်။ ကျန်တဲ့ ၂၀% ရဲ့ ၉၀%ဟာ unconjugated ပြန်ဖြစ်ပြီး အသည်းဆီ ပြန်ရောက်ပါတယ်။ ဒါကြောင့် သည်းခြေပြွန်ပိတ်လို့ဖြစ်စေ၊ liver failure ကြောင့်ဖြစ်စေ conjugated bilirubin ကို သည်းခြေပြွန်ထဲမစွန့်ထုတ်နိုင်တဲ့အခါ ဝမ်းအရောင်ဖြူဖျော့ဖျော့ဖြစ်လာပါတယ်။ ဆေးပညာမှာတော့ clay colour stool လို့ခေါ်ပါတယ်။ မစွန့်နိုင်တဲ့ conjugated bilirubin တွေသွေးကြောထဲပြန်ဝင်ပြီး သွေးထဲမှာများလာတဲ့အခါ အသားဝါလာပါတယ်။ ကျောက်ကပ်ထဲတဆင့်ထွက်တဲ့အခါ ဆီးအရောင်ဟာ ရေနွေးချမ်းအရောင် (dark colour or tea colour urine) ဖြစ်လာပါတယ်။

ပုံမှန်အခြေအနေမှာ ဆီးမှာ bilirubin မပါရပါ။ စစချင်းဖြစ်တဲ့ unconjugated bilirubin ကို ကျောက်ကပ် ကမစစ်နိုင်ပါ။ conjugated bilirubin ကိုသာ ကျောက်ကပ်က စစ်ပြီးစွန့်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ အသည်းထဲမှာ ပြောင်းသွားတဲ့ conjugated အများစုဟာလည်း ဝမ်းထဲမှာ ပါသွားပါတဲ့အတွက် ဆီးထဲမှာ မပါသလို သွေးထဲမှာလဲ အနည်းငယ်သာပါရပါမယ်။ ဆီးမှာ ပါတဲ့ bilirubin ဟာ ပုံမှန်အခြေအနေမှာ urobilin သာဖြစ်ပါတယ်။ ဆီးမှာ bilirubin ပါလာရင်တော့ အဖြေရှာရပါမယ်။

Liver function test မှာ စစ်တဲ့ bilirubin ဟာ unconjugated နဲ့ conjugated ပေါင်းထားတဲ့ total bilirubin ပါ။ normal range 1-1.5mg/dl (17-25 mmol/l) ဖြစ်ပါတယ်။ 3 mg/dL (51 mmol/L) ကျော်လာရင်တော့ အသားဝါ၊ ဆီးဝါတာတွေကို စတွေ့ရပါတယ်။ total bilirubin များနေရင် conjugated ကိုစစ်ရပါတယ်။ total bilirubin အများစုဟာ unconjugated ဖြစ်ပါတယ်။ conjugated bilirubin ဟာ total ရဲ့ ၂၀% အောက်မှာဘဲရှိပါတယ်။ ယေဘူယျအားဖြစ် conjugated များနေရင်အသည်းနဲ့ပတ်သက်တယ်လို့ပြောလို့ရပါတယ်။ လိုအပ်တဲ့ အသည်းနဲ့ပတ်သက်တဲ့ ရောဂါ၊ အခြေအနေတွေကို ဆက်ပြီးစစ်ရပါတယ်။

ဝေဒနာရှင်များ မိမိရောဂါအခြေအနေကို စောစောသိနိုင်ကြပါစေ။ မိမိရဲ့ရောဂါကို ပျောက်ကင်းအောင် (သို့ မဟုတ်) သက်သာအောင် ကျွမ်းကျင်ပြီး စေတနာထား ကုသပေးတဲ့ ဆရာဝန် ၊ ဆေးရုံဆေးခန်းတွေမှာ ကုသနိုင်တဲ့ အခွင့်အရေးတွေရကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ

Disclaimer: အထက်ပါရေးသားချက်များသည် ပညာပေးရန်သက်သက်သာရည်ရွယ်ပါသည်။ ဆရာဝန်၊ အထူးကုနဲ့ မတိုင်ပင်၊မပြသဘဲ မိမိဘာသာ စစ်ဆေးကုသမှုယူရန်မရည်ရွယ်ကြောင်းအသိပေးအပ်ပါသည်။

Reference:
1) Liver Chemistry and Function Tests: 2010, Sleisenger and Fordtran's Gastrointestinal and Liver Disease (Ninth Edition) Daniel S. Pratt
2) Jaundice : 2010, Sleisenger and Fordtran's Gastrointestinal and Liver Disease (Ninth Edition) Steven D. Lidofsky
3) Acute liver failure definition: https://www.uptodate.com/contents/acute-liver-failure-in-adults-etiology-clinical-manifestations-and-diagnosis.
4)King’s College criteria for liver transplantation in acute liver failure: https://www.researchgate.net/figure/Kings-College-criteria-for-liver-transplantation-in-acute-liver-failure.
5) Bilirubinura: National Library of Medicine: Gilles J. Hoilat; Savio John. Last Update: August 8, 2023.

19/03/2025

မတ်လ ၁၉ရက်၊ ၂၀၂၅
အသည်းလုပ်ဆောင်မှု (liver function test) အကြောင်း သိကောင်းစရာ

ဒီတခါတော့ အသည်းလုပ်ဆောင်မှုကို စစ်ဆေးတဲ့ liver function test or liver function profile ရဲ့အဖြေတွေကို ကျွန်တော့်ဆေးခန်းမှာ လူနာတွေကို ရှင်းပြသလို သာမန်လူတယောက်အနေနဲ့သိသင့်တာလေးကို ဆွေးနွေးပြပါမယ်။ ဒီစစ်ဆေးမှုဟာ အသည်းရောဂါဝေဒနာရှိတဲ့လူနာတွေမှာ မဖြစ်မနေစစ်ရတဲ့testပါ။ အထွေထွေကျန်းမာရေးစစ်ဆေးမှုတွေမှာလည်း လုပ်ကြပါတယ်။ ဒီစစ်ဆေးမှုမှာ အုပ်စု၄ခုပါဝင်ပါတယ်။

၁)AST / ALT / GGT လို့ခေါ်တဲ့ liver enzyme အုပ်စု
၂)Alkaline phosphatage (ALP) လို့ခေါ်တဲ့ သည်းခြေပြွန်နဲ့ဆက်စပ်တဲ့ enzyme
၃) အသည်းဆဲလ်ကနေ Bilirubin လို့ခေါ်တဲ့ အဝါရောင်ပစ္စည်း (yellow pigment)ကို သည်းခြေရည် မှတဆင့် အူလမ်းကြောင်းထဲ စွန့်ထုတ်တဲ့ အသည်းလုပ်ဆောင်မှုအခြေအနေကို စစ်ဆေးတဲ့ test
၄)Albumin / globulin လို့ခေါ်တဲ့ protein အသားဓါတ် ကိုစစ်တဲ့ test (တချို့ liver function profile တွေမှာမပါရင်သီးသန့်ထည့်ရပါတယ်။
စစ်တဲ့အဖြေတွေရဲ့ normal value ကို ကွင်းခတ်ပြီးပေးထားတဲ့အတွက် များတာ၊ နည်းတာကိုလွယ်လွယ်သိနိုင်ပါတယ်။

Abnormal အဖြေတွေထွက်ရင် ဘာတွေဖြစ်နိုင်သလဲ။ အုပ်စုတခုချင်းဆီရေးပြပါ့မယ်။ အုပ်စုတခုထက်ပိုပြီး တက်နေရင်တော့ ဖြစ်နိုင်တာကို ရောဂါလက္ခဏာ၊ ကိုယ်တွေ့စမ်းသပ်မှုနဲ့တွဲပြီးစဉ်းစားရပါတယ်။

၁) အသည်းဆဲလ်တွေပျက်စီးတဲ့အခါ အထဲမှာရှိတဲ့ enzyme တွေထွက်လာတဲ့အတွက် liver enzyme တွေ normal value ထက်များနေတာပါ။ ဆယ်၊ရာဂဏန်းကနေ ထောင်၊ သောင်းအထိတက်နိုင်ပါတယ်။အသည်းရောင်နေတယ်လို့ပြောကြပါတယ်။ medical term အရကတော့ hepatitis လို့ခေါ်ပါတယ်။ အဖြစ်များတာကတော့ ဗိုင်းရပ်စ် ၊ အဆီဖုံး၊ အရက်၊ ဆေး/တိုင်းရင်းဆေး၊ အသည်းကိုတိုက်ခိုက်တဲ့ autoimmune ရောဂါတို့ဖြစ်ပါတယ်။ ဘာကြောင့်ရောင်တာလဲဆိုတာကိုတော့ ဆက်ပြီးစစ်ဆေးရပါတယ်။

၂) အသည်းထဲမှာရှိတဲ့ သည်းခြေပြွန်ရောင်တဲ့အခါ၊ သည်းခြေပြွန်ပိတ်တဲ့အခါ ALP တက်ပါတယ်။ ကျောက်ကြောင့်ရောင်နိုင်၊ ပိတ်နိုင်သလို အသည်းတွင်းကင်ဆာ (သို့) အသည်းဆဲလ်တွေရောင်တဲ့အခါမှာလည်းပိတ်တတ်ပါတယ်။ autoimmune ရောဂါ သည်းခြေပြွန်ကိုတိုက်ခိုက်တဲ့အခါမှာလည်း ALP တက်ပါတယ်။ PBC (Primary Biliary Cholangitis) လို့ခေါ်ပါတယ်။

၃) bilirubin ဆိုတဲ့ အဝါရောင်ပစ္စည်းဟာ သွေးနီဥတွေသက်တမ်းပြည့်လို့ ဖျက်ဆီးခံရတဲ့အခါထွက်လာတဲ့ပစ္စည်းပါ။ ဒီ ပစ္စည်းဟာ အသည်းထဲရောက်လာပြီး အသည်းဆဲလ်တွေကနေ သည်းခြေပြွန်ထဲရောက်ပြီး အူလမ်းကြောင်းထဲကို စွန့်ထုတ်ပါတယ်။ အသည်းရဲ့လုပ်ဆောင်မှုထိခိုက်တဲ့အခါ၊ သည်းခြေပြွန်တွေအကြောင်းအမျိုးမျိုးကြောင့်ပိတ်တဲ့အခါ သွေးထဲရောက်လာပြီး ရှိသင့်တာထက်ပိုလာပါတယ်။ အလွန်များလာရင်တော့ မျက်လုံးဝါ၊ အသားဝါဖြစ်လာပါတယ်။

၄) Singapore မှာစစ်တဲ့ liver function test/profile မှာ albumin ပါတဲ့အတွက် သက်သက်ထည့်စရာမလိုပါ။ အူသိမ်မှ စုတ်ယူလာတဲ့ amino acid တွေဟာ အသည်းထဲမှာ albumin/globulin လို့ခေါ်တဲ့ protein ဖြစ်လာကြပါတယ်။ အသည်းရဲ့အလွန်အရေးကြီးတဲ့ လုပ်ဆောင်မှုဖြစ်တဲ့အတွက် အသည်းရောဂါရှိတဲ့လူနာ၊ အသည်းခြောက်တဲ့လူနာတွေ စစ်ဆေးရာမှာ မဖြစ်မနေပါရမှာပါ။ ရှိသင့်တာထက် နည်းနေရင်မကောင်းပါ။

အခုတလော hepatitis A တွေဖြစ်နေတယ်လို့ ပြောနေကြတာတွေ့ရပါတယ်။ အရင်ကဝင်ထားလို့ antibody ထွက်ထားရင် (သို့မဟုတ်) ကာကွယ်ဆေးထိုးထားပြီး antibody ရှိနေရင် ထပ်ဝင်ဘို့ နည်းပါတယ်။ ဝင်ခဲ့ရင်တောင် ရောဂါမပြင်းထန်ပါ။ ပုံမှန်ကိုယ်ခံအားကောင်းတဲ့လူတွေမှာ ရောဂါမပြင်းထန်ပါ။ flu လို ရောဂါလက္ခဏာမျိုးတွေတော့ရှိနိုင်ပါတယ်။ သွေးအဖြေတွေကြည့်ရင် liver enzymes တွေတက်ပါမယ်။ အသည်းဆဲလ်တွေရောင်တဲ့အတွက် bilirubin excretion ကို ထိခိုက်တဲ့အခါ bilirubin တက်လာရင်တော့ အသားဝါနိုင်ပါတယ်။ ဟုတ်မဟုတ်ကိုသိဘို့က hepatitis A IgM antibody ကို စစ်ဘို့လိုပါတယ်။ hepatitis A total anitibody စစ်ပြီးပြောရင် တိကျမှုမရှိပါ။ total antibody ဟာ M နဲ့ G ပေါင်းထားတဲ့အတွက် အရင်ကဝင်ထားဘူးရင် G antibody ရှိနေပြီးသားဖြစ်နေလို့ပါ။ အာရှကလူနာအများစုဟာ အရင်ကဝင်ထားလို့ hepatitis A IgG positive ဖြစ်နေတာများပါတယ်။ အသည်းအခြေအနေကိုသိနေအောင်တော့ liver function မကြာခဏလုပ်ပြီး စောင့်ကြည့်နေဘို့လိုပါတယ်။ အာဟာရပြည့်ဝဘို့နဲ့ ကိုယ်ခန္ဓာကို အနားပေးဘို့လိုပါတယ်။ hepatitis A ဟာ ပုံမှန် ကိုယ်ခံအားရှိတဲ့သူတွေမှာ self limiting ဖြစ်လို့ သူ့အလိုလို သက်သာပျောက်ကင်းပါတယ်။ Antibody ထွက်လာပြီး နောက်ထပ်ဝင်ရင် ခံနိုင်ရည်ရှိလာပါတယ်။ အသည်းကို နာတာရှည်ထိခိုက်ပျက်စီးမှုမရှိပါ။

ဆေးပညာမှာ သွေးအဖြေတခုထဲနဲ့ ရောဂါနံမည်တပ်လို့မရပါ။ ရောဂါလက္ခဏာ၊ လက်တွေ့စမ်းသပ်မှုတွေနဲ့ စစ်ဆေးမှုတွေကိုပေါင်းစပ်ရပါတယ်။ liver function ကိုစစ်ဆေးပြီး အဖြေမကောင်းတိုင်း အသည်းရောဂါကြောင့်လို့ အမြဲတန်းပြောလို့မရပါဘူး။ ဥပမာ နှလုံးရဲ့ညာဖက်အခြမ်းမကောင်းလို့ နှလုံးကိုပြန်လာတဲ့သွေးတွေဟာ အသည်းမှာပုံနေတဲ့အခါ အသည်းရောဂါမရှိဘဲ liver function test အဖြေပုံမှန်မဟုတ်တာတွေ့ရသလို thyroid gland မှာရောဂါရှိရင်လည်း liver function test အဖြေမမှန်တာတွေ့ရပါတယ်။ နောက်တချက်က အသည်းအဖြေတွေအကုန်ကောင်းတိုင်း အသည်းလုံးဝကောင်းတယ်လို့ပြောလို့မရပါဘူး။ အသည်းခြောက်တဲ့အစောပိုင်း (Child Pugh stage A) မှာ liver function test normal ဖြစ်တာကိုတွေ့ရပါတယ်။ ပြောချင်တာက liver function test တခုထဲနဲ့ အကုန်ပြောမရတာပါဘဲ။ မိမိရဲ့ရောဂါလက္ခဏာ၊ လက်တွေ့စမ်းသပ်ချက်၊ တခြားဆက်စပ်နိုင်တဲ့စစ်ဆေးမှုတွေနဲ့ ပေါင်းစပ်ပြီးမှ အခြေအနေကို သုံးသပ်ဆုံးဖြတ်ရမှာပါ။ အဲဒါကတော့ မိမိရဲ့ဆရာဝန်က စဉ်းစားရမဲ့အပိုင်းပါ။

လိုအပ်တဲ့ အခါမှာ သွေးစစ်တဲ့အပြင် imaging ဥပမာ- ultrasound / CT / MRI / MRCP ကို ဆက်ပြီးစစ်ဘို့လိုပါတယ်။ လိုအပ်တဲ့အခြေအနေမျိုးမှာ အသည်းကနေ အသားစ (liver biopsy) ယူပြီး စစ်ရတာမျိုးတွေရှိပါတယ်။

ဝေဒနာရှင်များ မိမိရောဂါအခြေအနေကို စောစောသိနိုင်ကြပါစေ။ မိမိရဲ့ရောဂါကို ပျောက်ကင်းအောင် (သို့ မဟုတ်) သက်သာအောင် ကျွမ်းကျင်ပြီး စေတနာထား ကုသပေးတဲ့ ဆရာဝန် ၊ ဆေးရုံဆေးခန်းတွေမှာ ကုသနိုင်တဲ့ အခွင့်အရေးတွေရကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ

Disclaimer: အထက်ပါရေးသားချက်များသည် ပညာပေးရန်သက်သက်သာရည်ရွယ်ပါသည်။ ဆရာဝန်၊ အထူးကုနဲ့ မတိုင်ပင်၊မပြသဘဲ မိမိဘာသာ စစ်ဆေးကုသမှုယူရန်မရည်ရွယ်ကြောင်းအသိပေးအပ်ပါသည်။

06/02/2025

ဖေဖေါ်ဝါရီ ၆ ရက်၊ ၂၀၂၅
ဘယ်နည်းနဲ့ ကျန်းမာရေးပညာပေးရေးရင်ကောင်းမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အခုလိုကျန်းမာရေးပညာပေးရေးလာတာ ၈နှစ်ကျော်လာပါပြီ။ အစာအိမ်၊အူလမ်းကြောင်း၊အသည်းနဲ့ပတ်သက်တဲ့သိသင့်တဲ့ရောဂါတွေကိုရေးလာခဲ့ပေမဲ့ ကိုယ်မျှော်မှန်းသလို ထိရောက်မှုရှိရဲ့လား၊ ဘယ်လိုပုံစံနဲ့ရေးရင်ပိုကောင်းမလဲဆိုတာ အမြဲစဉ်းစားမိပါတယ်။ ပုံစံအမျိုးမျိုးပြောင်းပြီးလဲရေးကြည့်ဘူးပါတယ်။ ဒါပေမဲ့ မေးကြတဲ့မေးခွန်းတွေ၊ comment တွေကြည့်ရင် ရောဂါလက္ခဏာတခုခုရှိရင် ဘာဖြစ်နေတာကိုရှာဖွေဘို့ စစ်ဆေးမှုလုပ်ဘို့ထက် ဘာဆေးသောက်ရမလည်းစဉ်းစားတာအရင်ဖြစ်နေတာတွေကိုဘဲတွေ့တွေ့နေရပါတယ်။ ကျန်းမားရေအသိပညာအားနည်းပြီးပျောက်ချင်စိတ်ကြောင့်လား (သို့မဟုတ်) ကျန်းမာရေးဝန်ထမ်းတွေရဲ့ ရောဂါရှာဖွေစစ်ဆေးတဲ့အလေ့အကျင့် နည်းပါးပြီး ကုသမှုအရင်စတဲ့ ဓလေ့ကြောင့်လား (သို့မဟုတ်) နှစ်ခုစလုံးကြောင့်လားတော့ မပြောတတ်ပါ။ တချို့ကျတော့ ဟိုဖတ်ဒီဖတ်ပြီး လမ်းချော်နေကြပါတယ်။ ရေးနေကြတဲ့စာတွေကိုကြည့်ရင် တချို့တွေက guidelines တွေ journal articles တွေကို ဘာသာပြန်ရေးတော့ ဆရာဝန်တွေမှနားလည်နိုင်တာမျိုးဖြစ်နေပါတယ်။ တချို့တွေကြတော့ ရောဂါအတွက် သက်သေအထောက်အထားမရှိတဲ့အားဆေးတွေရောင်းဘို့ လိုချင်တာတွေဆွဲရေးကြတာမျိုးတွေရှိနေပါတယ်။ ဒါကြောင့် မိမိရဲ့ရောဂါအကြောင်း၊ သောက်နေတဲ့ဆေးတွေအကြောင်းကို သိအောင် မိမိရဲ့ဆရာဝန်မှတဆင့် သို့မဟုတ် လိုအပ်လျှင် ယုံကြည်စိတ်ချရတဲ့ အရင်းအမြစ် (ဥပမာ UK NHS သို့မဟုတ် US မှ အထင်ကရ ဆေးရုံရဲ့website) တွေကနေ သာမန်လူတွေနားလည်အောင် ရေးသားထားတာတွေကို ရှာဖွေလေ့လာသင့်ကြောင်း ရေးသားဘူးပါတယ်။ အကောင်းဆုံးကတော့ ဖြစ်နိုင်ရင်မိမိဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ရင်အကောင်းဆုံးပါ။

နောက်တခုပြောချင်တာက အခုလို အစစအရာရာ ယိုရွင်းလာနေတဲ့အချိန်မှာ မိမိကျန်းမာရေးအခြေအနေကို အရေးပေါ်အခြေအနေရောက်မှသိတာမျိုးမဖြစ်အောင်နေဘို့ပါဘဲ။ လိုအပ်ရင် လိုအပ်သလို စစ်ဆေး၊ စစ်ဆေးတဲ့အဖြေတွေကို ကောင်းကောင်းနည်းလည်ပြီး လိုအပ်တဲ့ကုသမှုတွေကို အချိန်မဆိုင်းဘဲ ယူထားဘို့လိုပါတယ်။ အခုလို အခြေအနေတွေမှာ ဆရာဝန်အယောင်ဆောင် လိမ်စားနေတာတွေကိုလည်း ကြားသိနေရတော့ အတော်လေးစိတ်မကောင်းဖြစ်မိပါတယ်။
အဲဒါကြောင့် အစာအိမ်၊အူလမ်းကြောင်း၊ အသည်း စစ်ဆေးမှု အဖြေတွေအပြင် အထွေထွေရောဂါစစ်ဆေးမှု (ဥပမာ- cholesterol, sugar, scan) အဖြေတွေရဲ့ သိသင့်တဲ့ အချက်အလက်တွေကို တိုတိုတုတ်တုတ် ထိထိမိမိ ဆွေးနွေးပေးရင်ကောင်းမလားလို့စဉ်းစားမိပါတယ်။ စစ်ဆေးမှုအဖြေတွေကနေ ရောဂါအခြေအနေကို တိတိကျကျသိတဲ့အခါ ကုသမှုအပိုင်းကိုတော့ guidelines တွေရဲ့ညွန်ကြားချက်တွေနဲ့ အကြမ်းဖျင်းဆွေးနွေးပြပါ့မယ်။ ဒါပေမဲ့ ယခုပညာပေးရေးသားမှုဟာ ပညာပေးရန်သက်သက်သာရည်ရွယ်တဲ့အတွက် ဆရာဝန်၊ အထူးကုနဲ့ မတိုင်ပင်၊မပြသဘဲ မိမိဘာသာ ကုသမှုယူရန်မရည်ရွယ်ကြောင်းအသိပေးအပ်ပါသည်။ online ကနေ အခုလိုရေးပြီး ဆေးကုတာမဟုတ်ကြောင်းထပ်ပြီးပြောချင်ပါတယ်။

ဝေဒနာရှင်များ မိမိရောဂါအခြေအနေကို စောစောသိနိုင်ကြပါစေ။ မိမိရဲ့ရောဂါကို ပျောက်ကင်းအောင် (သို့ မဟုတ်) သက်သာအောင် ကျွမ်းကျင်ပြီး စေတနာထား ကုသပေးတဲ့ ဆရာဝန် ၊ ဆေးရုံဆေးခန်းတွေမှာ ကုသနိုင်တဲ့ အခွင့်အရေးတွေရကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ

Disclaimer: အထက်ပါရေးသားချက်များသည် ပညာပေးရန်သက်သက်သာရည်ရွယ်ပါသည်။ ဆရာဝန်၊ အထူးကုနဲ့ မတိုင်ပင်၊မပြသဘဲ မိမိဘာသာ စစ်ဆေးကုသမှုယူရန်မရည်ရွယ်ကြောင်းအသိပေးအပ်ပါသည်။

06/02/2025

အတွဲ ၁၁၊ အပိုင်း ၁၊ နိုဝင်ဘာလ၂၀၂၄
အသည်းအဆီဖုံးတာ ကုလို့ရသလား?
(Is there any treatment for fatty liver / steatohepatitis)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီအပတ်မှာ အပိုင်း၄) အနေနဲ့ ‘အသည်းအဆီဖုံးတာ ကုလို့ရသလား၊ ဘာဆေးတွေသောက်လို့ရသလဲ’ ဆိုတာနဲ့ပတ်သက်ပြီးဆွေးနွေးပေးပါ့မယ်။

ကုသမှုအပိုင်းဟာ လွယ်ကူတယ်လို့ပြောလို့ရသလို ခက်ခဲတယ်လို့လည်းပြောလို့ရပါတယ်။ လူနာရဲ့ရောဂါအခြေအနေက မဆိုးသေးရင်၊ လူနာကလည်း စိတ်အားထက်သန်ပြီး ညွန်ကြားတဲ့အတိုင်းလိုက်နာဆောင်ရွက်ရင် လွယ်ကူပါတယ်။ ဒါပေမဲ့ အတွဲ၁၀၊ အပိုင်း ၁) မှာပြောခဲ့သလိုပါဘဲ။ လူနာတော်တော်များများဟာ ပေါ့ပေါ့ဆဆနေနေကြတာများပါတယ်။ အများစုဟာ ရှိသင့်တဲ့ကိုယ်အလေးချိန်ထက် ပိုများနေကြပြီး သူတို့ရဲ့ နေထိုင်စားသောက်မှု အလေ့အကျင့်ကလည်း ကျန်းမာစေတဲ့ အနေအထိုင်မျိုး (healthy life style) မဟုတ်ကြပါဘူး။ ပြီးတော့ ရောဂါကလည်း အစောပိုင်းမှာ လက္ခဏာမပြတာကြောင့် စိတ်အားထက်သန်ပြီး မိမိရဲ့ အကျင့်စရိုက်ကို healthy ဖြစ်တဲ့ အကျင့်စရိုက်ပြောင်းပြီး weight ကျအောင် မကြိုစားကြတဲ့သူကများပါတယ်။

အသည်းအဆီဖုံးရောဂါဟာ
၁)metabolic syndrome လို့ ခေါ်တဲ့ ဆီးချို သွေးချို၊ သွေးတွင်းအဆီများ၊ သွေးတိုး ရောဂါတွေနဲ့ တွဲပြီးရှိနေတတ်ပါတယ်။ အတွဲ ၈) အပိုင်း၁) မှာဆွေးနွေးခဲ့ပါတယ်။ ပြန်ဖတ်စေချင်ပါတယ်။
၂) အဲဒီလို အခြေအနေမျိုးမဟုတ်ဘဲ high energy အစားအစာတွေစားပြီး positive energy balance ဖြစ်နေတဲ့အခါ ပိုနေတဲ့ energy တွေဟာ အဆီအဖြစ်ခန္ဓာကိုယ်မှာသိမ်းပြီ ဝလာလို့ပါဘဲ။ ဝလာတာနဲ့ အဆီတွေကြောင့် insulin resistance ဖြစ်ပြီး metabolic syndrome ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကုသမှုပိုင်းမှာ အဲဒီအခြေအနေနှစ်ခုကို target ထားပြီး ကုသရပါတယ်။

အခြေအနေ ၁) က အရေးကြီးတဲ့အပိုင်းဆိုတာ နားလည်စေချင်ပါတယ်။ စင်္ကာပူလိုနိုင်ငံမှာတောင် အသည်းအထူးကုကို ပျောက်စေဆရာဝန်လို သဘောထားတဲ့ ဆရာဝန်တွေအများကြီးတွေ့ရပါတယ်။ ဆီးချိုသွေးချို၊ သွေးတွင်းအဆီတွေမစစ်ဘဲ fatty liver တွေ့တာနဲ့ ပို့တဲ့ referral တွေအများကြီးပါ။ ပိုဆိုးတာက ဆီးချို သွေးချို၊ သွေးတွင်းအဆီ အလွန်အကျွံတက်နေတာကို မထိန်းဘဲ၊ ထိန်းဘို့ မကျိုးစားဘဲ အသည်းအထူးကုဆီပို့တဲ့ ဆီးချိုအထူးကုတောင်တွေ့ဘူးပါတယ်။ တကယ်က အသည်းအဆီဖုံးတာဟာ အဲဒီ metabolic syndrome ရဲ့အကျိုးဆက်ပါ။ root cause ကို နိုင်နင်းအောင်မကုရင် အသည်းအဆီဖုံးတာလည်း သက်သာပျောက်ကင်းမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ဆီးချိုရှိရင် control ကောင်းကောင်းရဘို့လိုပါတယ်။ မှန်ကန်တဲ့ အစားအသောက် အနေအထိုင်နဲ့ လိုအပ်တဲ့ဆေးကိုသောက်ဘို့လိုပါတယ်။ Metformin ဟာ အခုအထိ ဆီးချို ကုသမှုမှာ အဓိကဆေးပါ။ weight ကိုလည်း ကျစေပါတယ်။ အစာစားပြီးမှ သောက်ရမှာပါ။ တချို့ အမှတ်များပြီး မစားခင်သောက်နေတဲ့လူတွေရှိနေပါတယ်။ ပြီးတော့ ကြုံကြိုက်လို့ပြောချင်တာက metformin ကြောင့် ကျောက်ကပ်မပျက်ပါ။ ဆေးချိုကြောင့် ကျောက်ကပ်ပျက်တာဆိုးနေတဲ့အခြေအနေတခုရောက်ရင်တော့ metformin သောက်လို့မရပါ။ အခုနောက်ပိုင်းမှာ ဆီးချိုကို ထိန်းတဲ့အပြင် နှလုံး၊ ကျောက်ကပ်ကို ကောင်းစေတဲ့ဆီးချိုကျဆေးအသစ်တွေ အများကြီးရှိလာပါပြီ။ GLP-1 အုပ်စုဆေးတွေဟာ weight ကို သိသိသာသာကျစေတဲ့အတွက် အနောက်နိုင်ငံတွေမှာ ဆီးချိုမရှိရင်တောင် weight ကျဘို့သုံးနေကြပါတယ်။ ဆီးချိုရှိရင် သွေးတွင်းအဆီမများရင်တောင် အဆီကျဆေးသောက်ရပါမယ်။

ကိုယ်အလေးချိန်လိုတာထက်ပိုနေတဲ့ အ​ခြေအနေ ၂) အတွက်ကတော့ weight ကျဘို့အဓိကပါ။ positive energy balance မဖြစ်အောင် အစားအသောက်ကို မျှတအောင်စားရပါမယ်။ လိုအပ်ရင် dietician/ nutritionist ဆီက အကြံတောင်းရပါတယ်။ weight ကျဘို့ကတော့ အစားအပြင် negative energy balance ရအောင် မိမိနဲ့သင့်တော်မဲ့ ကိုယ်လှုပ်ရှားမှု (physical activity) တခုခုကို မိမိရဲ့ဆရာဝန်နဲ့တိုင်ပင်ပြီး နေ့တိုင်းမှန်မှန်လုပ်ဘို့လိုပါတယ်။ အရေးကြီးတာက မှန်မှန်နဲ့ ကြာကြာစွဲ(sustained) ပြီးလုပ်နိုင်မဲ့ ကိုယ်လှုပ်ရှားမှုကိုရွေးရပါမယ်။ guidelines တွေကတော့ တစ်လကို ၂-၄ ပေါင် ကြရင်သင့်တော်တယ်လို့ပြောကြပါတယ်။ အချိန်တိုတိုအတွင်း weight အလွန်အကျွံ ကျတာမကောင်းပါ။ fatty liver ကို ပိုဆိုးစေပါတယ်။ weight ကျလာရင် ဆီးချိုရှိတဲ့လူဟာ ဆီးချို control ပိုကောင်းလာပါတယ်။

တချို့ လူနာတွေမှာ တခြားရောဂါတွေလည်းစုံ၊ ကိုယ်လှုပ်ရှားမှုလည်း မလုပ်နိုင်၊ အသည်းကလည်း ခြောက်ခါနီးအခြေအနေမျိုး သို့မဟုတ် အသည်းကင်ဆာဖြစ်ပြီး အသည်းအစားထိုးရမဲ့အခြေအနေမျိုးမှာ metabolic syndrome ကြောင့် ကိုယ်အလေးချိန်အလွန်များနေလို့ လှူမဲ့အသည်းအရွယ်မလုံလောက်တဲ့အခြေအနေတွေကြုံတဲ့အခါ multidisciplinary meeting မှာဆွေးနွေးတိုင်ပင်ရတာမျိုးလည်းရှိပါတယ်။ အဲဒီလို အချိန်မျိုးမှာ ရွေးချယ်နိုင်တဲ့ ကုသမှုတွေဟာ အတော်ကိုနည်းသွားပါတယ်။ အဲဒါကြောင့် အဲဒီလိုခက်ခဲတဲ့အခြေအနေမျိုးမရောက်ခင် အသည်းအဆီဖုံးတယ်၊ အသည်းရောင်တယ်လို့ သိတာနဲ့ အချိန်မဆွဲဘဲ စိတ်အားထက်သန်စွာနဲ့ အသည်းအဆီဖုံးတာ ပျောက်တဲ့အထိ ကုသမှုယူသင့်ကြောင်း အကြံပေးလိုပါတယ်။

အသည်းရောဂါလူနာများ မိမိအသည်းအခြေအနေကို စောစောသိနိုင်ကြပါစေ။ မိမိရဲ့ရောဂါကို ပျောက်ကင်းအောင် (သို့ မဟုတ်) သက်သာအောင် ကျွမ်းကျင်ပြီး စေတနာထား ကုသပေးတဲ့ ဆရာဝန် ၊ ဆေးရုံဆေးခန်းတွေမှာ ကုသနိုင်တဲ့ အခွင့်အရေးတွေရကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ

Disclaimer: အထက်ပါရေးသားချက်များသည် ပညာပေးရန်သက်သက်သာရည်ရွယ်ပါသည်။ ဆရာဝန်၊ အထူးကုနဲ့ မတိုင်ပင်၊မပြသဘဲ မိမိဘာသာ စစ်ဆေးကုသမှုယူရန်မရည်ရွယ်ကြောင်းအသိပေးအပ်ပါသည်။

25/12/2024

အတွဲ ၁၀၊ အပိုင်း ၁၊ အောက်တိုဘာလ၂၀၂၄
အသည်းအဆီဖုံးတာကြာလာရင်ဘာတွေဖြစ်နိုင်သလဲ?
(longterm consequence of fatty liver / steato-hepatitis)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အသည်းအဆီဖုံးတဲ့အကြောင်းအပိုင်း(၃) အနေနဲ့ ‘အသည်းအဆီဖုံးတာကြာလာရင်ဘာတွေဖြစ်နိုင်သလဲ’ ကို ဆွေးနွေးပြပါမယ်။ ဒီမေးခွန်းကလည်း ခဏခဏမေးကြတဲ့မေးခွန်းလည်းဖြစ်ပါတယ်။ ဖြစ်နိုင်ခြေ၃ခုရှိပါတယ်။

၁) နားလည်အောင် လွယ်လွယ်ပြောရရင် အဆီကြောင့် အသည်းရောင်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ ရောဂါအစောပိုင်းမှာ သိသိသာသာမရှိပါ။ liver function test လို့ခေါ်တဲ့အသည်းလုပ်ဆောင်မှုကိုစစ်ဆေးတဲ့သွေးစစ်တဲ့အခါ liver enzyme တွေဖြစ်တဲ့ ALT/ AST အဖြေတွေလိုတာထက်များနေတာကိုတွေ့ရပါတယ်။ ရောဂါအစောပိုင်းမှာ လက္ခဏာမရှိတော့ လူနာတော်တော်များများ အသည်းအထူးကုဆီ မလာကြပါဘူး။ သွေးစစ်တဲ့ဆရာဝန် အထူးသဖြင့် GP တွေက အထူးကုဆီသွားခိုင်းလို့လာကြတာများပါတယ်။ အဲဒီလို အသည်းရောင်တာကြာလာရင်တော့ အသည်းခြောက်တာဖြစ်နိုင်ပါတယ်။ ဘယ်လောက်မြန်မြန်ဖြစ်သလဲကတော့ တယောက်နဲ့တယောက်မတူပါ။ risk factors များများရှိရင်မြန်မြန်ဖြစ်ပါတယ်။ အသည်းခြောက်တာဘယ်လိုသိနိုင်လည်းဆိုတာကို အတွဲ(၉)မှာ ရေးထားပါတယ်။ ပိုပြီးတိကျတဲ့ MR Elastography သို့မဟုတ် အလွယ်တကူရနိုင်တဲ့ fibroscan လိုမျိုး scan တွေနဲ့သိနိုင်ပါတယ်။ အသည်းခြောက်မှသိတာထက် မဖြစ်အောင်ကာကွယ်နိုင်တဲ့အတွက် အသည်းရောင်ပြီဆိုတာနဲ့ သက်သာပျောက်ကင်းအောင် ကုသမှုတွေလုပ်ရပါ့မယ်။ အချိန်မဆွဲသင့်ပါ။

၂) အဆီကြောင့်အသည်းမရောင်တဲ့သူတွေရှိပါတယ်။ ဆိုလိုတာက liver function စစ်တဲ့အခါ normal ပါဘဲ။ အသည်းမရောင်တဲ့အတွက် အသည်းမခြောက်ပေမဲ့ အသည်းကင်ဆာဖြစ်တဲ့လူနာတွေတွေ့ဘူးပါတယ်။ အသည်းကို ထိခိုက်စေတဲ့ တခြားအကြောင်း ဥပမာ- ဘီပိုး၊ အရက်သောက်တဲ့ risk factors တွေ ရှိနေရင်ဖြစ်နိုင်ခြေပိုများပါတယ်။ လက္ခဏာပြတဲ့အခါ ရောဂါအဆင့်မြင့်နေတာများတဲ့အတွက် ဖြစ်တာတဲ့သိနိုင်ဘို့ မှန်မှန်စစ်ဆေးသင့်ပါတယ်။ risk factors တွေများရင် ultrasound ကို ၆လ တကြိမ် လုပ်သင့်ပါတယ်။ အသည်းကင်ဆာ အရွယ်သေးတဲ့အချိန်မှာသိရင် ထိထိမိမိ နိုင်နိုင်နင်းနင်းကုသဘို့ဖြစ်နိုင်ပါတယ်။

၃) တချို့တွေမှာ အသည်းခြောက်၊ အသည်းကင်ဆာမဖြစ်ပါဘူး။ အဆီကြောင့် အသည်းကြီးနေပြီး ဝမ်းဗိုက်ရဲ့ညာအပေါ်ဘက် အသည်းရှိတဲ့နေရာမှာ တင်းနေတာမျိုး၊ အထူးသဖြင့်အစာစားပြီးရင်အောင့်တာမျိုးကလွဲပြီး ဘာမှမဖြစ်တဲ့လူတွေလည်းရှိပါတယ်။

အခုဆွေးနွေးခဲ့အခြေအနေသုံးခုဟာ အမြဲတန်းပြောင်းလဲ (dynamic process) နေနိုင်ပါတယ်။ အခုစစ်ဆေးတဲ့အခါ အခြေအနေ နံပါတ်၃) မှာရှိနေပေမဲ့ အခြေအနေ ၁) သို့မဟုတ် အခြေအနေ ၂) ကို အချိန်မရွေးပြောင်းနိုင်ပါတယ်။ အသည်းအဆီဖုံးတာ အသည်းရောဂါတခုပါ။ ဒါကြောင့် အသည်းအဆီဖုံးတာ ရှိပြီလို့သိတာနဲ့ ဖြစ်နိုင်ရင်ပျောက်ကင်းအောင် ကုသမှုရယူသင့်ပါတယ်။ ဒါပေမဲ့ လူနာတော်တော်များများဟာ ပေါ့ပေါ့ဆဆနေနေကြတာများပါတယ်။ ဘာဖြစ်လို့ဆိုတော့ အစောပိုင်းမှာ လက္ခဏာမပြတာရယ်၊ အခုလက်ရှိ အဓိကကုသမှုဖြစ်တဲ့ အစားအသောက်နဲ့ လေ့ကျင်ခန်းလုပ်ပြီး weight ကျဘို့က အပြောလွယ်ပြီး လုပ်ဘို့ခက်နေလို့ပါဘဲ။ ဆေးသောက်လို့ရသလားမေးတဲ့လူနာတွေလည်းအများကြီးပါဘဲ။ Yes/No ဖြေရရင်တော့ No လို့ဖြေရဘို့များပါတယ်။ ဒါဆို အကြောင်းအမျိုးမျိုးကြောင့် လေ့ကျင့်ခန်းမလုပ်နိုင်ဘူး။ ဆေးကလည်းမရှိဘူး။ အသည်းကလည်းခြောက်ဘို့ နည်းနည်းဘဲလိုတော့ရင် ဘယ်လိုလုပ်မလဲလို့ မေးစရာရှိပါတယ်။ ကျွန်တော်တို့ အသည်းအထူးကုတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ challneges ပါ။ နောက်ကုသမှုအပိုင်းမှာ ဆွေးနွေးပေးပါ့မယ်။

အသည်းရောဂါလူနာများ မိမိအသည်းအခြေအနေကို စောစောသိနိုင်ကြပါစေ။ မိမိရဲ့ရောဂါကို ပျောက်ကင်းအောင် (သို့ မဟုတ်) သက်သာအောင် ကျွမ်းကျင်ပြီး စေတနာထား ကုသပေးတဲ့ ဆရာဝန် ၊ ဆေးရုံဆေးခန်းတွေမှာ ကုသနိုင်တဲ့ အခွင့်အရေးတွေရကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ

Disclaimer: အထက်ပါရေးသားချက်များသည် ပညာပေးရန်သက်သက်သာရည်ရွယ်ပါသည်။ ဆရာဝန်၊ အထူးကုနဲ့ မတိုင်ပင်၊မပြသဘဲ မိမိဘာသာ စစ်ဆေးကုသမှုယူရန်မရည်ရွယ်ကြောင်းအသိပေးအပ်ပါသည်။

ရပ်ဝေး ရပ်နီးနေ ဝေဒနာရှင်များအတွက် သတင်းကောင်းပါးပါရစေ စင်္ကာပူနိုင်ငံ Gleneagles Hospital ရှိ Thwin's Liver & Gastro Cl...
19/02/2024

ရပ်ဝေး ရပ်နီးနေ ဝေဒနာရှင်များအတွက် သတင်းကောင်းပါးပါရစေ စင်္ကာပူနိုင်ငံ Gleneagles Hospital ရှိ Thwin's Liver & Gastro Clinic မှ အစာအိမ် အူလမ်းကြောင်းနှင့် အသည်းရောဂါအထူးကု သမားတော်ကြီး ဒေါက်တာသွင်မောင်အေးမှ online မှတဆင့် tele-consultation လုပ်ပေးနေပါပြီ ဝေဒနာရှင်များအနေနဲ့ အသည်းနဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများကို tele-consultation လုပ်ရန်အတွက် Thwin's Liver Gastro Clinic ကို Viber/ WhatsApp/ Facebook/ Messenger/Email တို့မှ အောက်ပါအတိုင်းဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်

Thwin's Liver & Gastro Clinic
6 Napier Road
#05-16, Gleneagles Medical Centre
Singapore 258499

Tel: +65 62648752 Fax: +65 62648753
WhatsApp/Viber : +65 96544424
Email: thwinlgc@gmail.com

https://www.thwinclinic.com

01/02/2024

အတွဲ ၁၊ အပိုင်း ၁၊ ဇန်နဝါရီ ၂၀၂၄
အစာမကြေလေပွဗိုက်အောင့်ခြင်းနှင့်အစာအိမ်ပိုး(dyspepsia & H pylori infection)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အစာမကြေ လေပွ ဗိုက်အောင့် (dyspepsia) တဲ့ရောဂါလက္ခဏာဟာ ကျွန်တော့်ဆေးခန်းမှာ နေ့တိုင်းလိုလိုတွေ့နေရတဲ့ ရောဂါလက္ခဏာနဲ့ အခြေအနေပါဘဲ။

ဘယ်လိုခံစားရလဲ
ဝမ်းဗိုက်အပေါ်ပိုင်း အထူးသဖြင့် ရင်ညွှန့်နေရာမှာအောင့်မယ်၊ အစာစားပြီး (သို့) မစားခင်ဖြစ်မယ်။ အစာစားပြီး မကြာခင်မှာ ဝမ်းဗိုက်တင်းလာမယ်။ ပျို့တာ၊အန်ချင်တာဖြစ်မယ်။ ဝမ်းဗိုက်တွင်းပူတာဖြစ်မယ်။အစာအိမ်ဆေးသောက်ရင် အခိုက်အတန့် သက်သာမှုရှိမယ်။ ဖြစ်လိုက် ပျောက်လိုက်ဖြစ်မယ်။ အစားသောက်ပျက်ရင် weight ကျနိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့ရောဂါ၊အခြေအနေတွေ အများအပြားရှိပေမဲ့ အစာအိမ်ပိုးကို မေ့လို့မရပါဘူး။ ပိုးကြောင့်အစာအိမ်အနာဖြစ်ရင် အနာကနေသွေးယိုတာမျိုးဖြစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်ရင်တော့ ဝမ်းမဲမဲသွားမယ်။ ပိုးရဲ့မျိုးကွဲတခုဟာ အစာအိမ်ကင်ဆာဖြစ်တာနဲ့ဆက်စပ်နေတဲ့ သုတေသနအချက်အလက်တွေရှိပါတယ်။ ဖြစ်နေတဲ့ရောဂါလက္ခဏာကြာနေရင်တော့ အထူးကုနဲ့ပြသင့်ပါတယ်။ လိုအပ်တဲ့စစ်ဆေးကုသမှုကို ရယူရပါမယ်။

အစာအိမ်ပိုးဟာ အာရှမှာအဖြစ်များပေမဲ့ အနောက်တိုင်းက guidelines တွေမှာတောင် စစ်ဘို့ပြောကြပါတယ်။ British Society of Gastroenterology ရဲ့ 2024 Jan clinical updates on the diagnosis and management of functional dyspepsia (ref.1) မှာ first line management အနေနဲ့ ပိုးကို အရင်ဆုံးစစ်ဘို့ပြောထားပါတယ်။ (စာအဆုံးမှာ ထည့်သွင်းထားပါတယ်။ updates အပြည့်အစုံကိုတော့ reference မှာပါတဲ့ link မှတဆင့်ဖတ်ရှုနိုင်ပါတယ်)

အရှေ့တောင်အာရှ နိုင်ငံတွေကြားမှာတောင် မြန်မာနိုင်ငံက ပိုးရှိတဲ့ရာခိုင်နှုန်းအတော်များတဲ့အတွက် အစာမကြေလေပွဗိုက်အောင့်တဲ့ လက္ခဏာကြာရှည်ရှိနေပြီဆို အစာအိမ်ပိုးစစ်ကိုစစ်ရပါမယ်။ ပိုးမစစ်ဘဲ၊ ပိုးရှိမရှိမသိဘဲ အစာအိမ်ဆေးကို ကြာရှည်သောက်နေတာ မှန်ကန်တဲ့ကုသမှုမဟုတ်ပါ။

ဘယ်လိုစစ်မလဲ
စစ်ဆေးနဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်။ အသက်၊ ရောဂါလက္ခဏာကြာရှည်မှု၊ စိတ်ပူစရာလက္ခဏာရှိမရှိမှု၊ မိသားစုဝင်ထဲမှာ အစာအိမ်အူလမ်းကြောင်းကင်ဆာရှိမရှိ တွေအားလုံးပေါ်မူတည်ပါတယ်။ သွေးစစ်လို့သိတာဟာ antibody ကိုစစ်တဲ့အတွက် လက်ရှိပိုးမရှိမရှိ မခွဲနိုင်ပါ။စစ်ဆေးတဲ့နည်းတွေရဲ့ အကောင်းအဆိုးနဲ့ မစစ်ခင်သတိပြုသင့်တာတွေရှိတဲ့အတွက် မိမိနဲ့သင့်တော်မဲ့နည်းအတွက် မိမိပြသတဲ့ဆရာဝန်၊အထူးကုနဲ့ တိုင်ပင်ဆွေးနွေးဘို့ အကြံပေးပါတယ်။

Take home message today
အစာမကြေလေပွဗိုက်အောင့်တဲ့ လက္ခဏာကြာရှည်ရှိနေပြီဆို အစာအိမ်ပိုးစစ်ကိုစစ်ရပါမယ်။

ဝေဒနာရှင်များ မိမိရဲ့ရောဂါအကြောင်းကို ပိုသိအောင် လေ့လာနိုင်ကြပါစေ။ ရောဂါပျောက်ကင်းအောင် (သို့ မဟုတ်) သက်သာအောင် ကျွမ်းကျင်ပြီး စေတနာထား ကုသပေးတဲ့ ဆရာဝန် ၊ ဆေးရုံဆေးခန်းတွေမှာ ကုသနိုင်တဲ့ အခွင့်အရေးတွေရကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ

Disclaimer: အထက်ပါရေးသားချက်များသည် ပညာပေးရန်သက်သက်သာရည်ရွယ် ပါသည်။ ဆရာဝန်၊ အထူးကုနဲ့ မတိုင်ပင်၊မပြသဘဲ မိမိဘာသာ စစ်ဆေး၊ကုသမှုယူရန်မရည်ရွယ်ကြောင်း အသိပေးအပ်ပါသည်။

Reference
1. Clinical updates on the diagnosis and management functional dyspepsia.
https://www.bsg.org.uk/web-education-articles-list/journal-highlights/clinical-updates-on-the-diagnosis-and-management-of-functional-dyspepsia/ #:~:text=First%2Dline%20management,a%20histamine%2D2%20receptor%20antagonist.

အရင်က ရေးဘူးတဲ့ အစာမကြေလေပွခြင်းနဲ့ အစာအိမ်ပိုးအကြောင်းကို ဒီ link တွေကနေတဆင့်ဖတ်နိုင်ပါတယ်။

https://www.facebook.com/245031295888487/posts/747270232331255/?

https://www.facebook.com/245031295888487/posts/747317442326534/?

12/12/2023

APDW 2023 (Bangkok) မှ သိကောင်းစရာများ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇင်ဘာလ ၁၂ရက် ၂၀၂၃

ဒီလအစောပိုင်းမှ အာရှပစိဖိတ်အစာအိမ်အူလမ်းကြောင်း society ရဲ့ conference (Asian Pacific Digestive Week APDW 2023)ကို သွားဖြစ်ခဲ့ပါတယ်။ COVID အပြီး လူချင်းတွေ့ပြီး လုပ်တဲ့ conference ဖြစ်လို့ တက်ရောက်တဲ့လူတွေတော်တော်များတယ်။ အဲဒီ conference က သိကောင်းစရာလေးတွေကို ယခုအကျဉ်းချုံးတင်ပြလိုက်ပါတယ်။ တခုချင်း အသေးစိတ်ကို ဆက်လက်တင်ပြပေးပါမယ်။

က) အစာအိမ်ပိုး Helicobacter pylori ပိုး ကုထုံးအနည်းငယ်ပြောင်းလဲလာတာတွေကိုဆွေးနွေးကြပါတယ်။ အထူးသဖြင့် ပိုးသတ်ဆေးယဉ်ပါးမှု (antibiotics resistance)ကြောင့် ရွေးရတဲ့ antibiotics တွေအနည်းငယ်ပြောင်းလာပါတယ်။ ဒီလိုယဉ်ပါးမှုတွေ ပိုမဆိုးလာအောင် guidelines က ညွန်ကြားထားတဲ့ ဆေးအတွဲတွေကိုဘဲသုံးသင့်ပါတယ်။ သာမှန်သုံးနေကြ PPI လို့ခေါ်တဲ့ အစာအိမ်အစား P-CAB ကိုသုံးရင် ပိုထိရောက်တဲ့ study ပိုများလာပါတယ်။ ဒီလိုပိုးသတ်ဆေးကိုပေးပြီးကုသမှုကြောင့် အူထဲရှိတဲ့ပိုးလေး (microbiome) တွေပြောင်းလဲမှုတွေများပြီး ဆိုးကျိုးတွေဖြစ်နိုင်တာတွေကိုလည်းဆွေးနွေးကြပါတယ်။ ဒါကြောင့်မလိုဘဲ antibiotics အကြာကြီးသောက်တာတွေကို ရှောင်သင့်ပါတယ်။

ခ) အက်ဆစ် reflux ပြန်ရောဂါအတွက် ပေးနေကြ PPI (ဥပမာ omeprazole) အပြင် PCAB (ဥပမာ vonoprazon) ဆေးကိုပေးကြတဲ့အခါ ဆေးအသစ်ဖြစ်နေတဲ့အတွက် ဒီ PCABဆေးရဲ့ longterm side effect ကို သတိထားသင့်ကြောင်းသိရပါတယ်။

င) Investigation လုပ်တဲ့အခါမှာ အကုန် normal ဖြစ်နေပေမဲ့ ရောဂါလက္ခဏာဖြစ် တဲ့ ဗိုက်နာလေပွ၊ဝမ်းချုပ်ဝမ်းပျက်တာတွေ မပျောက်တဲ့ functional GI disorder လို့ခေါ်တဲ့ အခြေအနေမျိုး (functional dyspepsia / irritable bowel syndrome) မှာ multidisciplinary အဖွဲ့နဲ့ ကုဘို့လိုအပ်သလို ဆရာဝန်က လူနာကို အချိန်ပေးကုသဘို့ လိုကြောင်း တင်ပြသွားတဲ့ talk လေးက တော်တော်နားထောင်လို့ကောင်းပါတယ်။ ကုထုံး ကုသတဲ့ဆေးတွေမပြောင်းလဲပါ။ စင်္ကာပူမှာရော၊ မြန်မာပြည်မှာရော အဖြစ်များပါတယ်။ လူနာရောဂါလက္ခဏာမပျောက်ရင် အချိန်ပေးဆွေးနွေးသင့်ပါတယ်။ လွယ်လွယ်လေးနဲ့ အကုန်ကောင်းပါတယ်လို့ မပြောသင့်ပါ။ ဆေးရုံအဖွဲ့အစည်းတွေကလည်း multidisciplinary team setup မရှိသေးရင် ရှိလာအောင် ဆောင်ရွက်သင့်ပါတယ်။ ကျွန်တော့်လူနာတွေကို ဒီလို ရောဂါအခြေအနေမျိုးမှာ ရှင်းပြနေကြဖြစ်တဲ့ FODMAP diet အကြောင်းကိုလည်း တော်တော်များများဆွေးနွေးကြပါတယ်။ ပြောရလွယ်ပြီး လုပ်ဘို့ခက်ပေမဲ့ သေသေချာချာလုပ်လို့ အောင်မြင်ရင် လူနာအတွက် တော်တော်ကိုအဆင်ပြေတဲ့ကုသမှုပါ။

ဃ) အသည်းအဆီဖုံးတဲ့ရောဂါ non alcoholic fatty liver disease (NAFLD) အသုံးအနှန်းပြောင်းတာနဲ့ပတ်သက်လို့ဆွေးနွေးကြပါတယ်။ အခေါ်အဝေါ်ပြောင်းပေမဲ့ လက်ရှိကုသမှုမှာတော့ အစားအသောက်အနေအထိုင် လေ့ကျင့်ခန်းသာ အဓိကဖြစ် နေပါသေးတယ်။ ဆေးတွေစမ်းသပ်နေပေမဲ့ သုံးစွဲနိုင်တဲ့ အဆင့်မရောက်သေးပါဘူး။ weight loss 5-10% လိုအပ်တဲ့ ညွန်ကြားချက်မပြောင်းပါ။ US FDA ရော၊ ဥရောပမှာရော weight ကျဘို့ ပေးနိုင်တဲ့ ဆီးချိုဆေးအကြောင်း အနည်းငယ်တင်ပြမှုရှိပါတယ်။ ယခုအခါ ဆီးချိုအတွက် ပေါ်နေတဲ့ဆေးအသစ်တွေထဲက ဆေးတမျိုးဟာ ဆီးချိုရှိပြီး အသည်းအဆီဖုံးအဝလွန်နေတဲ့ လူနာတွေကို ပေးတဲ့အခါ ဆီးချိုcontrol ပိုကောင်းတဲ့အပြင် သိသိသာသာ weight ကျတဲ့အတွက် အသည်းအဆီဖုံးတာတွေ လျှေ့ာလာတွေတွေ့ရပါတယ်။

င)အသည်းရောင် ဘီပိုးအတွက်ဆွေးနွေးချက်တွေအတော်ကို စိတ်ဝင်စရာကောင်းပါတယ်။ ဘီပိုးလုံးဝပျောက်အောင်ဆောင်ရွက်နေကြရာမှာ promising ဖြစ်တဲ့ lab tests အသစ်တွေသိပ်မကြာခင်မှာ သုံးလာကြတော့မှာပါ။ ဒီတော့ ဆရာဝန်တွေအနေနဲ့ အခုလက်ရှိအသုံးပြုနေတဲ့ tests တွေကိုကျွမ်းကျွမ်းကျင်ကျင်နားလည်ပြီး ကောင်းကောင်းinterpret လုပ်သင့်နေပါပြီ။ မဟုတ်ရင် tests အသစ်တွေထွက်လာတဲ့အခါ ပိုရှုပ်ထွေးနိုင်စရာရှိပါတယ်။ ကုသမှုအပိုင်းမှာလည်း ကုသမှု guidelines တွေကို သေသေချာချာသိသင့်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ တဖက်မှာ ဘီပိုးရှိတဲ့လူတိုင်းကို ကုမလားဆိုတဲ့ argument နဲ့ဆွေးနွေးနေကြပြီး တဖက်မှာလည်း ဆေးစွဲသောက်နေတဲ့လူနာတွေကို ဆေးရပ်ရင် ဘီပိုးလုံးဝပျောက်မလားဆိုတဲ့ argument နဲ့ဆွေးနွေးနေကြပါတယ်။ ဒီတော့ ဆရာဝန်တွေအနေနဲ့ မိမိဘယ်လိုရည်ရှယ်ချက်နဲ့ ဘာလုပ်တယ်ဆိုတာကို သေသေချာချာ သိပြီးမှ decision လုပ်ဘို့လိုပါတယ်။ သူများလုပ်တိုင်း လိုက်မလုပ်ဘို့လိုပါတယ်။

စ) အသည်းကင်ဆာဟာ အင်မတန်ရှုပ်ထွေးပါတယ်။ ကင်ဆာချင်းတူပေမဲ့ သဘာဝ (tumor biology) မတူပါ။ အသည်းကင်ဆာ ဆိုတာနဲ့ ကုသမှုဟာ sorafenib/ lenvatinib မဟုတ်ပါ။ အသည်းကင်ဆာ ဆိုတာနဲ့ ကုသမှုဟာ TACE (ဆေးဖြန်း) မဟုတ်ပါ။ လူနာရောဂါအခြေအနေ၊ ကင်ဆာရဲ့အခြေအနေ၊ ရှိတဲ့ဆေး၊ ကျွမ်းကျင်တဲ့ specialist ရှိမှုအခြေအနေ စတာတွေ အားလုံးကို ထည့်သွင်းစဉ်းစားပြီး multidisciplinary team discussion နဲ့ ဆုံးဖြတ်ကြကြောင်းဆွေးနွေးကြပါတယ်။ ဒါက အသစ်အဆန်းမဟုတ်ပါ။ တကမ္ဘာလုံးမှာ ကျင့်သုံးနေကြတာကြာပါပြီ။ အခုအချိန်မှာ အများအပြားပေါ်နေတဲ့ immunotherapy ဆေးတွေရဲ့ ရလာဘ်ကောင်းတွေကိုလည်းဆွေးနွေးကြပါတယ်။ ကျွန်တော့်စင်္ကာပူဆေးခန်းမှာ ဒီလိုလူနာမျိုးလာရင် ကျွန်တော်က primary physician အနေနဲ့ တခြားလိုအပ်တဲ့ specialist (surgeon, anaesthetist, oncologist, interventional radiologist) တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး လူနာအတွက်အကောင်းဆုံးဖြစ်မဲ့ကုသမှုကို လူနာနဲ့ဆွေးနွေးပြီးမှ ဆုံးဖြတ်ကြပါတယ်။

ဒီလို conference တွေမှာ specialist တွေလာပြီး ဆွေးနွေးကြတာတွေကို သင်ယူလေ့လာရတာ အလွန်အကျိုးများပါတယ်။ talk တိုင်း အပြီးမှာ အခုလို research တွေလုပ်၊အချင်းချင်းဆွေးနွေးတိုင်ပင်ကြတာဟာ မိမိတို့ကုသနေတဲ့ လူနာတွေရဲ့ ကုသမှုရလာဘ်ပိုကောင်းဘို့အတွက်ဖြစ်ကြောင်း ပြောတာကြားရတာ အလွန်ကြည်နူးအားရမိပါတယ်။ ကျွန်တော့်အနေနဲ့အခုလို တဆင့်ပြန် share ရတာကိုလည်း ကျေနပ်မိပါတယ်။ topic တခုချင်းဆီကို နောက်မှ အသေးစိတ်ရေးပါ့မယ်။

ဝေဒနာရှင်များ မိမိရဲ့ရောဂါအကြောင်းကို ပိုသိအောင် လေ့လာနိုင်ကြပါစေ။ ရောဂါပျောက်ကင်းအောင် (သို့မဟုတ်) သက်သာအောင် ကျွမ်းကျင်ပြီး စေတနာထား ကုသပေးတဲ့ ဆရာဝန် ၊ ဆေးရုံဆေးခန်းတွေမှာ ကုသနိုင်တဲ့ အခွင့်အရေးတွေရကြပါစေ လို့ ဆုတောင်းပေးပါတယ်။

ဒေါက်တာသွင်မောင်အေး
MBBS(Yangon), MRCP (UK), FRCP (Edinburgh), FAMS Gastroenterology (Singapore)
အစာအိမ်၊အူလမ်းကြောင်း၊အသည်းရောဂါ အထူးကုသမားတော်
Thwin’s Liver & Gastro Clinic, Gleneagles Hospital & Medical Centre,
စင်္ကာပူနိုင်ငံ

Address

Holland Village

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Alerts

Be the first to know and let us send you an email when Thwin's Liver & Gastro Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thwin's Liver & Gastro Clinic:

Share

Category